News

POST TYPE

SATIRE

စီးယူအပ်သည် ဂွမ်း
09-Oct-2016
ခေတ်ကြီးသည် ပြောင်းလဲနေ၏။ နိုင်ငံတကာမှ ပိတ်ထားသော တံခါးများလည်း တစ်ချပ်ပြီးတစ်ချပ် ပွင့်လာနေပြီ။ နှစ်ပေါင်း အနည်းငယ် အတွင်းတွင်ပင် မြန်မာနိုင်ငံ၌ ခရိုနီ မဟုတ်သော လူငယ်မီလျံနာများ အလျှိုလျှို ပေါ်လာကြသည်။ ထိုထဲတွင်မှ မြန်မာနိုင်ငံတွင် နှစ်အနည်းငယ်နှင့် မီလျံနာ သူဌေးဖြစ်ခဲ့သော လူငယ် တစ်ဦးအကြောင်း စာရေးသူ ရေးသားချင်ပါသည်။ တိုးတက်လိုစိတ်ရှိသူ မြန်မာ လူငယ်များအတွက် ထိုလူငယ်၏ စီးပွားရေးအမြင်များကို အတုယူနိုင်ရန် ရည်ရွယ်ပါသည်။

ဆော့ဝဲသူဌေး ဘီဂိတ်၊ အိုင်တီသူဌေး စတိဂျော့၊ ရေနံသူဌေး အေဗရာမိုဗစ် စသည်ဖြင့် နိုင်ငံတကာတွင် ရှိလေ၏။

စာရေးသူတို့ နိုင်ငံတွင်လည်း သစ်သူဌေး၊ ဝါး သူဌေးကြီးများ၊ ဖားသူဌေးကြီးများ ရှိကြသည်။ ထိုလူငယ်ကား သူတို့နှင့်မတူ။ သူတို့ထက် တီထွင်ဉာဏ်၊ စီးပွားရေးဉာဏ် ဖွင့်သန်သူဖြစ်သည်။ သာမန်မျှသာ ဖြစ်သော ထိုလူငယ်၏ စွန့်ဦးတီထွင် အကြံအစည်အစသည် သူတို့ရပ်ကွက်ထိပ် ကိုမျိုး ဘီအီးဆိုင်မှ စသည်။

တိုးတက်လိုသော လူငယ်ဖြစ်သည့် အားလျော်စွာ လူငယ်သည် ညနေစောင်းတိုင်း ဘီအီးဆိုင်တွင် ထိုင်၏။ ဘီအီးဆိုင်တွင် ကျန်းမာရေး အလို့ငှာ အရက်ဖြူ တစ်လုံးကို သောက်ကာ အလကား ဖတ်ရသော သတင်းစာ တစ်စောင်ကို ဖတ်ရှု လေ့လာ၏။

တစ်နေ့တွင် သတင်း တစ်ပုဒ်ကို လူငယ် ဖတ်ရှု မိလေသည်။ မြန်မာပြည်၏ အထင်ကရ အထိမ်းအမှတ် တစ်ခုဖြစ်သော လော်စပီကာကြီး တစ်ခု၏ပလပ်ကို ဆွဲဖြုတ်မိသဖြင့် ဟော်လန်နိုင်ငံသား တစ်ဦး ထောင်ဒဏ် ချခံရသည်ဟူသည့် သတင်း။

လူငယ်ကား ထိုသတင်းကို အသေးစိတ် ဖတ်သည်။ ထို့နောက် စဉ်းစားခန်း ဝင်၏။ ဒီအတိုင်းဆို မြန်မာနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ထိခိုက်ပေတော့မည်။ လော်သံနှင့် ဟော်လန် ဇာတ်လမ်းကို ကြားရသူ နိုင်ငံခြားသားတို့က မြန်မာ့လော်ကို ကြောက်ကြရော့မည်။

