News

POST TYPE

SATIRE

လားရှိုး- နမ္မတူလမ်းရှိ အီနိုင်းကျေးရွာတွင် ရေကြီး၍ လူတစ်ရာကျော်ပြောင်းရွှေ့
03-Sep-2018
လားရှိုး၊ စက်တင်ဘာ ၃ 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လားရှိုး- နမ္မတူလမ်းပေါ်ရှိ အီနိုင်းကျေးရွာတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး နေအိမ်များ ရေဝင်ရောက်နေခြင်းကြောင့် နေအိမ် ၂၈ လုံးမှ လူတစ်ရာကျော်သည် အီနိုင်း ကျေးရွာဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ ခိုလှုံနေရကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

လက်ရှိတွင် ရေဘေးသင့်နေအိမ်များသို့ ထမင်းထုပ်များကို လိုက်လံဝေငှလျက်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အချို့နေရာတွေမှာ ရေက ရှစ်ပေလောက်ရှိနေတယ်။ လူတွေလည်း အသွား အလာ မလုပ်နိုင်ကြဘူး။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေက ကူညီကယ်ဆယ်ရေး လုပ်နေကြပါတယ်”ဟု အီနိုင်းကျေးရွာမှ ရပ်ကျေးစာရေးဖြစ်သူ ဒေါ်ကေသီက ဆိုသည်။

မိုင်းယော်- မိုင်းကြက်- နားဖကျေးရွာများသို့ သွားလာသည့် လမ်းမများပေါ်တွင် ရေကျော်နေပြီး ယာဉ်အသွားအလာ ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

“မိုးက အခုလည်း ရွာနေတုန်းပဲ။ ရေကတိုးလာဦးမှာပဲလို့ ထင်တယ်။ မိုးတိတ်ပြီးရင်လည်း တောင်ကျရေက ကျလာဦးမှာ။ ၂ရက်နေ့ကစပြီး မိုင်းယော်ကျေးရွာဘက် ယာဉ်အသွားအလာ မရှိတော့ပါဘူး၊ လူတွေကိုတော့ တပ်နဲ့မီးသတ်က၊ ပရဟိတအဖွဲ့တွေက အသက်ကယ်လှေတွေနဲ့ ကူးပေးနေတယ်”ဟု လားရှိုးမြို့ရှိ ရွှေလှိုင် ပရဟိတလူမှုကူညီရေးအသင်းမှ ဦးစိုင်းဟန်က ပြောဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လမ်းမများပေါ် ရေတက်လာခြင်းဖြစ်ပြီး နမ့်ယော်ချောင်းတစ်လျှောက် အနိမ့်ပိုင်းရှိ နေအိမ်များနှင့် လမ်းဘေးနေအိမ်များတွင် ရေဝင်ရောက်ခြင်းရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။

လားရှိုး-နမ္မတူသွားလမ်းပေါ်ရှိ အီနိုင်းကျေးရွာလမ်းပေါ်တွင်လည်း စက်တင်ဘာလ ၃ ရက်နေ့တွင် ရေကျော်နေခြင်းကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းနိုင်ခြင်း မရှိတော့ကြောင်း၊ အဆိုပါလမ်းမှာ နမ္မတူမြို့မှ နမ့်ဆန်မြို့များသို့ ဆက်သွယ်သွားလာနိုင်သည့် လမ်းအပိုင်းဖြစ်ပြီး နေ့စဉ် ပုံမှန်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် မှန်လုံယာဉ် အစီးရေ ၂၀၀ ခန့် ဖြတ်သန်းသွားလာနေသည့် လမ်းအပိုင်းဖြစ်သည်။

“လားရှိုး- နမ္မတူသွားလမ်းဘက်က ရေကျော်နေတော့ သီပေါဘက်က ပတ်သွားလို့ ရပါတယ်။ ကျောက်မဲ-သီပေါတို့ဘက် ပတ်သွားလို့ရပါတယ်။ ခရီးနည်းနည်းတော့ ပိုတာပေါ့”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

နမ္မတူမြို့နယ်၊ အီနိုင်းကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်အတွင်းကလည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် အီနိုင်ကျေးရွာမှ ဒေသခံ ၃၀၀ကျော်မှာ ရေလွတ်ရာသို့ သုံးရက်ကြာ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ 

R-07