News

POST TYPE

SATIRE

နိုင်ငံပိုင်မီဒီယာ စွမ်းဆောင်ရည်လိုအပ်ချက် များစွာရှိနေသည်ကိုဝန်ခံကြောင်း ပြန်ကြားရေးဝန်ကြီးဆို
07-Sep-2018
နေပြည်တော်၊ စက်တင်ဘာ ၆

လွမ်းခြုံပြောရမည်ဆိုပါက နိုင်ငံပိုင်မီဒီယာ (မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ) တို့၏ စွမ်းဆောင်ရည်မှာ လိုအပ်ချက်များစွာ ရှိနေသည်ကို ဝန်ခံကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဦးဖေမြင့်က ပြောကြားလိုက်သည်။

ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက နိုင်ငံပိုင်မီဒီယာသည် အားနည်းချက်များ များစွာဖြစ်နေပြီး ကြော်ငြာများစွာကို ရယူထားခြင်း၊ နိုင်ငံ့ဝန်ထမ်းနှင့် လုပ်ဆောင်နေသော်လည်း သန်းပေါင်းများစွာ အရှုံးပြနေသည်ကို ရှင်းလင်းစွာ သိလိုကြောင်း စက်တင်ဘာ ၄ ရက်က ထောက်ပြခဲ့ခြင်းအပေါ် ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် လာရောက်ရှင်းလင်းရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန (သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း) သည် ယခုနှစ်တွင် သုံးစွဲမည့်ငွေမှာ ကျပ်၂၁ ဒသမ ၅၃၁ ဘီလီယံ ဖြစ်ပြီး ဝင်ငွေမှာ ကျပ်၂၀ ဒသမ ၃၇၄ ဘီလီယံ ဖြစ်သောကြောင့် ၁ ဒသမ ၁၅၈ ဘီလီယံ ( ကျပ်သန်း ၁၁၅၇ ဒသမ ၅၇၇) အရှုံးပြမည်ဟု လွှတ်တော်သို့ ခန့်မှန်းခြေ တင်ပြထားခြင်းဖြစ်သည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည် ၂၀၁၁-၁၂ မှ ၂၀၁၈ ခုနှစ် ပထမ ၆ လပတ်အထိ အရှုံးပေါ်ခြင်းမရှိသော်လည်း ယခုလာမည့်နှစ်တွင် နိုင်ငံခြားငွေ ကြေးလဲလှယ်နှုန်း မြင့်တက်ခြင်း၊ သတင်းစာရိုက်နှိပ်သည့် စက္ကူ ၊ မင်အပါအဝင် ကုန်ကြမ်းများ ဈေးတက်လာခြင်း၊ အွန်လိုင်းမီဒီယာ အသုံးပြုမှုများလာပြီး ပုံနှိပ်မီဒီယာမှာ ကြော်ငြာထည့်သွင်းမှု လျော့နည်းလာခြင်းတို့ကြောင့် ဝင်ငွေကျဆင်းမည်ဖြစ်ကြောင်း ဒေါက်တာဖေမြင့်က ဆိုသည်။

ဝန်ကြီးဌာနအနေဖြင့် သတင်းစာများကို ငွေကြေးအမြတ်အစွန်းရရှိခြင်းထက် ပြည်သူလူထုထံ ဈေးနှုန်းချိုသာစွာဖြင့် ရောက်ရှိရေး၊ အများပြည်သူကို သတင်းအချက်အလက်များ ပြည့်ဝစွာရရှိရေးကို အလေးထားဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ၎င်းက ဖြေကြားသော်လည်း နိုင်ငံပိုင်သတင်းစာများသည် ပြည်သူလူထုအတွင်း စိတ်ဝင်စားသည့်သတင်းများ (ဥပမာ-အစိုးရအဖွဲ့အစည်းတို့၏ အားနည်းချက်ကို ဖော်ပြမှု၊ နှစ်လောင်းမှ လေးလောင်းအထိ အပြိုင်သတ်ခံရမှု၊ လက်ရှိဖြစ်ပေါ်ဆဲဖြစ်သည့် နိုင်ငံတကာက စိတ်ဝင်စားသော ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ချခံရသည့် သတင်းများ) ကို ပြည့်စုံစွာဖော်ပြခြင်း မရှိပေ။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း အရှုံးပေါ်မည့်ကိစ္စကြောင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေရန် ကျေးလက်ဒေသများသို့ သတင်းစာရောက်ရှိအောင် ဆောင်ရွက်ခြင်း (စောင်ရေတိုးမြှင့်ရေး)၊ အသုံးစရိတ်များ လျော့နိုင်သမျှ လျော့နည်းစေရန် စိစစ်ဆောင်ရွက်ခြင်း၊ ကြော်ငြာဝင်ငွေအတိုင်း အတာတစ်ခုထိ တိုးတက်အောင်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းနှင့် အကောက်အခွန် ၃ ရာခိုင်နှုန်းသက်သာခွင့်ရရှိမည် ဖြစ်သောကြောင့် လက်ရှိခန့်မှန်းထားသည့် အရှုံးပမာဏထက် ကျဆင်းသွားဖွယ်ရှိကြောင်း ဝန်ကြီးက ပြောသည်။

နိုင်ငံပိုင်မီဒီယာ သို့မဟုတ် မြန်မာ့မီဒီယာသည် မူလကတည်းက အစိုးရနှင့် ပြည်သူကြား ဆက်သွယ်ပေါင်းကူးပေးရန် ရည်ရွယ်တည်ဆောက်ခဲ့ကြခြင်းကြောင့် ကမ္ဘာကို ထိုးဖောက်နိုင်ခြင်းမရှိခြင်း ဖြစ်ကြောင်း၊ ကမ္ဘာကို ထိုးဖောက်မည်ဆိုပါက မီဒီယာဆိုင်ရာ အခြေခံအဆောက်အဦများ၊ လူသားအရင်းအမြစ်များ၊ ငွေကြေးနှင့် အချိန်ကာလ လိုအပ်ကြောင်း ဝန်ကြီးက ဆိုသည်။ 

S-01


  • VIA