မြန်မာပြည်တွင်လည်း လော်သည် မရှိမဖြစ်။ လော်သည် သာသနာတော်အတွက် အထောက်အပံ့ တစ်ခု။ လော်မရှိလျှင် အဖော် မရှိသလို မြန်မာလူမှုဘဝ အထီးကျန်ရော့မည်။ နိုင်ငံခြားသားတို့ လော်မကြောက်စေသည့် ကိရိယာ တစ်ခုကို တီထွင်ရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် အောင်မြင်မှု ပန်းတိုင်သို့ သွားရာ ခြေတစ်လှမ်းသည် ဘီအီးဆိုင်ထဲ သတင်း စာဖတ်ခြင်းဖြင့်ပင် စတင်နိုင်ကြောင်း နှောင်းလူငယ်တို့ သတိချပ်သင့်သည်။

လူငယ်သည် လော်သံခံ ကိရိယာကို တီထွင်ပြီးသောအခါ ရပ်ကွက်ထဲမှ တိုးရစ်ဂိုဒ် အောင်ပန်ဆိုသူထံ သွားကာ ကြော်ငြာ စာသားများအား ဘိုလို ရေးပေးရန် အကူအညီ တောင်း၏။ ထို့အတွက် ဂရန်းရွိုင်ရယ် ဝီစကီ တစ်ပြားနှင့် ဝက်သားသုပ် တစ်ပွဲ ရင်းနှီးခဲ့သည်။

ထို့ကြောင့် အမြင့်သို့ လှမ်းချီမည့် လူငယ်တစ်ဦး အနေနှင့် ကိုယ့်လမ်းကြောင်းပေါ်မှ အထောက်အပံ့ကောင်းများ ဘာကြိုက်တတ်သည်ကို သိတတ်ရန်လည်း အရေးကြီးကြောင်း နှောင်းလူငယ်တို့ သတိချပ်သင့်သည်။

ယင်းနောက် လူငယ်သည် သူတီထွင်ထားသော လော်ခံ ကိရိယာကို မူပိုင်ခွင့်ဆိုင်ရာ ဥပဒေဖြင့် မှတ်ပုံတင်၏။ သူ့ကိရိယာနှင့် ပုံစံတူ လိုက်လုပ်ပါက တရားစွဲမည်ဟု သတင်းစာမှ ကြေညာ၏။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံခြားသားတို့အား လက်ကမ်း ကြော်ငြာတို့နှင့်အတူ လိုက်ရောင်း၏။ သူ တီထွင်လိုက်သည့် ပစ္စည်းကား ထွေထွေထူးထူး မဟုတ်။ စက်မှု(၁)မှ ထုတ်သောဂွမ်းဖြင့် ပြုလုပ်ထားသော နားအဆို့များပင် ဖြစ်သည်။

ဓာတ်ဘူးထိပ်များတွင် ဆို့သော သစ်သားအဆို့လေးကို အတုယူကာ ဂွမ်းထောင့်လေးများကို မာအောင် ပြုလုပ်ပြီး နားဝတွင် ဆို့လို့ရစေရန် ပြုပြင်ယူထားခြင်း ဖြစ်၏။

နဂိုကမှ မြန်မာ့လော်သံကို ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရသော နိုင်ငံခြားသားတို့မှာ လူငယ်၏ ကုန်ပစ္စည်းများကို အလုအယက် အားပေးကြ၏။ တချို့ နိုင်ငံခြားသားများမှာ လူငယ်ကို အထင်သေးသဖြင့် မဝယ်ဘဲ ထွက်သွားကြသည်လည်း ရှိသည်။ သို့သော် သူတို့သည်လည်း နောက်ဆုံး လူငယ်ရှိရာ ပြန်လှည့်လာရစမြဲ။

မင်္ဂလာဒုံ လေယာဉ်ကွင်း ကျော်ပြီး ဆယ်မိုင်ကုန်းမှ အလှူခံ မဏ္ဍပ်ထိပ် ရောက်သည်နှင့် ကားကို ချက်ချင်း ပြန်လှည့်ကာ လူငယ် ရောင်းသော ကိရိယာကို အလုအယက် ဝယ်ကာ နားတွင် ဆို့ကြ၏။ မကြာမီ နိုင်ငံခြား ခရီးသွား ကုမ္ပဏီများသည် လူငယ်ထံ ချိတ်ဆက် လာကြပြီး လော်ခံဂွမ်းများကို အလုအယက် မှာယူကြသည်။

