News

POST TYPE

SATIRE

ရေကြီးရေလျှံမှုများ လျော့နည်းပပျောက်စေရေး အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရကိုတိုက်တွန်း
23-Aug-2018

စစ်တွေ၊ သြဂုတ် ၂၃

မြန်မာနိုင်ငံတွင် နှစ်စဉ်နီးပါးဖြစ်ပေါ်နေသော ရေကြီးရေလျှံမှု ဘေးဒုက္ခဆိုးများ လျော့နည်းပပျောက်စေရေးအတွက် လိုအပ်သောစီမံကိန်းများကို နည်းလမ်းပေါင်းစုံဖြင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က တိုက်တွန်းကြောင်း အဆိုတင်သွင်းသည်။

သြဂုတ်လ ၂၃ ရက်တွင် ကျင်းပသော ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့သည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် မိုးကာလအတွင်း မုန်တိုင်းနှင့် မုတ်သုန်လေအားကောင်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကြောင်း၊ ယင်းကြောင့် ပြည်သူများ ကြီးမားသော ဆုံးရှုံးမှုတို့ကို ကြုံတွေ့ရကာ လူမှုစီးပွားဘဝ ဆုတ်ယုတ်သွားကြပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးမှုများကိုပါ တိုက်ရိုက်ထိခိုက်ကျဆင်းစေကြောင်း ၎င်းကဆိုသည်။

“နိုင်ငံတော်အစိုးရအနေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ မူဝါဒတွေ ချမှတ်ထားပေမယ့် လက်တွေ့ကျကျ ဆောင်ရွက်နိုင်တာ အားနည်းနေတာတွေဟာ သဘာဝဘေး ဒုက္ခဆိုးတွေကို ဆက်လက်ခံစားကြရမယ့် ပြည်သူလူထုကို လျစ်လျှုရှုထားသကဲ့သို့ ဖြစ်လာနိုင်တယ်”ဟု ဦးဇော်ဇော်မြင့်က ထောက်ပြသည်။ 

မြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင်ကောင်းများ ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းရန်လိုအပ်နေပြီး ရေကြီးရေလျှံမှုကို တားဆီးကာကွယ်ရန် တောင်ပေါ်တွင် သစ်ပင်များစိုက်ပျိုးခြင်း၊ တိမ်ကောနေကြသော မြစ်ချောင်များကို ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

ယင်းအဆိုနှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်နယ်လွှတ်တော်၌ လက်ခံဆွေးနွေးရန် သဘောတူဆုံးဖြတ်ခဲ့သည်။

R-22