News

POST TYPE

SATIRE

မန္တလေးကို ဘယ်သူကယ်မှာလဲ
02-Sep-2018 tagged as

ဒီကိစ္စ ငြိမ်နေလို့တော့ မဖြစ်။ တစ်ခုခု လုပ်ပေးရမည်။ နို့မို့ဆို မန္တလေးသားတွေ အပြင်မထွက်ရဲပဲဖြစ်နေမည်။ မန္တလေးမှာ နေ့ရောညရော လုယက်နေကြတာကိုး။ အရင်ကဆို ပစ္စည်းလုရုံပဲ လုသည်။ အခုတော့ လုရတာကို အားမရတော့...။ ဓားတွေနဲ့ပါခုတ်၊ သေနတ်တွေနဲ့ပါ ပစ်လာကြသည်။ 

အခုဆို ရန်ကုန်တောင် မန္တလေးကို မယှဉ်နိုင်တော့...။ အရင်ကဆို အစစအရာရာမှာ ရန်ကုန်ကသာနေတာ။ အခုတော့ လုယက်ဓားခုတ်မှာ မန္တလေးက ရန်ကုန်ထက်သာသွားပြီ။ ဆိုးပါသည်ဆိုတဲ့ သာကေတ သားတွေတောင် မန္တလေးကိုမသွားရဲ။ ကြောက်လည်း ကြောက်စရာကိုး။ ဘယ်က ထွက်လာမှန်းမသိသည့် ဆိုင်ကယ်နဲ့ နောက်ကနေ ဓားနဲ့ခုတ်သွားရင် ဘယ်လိုလုပ်မတုံး။ ဆိုင်ကယ်က ဒီအတိုင်းစီးရင်တောင် အန္တရာယ်ရှိနေတာ။ ဓားနဲ့ပါခုတ်တော့ ပိုဆိုးပေါ့။ 

စိုပြေ့သူငယ်ချင်း မန္တလေးသားလူမိုက်ကြီးတွေလည်း ငြိမ်နေကြသည်။ အပြင်တောင် သိပ်မထွက်တော့ဟု ကြားရ၏။ အပြင်ထွက်ရင်လည်း အဖော်လေးနဲ့မှ ထွက်တော့သည်။ အရင်ကဆို အွန်လိုင်းပေါ်မှာ ဟိုလူ့ကိုဖြဲလိုက်၊ ဒီလူ့ကို ဆဲလိုက်နှင့်။ အခုဆို အွန်လိုင်းပေါ်မှာတောင် “မင်္ဂလာမနက်ခင်းလေးပါခင်ဗျာ” ဆိုပြီး ဖြစ်ကုန်သည်။ 

အဲ့လို လူသတ် လုယက် ဓားခုတ်က မန္တလေးတစ်မြို့တည်းဖြစ်နေတာတော့မဟုတ်။ မြန်မာပြည်အနှံ့ ဖြစ်နေခြင်းဖြစ်သည်။ ကျောက်ဆည်မှာဆို ဖုန်းလုပြီး ဓားနဲ့ပါ ထိုးသွားသည်။ ဒါပေမဲ့ မန္တလေးကတော့ အဆိုးဆုံးပေါ့လေ။ လုယက်မှုတွေများတော့ ကိုယ့်ဆိုင်ကယ်ဘေးနားကို အခြားဆိုင်ကယ်ကပ်လာလျှင်တောင် လန့်နေကြသည်။ တစ်ယောက်နဲ့တစ်ယောက်မယုံကြတော့...။ ဘယ်သူကများ လုသွားမလဲ။ ဘယ်သူကများ ရိုက်သွားမလဲ။ အမြဲတွေးနေကြသည်။ 

ဒီအတိုင်းကြာကြာထားလျှင် မန္တလေးမြို့ကြီး ခြောက်ကပ်ပြီး တိတ်ဆိတ်သွားလိမ့်မည်။ ညဘက်လည်း အပြင်မထွက်ရဲ။ နေ့ခင်းဘက်လည်း အပြင်မထွက်ရဲဆို စီးပွားရေးတွေ ပျက်ကုန်လိမ့်မည်။ စီးပွားပျက်လို့ မဖြစ်။ မန္တလေးမှာက တရုတ်တွေများသည်။ တရုတ်တွေ စီးပွားပျက်ရင် ပြဿနာရှိပြီ။ အခုတောင် မြန်မာပြည်က အာဏာပိုင်တွေကို အရေးမယူဖို့ တရုတ်ကြီးက ကာကွယ်ပေးထားတာမဟုတ်လား။ 

စိုပြေ့ သူငယ်ချင်း ကဖိုးသီက ပြောဖူးသည်။ မန္တလေးက တရုတ်တွေ စီးပွားရေးမကောင်းရင် မြန်မာပြည်ကို တရုတ်ကြီးက သိမ်းလိမ့်မည်တဲ့။ သူဆိုလိုတာက မန္တလေးမှာ တရုတ်တွေများသည်။ မန္တလေးမှာ တရုတ်တွေ စီးပွားရေးမကောင်းရင် ပြည်မက တရုတ်ကြီး စိတ်ဆိုးလိမ့်မည်။ စိတ်ဆိုးပြီး မြန်မာပြည်ကိုပါ ဝင်ရောက်သိမ်းပိုက်ရင် တရုတ်လက်အောက် တကယ်ရောက်သွားလိမ့်မည်။ ဒါဆို မြန်မာပြည်ကြီး သူ့ကျွန်ဘဝရောက်လိမ့်မည်ဟု ဆိုခြင်းဖြစ်သည်။ 