ကုမ္ပဏီ၏ ကြော်ငြာများတွင် မြန်မာပြည် ခရီးစဉ်တွင် လော်ခံဂွမ်းများ အသင့်ပါသည့် ဝန်ဆောင်မှုကို ထည့်သွင်း ကြော်ငြာကြ၏။

ခရီးသွား ကုမ္ပဏီများသာမက လေကြောင်းလိုင်းများကလည်း မြန်မာပြည်သို့ ပျံသန်းမည့်ခရီးစဉ်တွင် လော်ခံဂွမ်းများကို အထူး ဝန်ဆောင်မှု အနေနှင့် ဝေပေးကြ၏။ နိုင်ငံခြားသားများတင်မက ပြည်တွင်းတွင်လည်း လော်ခံဂွမ်း ဖောက်သည်များ အခိုင်အမာ ရလာ၏။

အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် အမတ်များပင် အားပေးကြသည်အထိ ဖြစ်လာသည်။ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ အားပေးကြသည်မှာ အကြောင်းရှိ၏။

အာဏာရ ပါတီကြီးမှ လူကြီးများက ပါတီဝင် လွှတ်တော်အမတ်များကိုခေါ်ကာ အစိုးရကို အကျပ်တွေ့စေမည့် မေးခွန်းများ လွှတ်တော်တွင် မမေးရန် ပြောကြားသည်ဟု ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် ဆိုသည်မှာ ပြည်သူက တင်မြှောက်ထားခြင်း ဖြစ်သဖြင့် ပြည်သူလူထု အသံ၊ ပြည်သူ၏ အခက်အခဲကို တင်ပြရမည်မှာ သူ့တာဝန် ဖြစ်သည်။

အစိုးရက အကျပ်တွေ့သည် မတွေ့သည်က သူ့ကိစ္စမဟုတ်။ အကျပ်အတည်းကို ဖြေရှင်းပေးရမည်က အစိုးရအလုပ်။ ဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ ပြဿနာ တက်တော့သည်။ ပြည်သူတွေကြား ကြုံနေရသည့် အခက်အခဲ၊ နစ်နာမှု အားလုံးက အစိုးရ အကျပ်တွေ့စေမည့် ကိစ္စတွေချည်း။

နောက်ဆုံးတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးများလည်း ပြည်သူ့အသံ မကြားရအောင် ပြည်သူကြား ဆင်းသည့်အခါ လော်ခံဂွမ်းများ ဝယ်ယူကာ နားတွင် ဆို့ထားရတော့သည်။

လွှတ်တော်အမတ်များတင်မဟုတ်။ အစိုးရ အဖွဲ့မှ ဝန်ကြီးများကလည်း လွှတ်တော်တွင် မေးသည့် မေးခွန်းများကို မကြားနိုင်အောင် လော်ခံဂွမ်းများ ဝယ်ဆို့ထားလိုက်တော့၏။

နောက်တစ်ဖန် လွှတ်တော်ဥက္ကဋ္ဌကြီးမှ အစိုးရ အဖွဲ့ဝင်တို့၏ ပိုင်ဆိုင်မှုကို မကြေညာသင့်ကြောင်း၊ ကြေညာမိလျှင် လူဆိုးလူမိုက်များ ကြားသွားပါက ဓားပြ တိုက်မည်၊ လုမည်ကို စိုးရိမ်သည်ဟု ဆိုပြန်သည်။

ယခင် အဘဟောင်းများ အစိုးရတုန်းက ပိုင်ဆိုင်မှု မကြေညာသဖြင့် ဝေဖန်ခဲ့သူ အပေါင်းမှာ ယခုအစိုးရမင်းများကို ပိုင်ဆိုင်မှု စာရင်း ချပြရန် မပြောရဲတော့။ ပြောလျှင် ဓားပြမှု၊ လုယက်မှုများကို အားပေး ကူညီသူများ ဖြစ်တော့မည်။

