News

POST TYPE

SATIRE

“ဝ” ဦးဆောင်သည့် မြောက်ပိုင်းအဖွဲ့များ မြန်မာ့ရေဘေးတွင် ကူညီထောက်ပံ့မည်
22-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၂

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ဦးဆောင်သည့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ စုပေါင်းကာ မြန်မာ့ရေဘေးအတွက် ငွေကြေးကူညီထောက်ပံ့မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး အမြဲတမ်း ကော်မတီ (FPNCC) က မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များအနေနှင့် မြန်မာနိုင်ငံ ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသော ဒေသခံပြည်သူများအား ကူညီထောက်ပံ့ပေးရန် တိုက်တွန်းကာ အဖွဲ့ဝင်များ အချင်းချင်း အလှူငွေ ကောက်ခံခဲ့သည့် ညွှန်ကြားစာတစ်စောင်ကို ဩဂုတ်လ ၃ ရက် ရက်စွဲဖြင့် ထုတ်ထားခဲ့သည်။

လက်ရှိတွင် အလှူငွေ ကောက်ခံရရှိမှု ကျပ်သိန်း လေးထောင်ကျော်ရရှိခဲ့ပြီး အဆိုပါအလှူငွေများကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်မှတစ်ဆင့် ပေးအပ်ရန် စီစဉ်နေကြောင်း “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) ၏ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

နိုင်ငံရေး မတည်ငြိမ်မှုများကို ခဏဘေးဖယ်ကာ ရေဘေးဒုက္ခရောက် နေသည့် ပြည်သူများကို ထည့်သွင်း စဉ်းစားခြင်းဖြစ်ပြီး မြောက်ပိုင်းအဖွဲ့ FPNCC အနေနှင့် မြန်မာရေဘေးအပေါ် စာနာမှု စေတနာ မေတ္တာပြသမှု ဖြစ် ကြောင်း ဦးညီရန်းက ဆိုသည်။

“သိန်းလေးထောင်ကျော်ရပြီးမှ ကျွန်တော်တို့ ငြိမ်းချမ်းရေး ကော်မရှင်လက်ထဲ တိုက်ရိုက်အပ်ဖို့ ပြင်ဆင်နေတယ်။ FPNCC ညီနောင်တိုင်းရင်းသားတွေလည်း ရေဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေနဲ့ တစ်ထပ်တည်း အတူရှိတယ်ဆိုတာ ဖော်ပြလိုတယ်။ သူတို့ဘက်က လက်ခံဖို့ ကျွန်တော်တို့ ညှိုနှိုင်းနေကြပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းလှူဒါန်းမှုအပေါ် လက်ခံရေးအတွက်လည်း ငြိမ်းချမ်းရေး ကော်မရှင်အနေနှင့် ညှိနှိုင်းနေကြောင်း ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် အဆိုပါ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ FPNCC တွင် တပ်ဖွဲ့ (UWSA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မိုင်းလား (NDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) ၊ ကိုးကန့် (MNDAA)၊ တအာင်း ပလောင် (TNLA)၊ ရခိုင် (AA) စသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင်သည်။

J-08