မဖြစ်သေး....။ 

ခိုးဆိုးလုနှိုက် ဓားခုတ်ကောင်တွေကြောင့် မြန်မာပြည်ကြီး တရုတ်လက်အောက် အချိန်မရွေးကျရောက်နိုင်သည့် အန္တရာယ်ရှိနေပြီ။ ပေါ့ပေါ့တွက်လို့ မရ။ 

ဒါကြောင့် မန္တလေးမြို့ကြီးကို ကယ်တင်ဖို့လိုသည်။ ဘယ်လိုကယ်မတုံး။ တီဗီမှာလာနေသလို ၁၉၉ ကို ဖုန်းဆက်ပါလည်း လုပ်လို့မဖြစ်။ ၁၉၉ က လာချိန်မှာ အလုခံရသူက ဆေးရုံရောက်နေလောက်ပြီ။ ဦးရဲကြီးတွေ ကြိုတင်ကာကွယ်ရင်ရော...။ ဒါကလည်း မဖြစ်နိုင်လောက်။ ဦးရဲကြီးတွေက အကြားအမြင်ရနေတာမှ မဟုတ်တာ။ 

အကြားအမြင်ရနေရင်တော့... 

“ဘယ်မှာလုတော့မယ်ဟေ့...။ သွားဖမ်းရအောင်” ဆိုပြီး အဆင်ပြေနိုင်လောက်သည်။ ဒါမှမဟုတ် မန္တလေးရဲတပ်ဖွဲ့ကို အကြားအမြင်ရနေသည့် ဆရာတစ်ယောက်လောက် ခေါ်ထားရင်ရော။ ခက်တာက အကြားအမြင်ဆရာတွေလည်း ယုံရတာမဟုတ်။ လုပ်စားတွေများသည်။ 

စီစီတီဗီတွေက စောင့်ကြည့်ရအောင်လည်း သူတို့မှာ လူအင်အားရှိပါ့မလား။ နည်းပညာက အဆင်ပြေပါ့မလား။ အမြဲတမ်း ကင်းလှည့်ပေးမည်ဆိုရင်ရော...။ အဆင်ပြေပါ့မလား...။ စိုးရိမ်ပေးရသည်။ သူတို့ကို အပြစ် မတင်ရဲ။ အပြစ်တင်လိုက်ရင် “လူအင်အားမှ မလောက်တာ၊ လခလေး နှစ်ပဲတစ်ပြားနဲ့ ၂၄ နာရီ လုပ်ရမှာလား” ဟု ပြန်ရန်တွေ့တတ်သည်။ 

မန္တလေးသားတို့ အဆိုအရတော့ ကိုလှရွှေတို့က ပြည့်တန်ဆာအသွင်ယူဖို့နဲ့ ကျုံးဘေးက မိန်းမလျာတွေ ဖမ်းဖို့ကို ပိုမိုကျွမ်းကျင်သည်ဟု ဆိုကြသည်။ ဒါကြောင့် သူတို့ကိုလည်း အားမကိုးတာကောင်းမည်။ အေးအေးသက်သာနေပါစေ။ 

မြန်မာပြည်မှာ နိုင်ငံခြားမှာလို ဆူပါမန်းတို့၊ ပါဝါရိန်းဂျားတို့ ရှိရင်လည်း အကောင်းသား။ မန္တလေးမှာ ကင်းစောင့်ခိုင်းရမည်။ ဆူပါမန်းပါ ရိုက်လုခံရရင် ကျော်မကောင်း ကြားမကောင်းဖြစ်မည်။ 

ဒါဆို ရန်ကုန်က စွမ်းအားရှင်တွေကို အကူအညီတောင်းရင်ရော...။ မန္တလေးမှာလည်း စွမ်းအားရှင်တွေရှိပေမယ့် ရန်ကုန်လောက် မထင်ပေါ်။ လက်ရဲ ဇက်ရဲ သိပ်မရှိ။ ဒီတော့ ရန်ကုန်ကကြေးစား စွမ်းအားရှင်တွေကို မန္တလေးက လမ်းတိုင်းမှာချထား...။ လုတဲ့လူကို ရိုက်ဖမ်း...။ စခန်းပို့။ ဒါလည်း သိပ်တော့ မဖြစ်နိုင်။ မန္တလေးသားတွေက ရန်ကုန်သားတွေကို သိပ်ကြည်တာမဟုတ်။ ရန်ကုန်ယူနိုက်တက် ဘောလုံးလာကန်တုန်းက ပါလာသည့် ပရိသတ်တွေကိုတောင် လမ်းမှာစောင့်ပြီး ခဲနဲ့ထုတာ။ စွမ်းအားရှင်တွေပါ အစရှာမရဘဲ ဖြစ်သွားနိုင်သည်။ 