အစိုးရမင်းများကလည်း သူတို့ ပိုင်ဆိုင်မှုကို လူဆိုးသူခိုးများ ကြားသွားမည်ကို အလွန် စိုးရိမ်နေဟန်ရှိသည်။ နောက်ဆုံး အရှုပ်အရှင်း ပြဿနာ များလာသောအခါ အစိုးရ မင်းများ၏ ပိုင်ဆိုင်မှုကို လူဆိုး သူခိုးများ မကြားစေရန် ပြည်ထဲရေး ဝန်ကြီးဌာနမှ လူဆိုးမှတ်တမ်းရှိသူ အားလုံး၏ နား နှစ်ဖက်ကို လော်ခံဂွမ်းများ လိုက်ဆို့ပေးရန် စီမံချက် ဆွဲရတော့၏။ ထိုသို့နှင့် လော်ခံဂွမ်းမှာ မြန်မာပြည်အဝန်း အောင်မြင်သော ကုန်ပစ္စည်း တစ်ခုဖြစ်လာသည်။ အမှာများတက်သဖြင့် လူငယ်သည် စက်ရုံကြီးများဆောက်ခါ လော်ခံဂွမ်းများ အများအပြား ထုတ်လုပ်ရသည်။

နိုင်ငံတကာမှလည်း ကုမ္ပဏီ အစုရှယ်ယာများကို အလုအယက် ဝယ်ကြပြီး လူငယ်မှာ အောင်မြင်သော စီအီးအိုလူငယ် မီလျံနာ တစ်ယောက် ဖြစ်လာသည်။

ယခု ရေးသားခဲ့သည်ကား မောင်ဗြိနှင့် မယားများ လော်ခံဂွမ်း ကုမ္ပဏီအုပ်စုမှ စီအီးအိုလူငယ် မီလျံနာ ဦးမောင်ဗြိ၏ စီးပွားရေး စွန့်စားခန်းများပင်ဖြစ်၏။

လော်ခံဂွမ်း ကုမ္ပဏီ အောင်မြင်ပြီးသည့်နောက် ယခုနောက်ဆုံး ဦးမောင်ဗြိ၏ စီးပွားရေးနောက်ခြေ တစ်လှမ်းကား အဘယ်နည်း။

ဦးမောင်ဗြိသည် နယ်ဒေသ အသီးသီးမှ ဆိုင်ကယ် အဖြုတ်အတပ်၊ အပြင်အဆင် ကျွမ်းကျင်သည့် လူငယ်များကို လစာ ကောင်းကောင်း ပေးပြီး ခေါ်ယူနေသည်။ သော့ဖြုတ်၊ သော့ဖွင့်၊ သော့ပြင် ကျွမ်းသော သော့ ကုလားများကိုလည်း လစာ ကောင်းကောင်း ပေးကာ အလုပ် ခန့်နေသည်။

မြန်မာပြည်အနှံ့မှ ဆိုင်ကယ် သူခိုးများကိုလည်း လစာ ကောင်းကောင်း ပေးမည်ဟုခေါ်ကာ စည်းရုံးနေ၏။ ဦးမောင်ဗြိ ဘာအတွက် ထိုသို့ ရင်းနှီးမြှုပ်နှံနေသနည်း။

အဖြေကား ဦးမောင်ဗြိ၏ စီးပွားရေးခြေလှမ်း အစဖြစ်သည့် သတင်းစာလေးထဲတွင်ပင် ရှိသည်။

“ရန်ကုန်တွင် မကြာမီ ဆိုင်ကယ်များ တရားဝင် စီးနင်းခွင့်ပြုတော့မည်”

အမြော်အမြင် ကြီးမားလှသည့် မြန်မာ့မီလျံနာ လူငယ်လေး မောင်ဗြိ၏ နောက်ထပ် တိုးချဲ့မည့် စီးပွားရေးကား မည်သည့် အရာဆိုသည်ကိုတော့ ခန့်မှန်းကြည့်ကြရုံသာ။

စီးယူအပ်သည် ဂွမ်း။ 

ဗြိတိသျှကိုကိုမောင်


  • VIA