နောက်ဆုံးကြံရာမရလျှင်တော့ ထုံးစံအတိုင်း စစ်တပ်ကို တာဝန်ပေးပေါ့။ ဒါပေမဲ့လည်း အဆင်ပြေပါ့မလားတော့မသိ။ အခုခေတ်က ဖေ့စ်ဘွတ်ခ်သတင်းကြည့်ပြီး လိုက်ဖမ်းသည့်ခေတ်မဟုတ်လား။ စစ်သားတွေကို  ဖေ့စ်ဘွတ်ခ်က ဘန်းထားလို့ မသုံးရလျှင် ဘယ်မှာ ဘာဖြစ်နေမှန်း သိကြမည်မဟုတ်။ 

ပြီးတော့...။ စစ်တပ်မှာကလည်း တပ်သားတွေ နည်းနေသည်ဟု ကြားရသည်။ ဒါဆို စစ်ဗိုလ်တွေ ကိုယ်တိုင် ကင်းစောင့်ရမည်။ စစ်ဗိုလ်တွေ ကင်းစောင့်တော့ အပွင့်လေးတွေပါမည်။ ညဘက်မှာ အပွင့်လေးတွေက တလက်လက်နဲ့ ရွှေထင်ပြီး ဝိုင်းလုကြလျှင် စစ်ဗိုလ်ပါ အပွင့်ပျောက်နိုင်သည်။ ဒါတင်မက... စစ်တပ်ပါရင် သေနတ်ပါ ပါလာမှာမို့...။ သေနတ်တွေကိုပါ လုသွားရင်တော့ ခက်ပြီ။ ဒါတင်မကသေး...။ စစ်တပ်က မြို့ထဲမှာ လုံခြုံရေးယူနေတုန်း မန္တလေးနန်းတော်ထဲဝင်ပြီး လက်နက်တိုက်ဖောက်သွားရင် သွားပြီ။ အဲ့တော့ စစ်သားတွေလည်း အေးဆေးနေပါစေလေ။ 

တကယ်တော့...။ မန္တလေးသည် ဘာသာတရား ကိုင်းရှိုင်းသည့်မြို့။ ဘုန်းကြီးကျောင်းအများအပြားရှိသည့်မြို့။ စာချစာသင် အများဆုံးမြို့မဟုတ်ပါလား...။ မန္တလေးက ဆရာတော်တွေကလည်း ပြည်သူတွေ ဒုက္ခရောက်ရင် အငြိမ်မနေတတ်။ ဝိုင်းဝန်းကူညီတတ်သည်။ မီးလောင်၊ ရေကြီး ဘုန်းဘုန်းတို့ ရှေ့တန်းက ပါသည်။ 

အဲ့တော့ မန္တလေးလုံခြုံရေးအတွက် ဘုန်းဘုန်းတွေကို အကူအညီတောင်းရမည်။ မြို့ကြီးမလုံခြုံလို့ စီးပွားရေးမကောင်းရင် ဘုန်းဘုန်းတွေပါ ဆွမ်းကွမ်းခက်ခဲမှာ မဟုတ်လား...။ ဒါကြောင့် ဘုန်းဘုန်းတွေကလည်း ငြင်းမှာမဟုတ်။ ပြီးတော့ ဘုန်းဘုန်းတွေက လက်သံလည်းပြောင်သည်။ ကာယဗလနဲ့လည်း ပြည့်စုံသည်။ ဒီတော့ ခိုးဆိုးလုနှိုက်သမားတွေဟာလည်း မြန်မာပြည်သားတွေပဲမို့ ဘုန်းဘုန်းတွေကို ကြောက်မှာ သေချာသည်။ မြန်မာပြည်က ဘုန်းကြီးဆိုရင် ဘာကြီးဖြစ်နေနေ လေးစားပြီးသားမဟုတ်လား။

ဒီတော့ ဘုန်းဘုန်းတွေကို မန္တလေးမြို့အနှံ့မှာ လုံခြုံရေးအတွက် နေရာချထား။ ဆွမ်းကွမ်းအတွက်ကတော့ ပြည်သူပဲ တာဝန်ယူ။ လက်နက်ကတော့ ဘုန်းဘုန်းတို့အကြိုက်ထားဝယ်ကြိမ်လုံးပေါ့။ ခိုးဆိုးလုနှိုက်လုပ်လို့ကတော့ ဘုန်းဘုန်းတွေ ဝိုင်းသာသမလိုက်...။ ဒါဆိုရင်တော့ မန္တလေးမြို့ကြီး အေးချမ်းသွားလိမ့်မည်။ 

ဒါကြောင့် ဆရာတော်တို့ထံ မနှေးအမြန်သွား ရောက်ပြီး...။ 

“မန္တလေးမြို့ကြီးကို ကာကွယ်ဖို့ တောင်းပန်လျှောက်ထားကြကုန်လော့... အသင်မန္တလေးသား အပေါင်းတို့...”

စိုပြေ

  • TAGS