News

POST TYPE

SATIRE

ဒီလိုပဲ ဒေါ်လာတက်နေလို့သာ ပြီးမှာလား မောင်ရေ
20-Aug-2018

စာရေးသူတို့ငယ်စဉ်က ကျေးလက်တွင် ရေပန်းစားသော သီချင်းတစ်ပုဒ် ရှိပါသည်။ သီချင်း၏အမည်မှာ “ကန်သင်းဆည်မှာလား” ဖြစ်ပါသည်။ “ဒီလိုပဲ ကြည့်နေလို့သာ ပြီးမှာလား မောင်ရေ... လယ်ကန် သင်းကိုလုပ်ဖို့ အချိန်တန်ပေ” ဖြစ်ပါသည်။ အဆိုတော်များမှာ နာမည်ကြီးအဆိုတော်ကြီးများဖြစ်သည့် ကိုမင်းသူနှင့် မေလှမြိုင်တို့ ဖြစ်ပါသည်။ ကိစ္စတစ်ခုခုနှင့်ပတ်သက်၍ မည်သည့်အရေးယူဆောင်ရွက်မှုမျိုးကိုမှ မပြုလုပ်လျှင် “ဒီလိုပဲ ကြည့်နေလို့သာ ပြီးမှာလား မောင်ရေ” ဟု ဆိုကြပါသည်။ ယခုလဆန်း ဒေါ်လာဈေးအတက်ကို “ဒီလိုပဲ ကြည့်နေလို့သာ ပြီးမှာလား မောင်ရေ” ဟု ယခုအစိုးရကို ဆိုပြလိုပါသည်။ 

အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၀၀ ကျပ်ကျော်ဖြစ်သောအခါ ရုတ်ရုတ်သဲသဲဖြစ်ကြသည်။ လတ်တလော အကျိုးသက်ရောက်မှု နှစ်ခုရှိပါသည်။ စီးပွားရေးပညာ စိတ်ဝင်စားသူများ သိပြီးဖြစ်ပါသည်။ အမေရိကန်ဒေါ်လာဈေးတက်လျှင် (သို့မဟုတ်) နိုင်ငံတကာသုံးငွေကြေး (Hard Currency) တစ်ခု မြန်မာငွေနှင့်ယှဉ်၍ ဈေးတက်လျှင် (၁) အကျိုးသက်ရောက်မှုတစ်ခုမှာ ပို့ကုန်များ နိုင်ငံခြားဈေးကွက်တွင် တန်ဖိုးကျမည်။ ပို၍ယှဉ်ပြိုင်နိုင်သည့် နိုင်ငံခြားခရီးသွား (Tourist) များ ပိုပြီးဝင်ရောက်လာစရာကောင်းသည်။ ငွေပိုသုံးမည်။ (၂) အကျိုးသက်ရောက်မှုတစ်ခုမှာ သွင်းကုန်များ ဈေးကြီးလာမည်ဖြစ်ပါသည်။ ပြည်တွင်းစီးပွားရေး ကောင်းလာလျှင် (သို့မဟုတ်) ပြည်တွင်း၌ထုတ်ကုန်မြင့်တက်သကဲ့သို့ စားသုံးမှုနှုန်းမြင့်တက်လာလျှင် တစ်နည်းပြောရလျှင် ပြည်တွင်းငွေကြေး လှည့်လည်မှုနှင့် နိုင်ငံခြားငွေလှည့်လည်မှုနှုန်း အဆက်အစပ်ကိုမူ စီးပွားရေးပညာရှင် တစ်ဦးတစ်ယောက်ကမျှ ထုတ်ဖော်ပြောကြားသည်ကို မတွေ့ရ။ ယခုထက် ရှင်းအောင်ပြောရသော် တစ်နိုင်ငံလုံး စီးပွားရေးတိုးတက်လျှင် ငွေကြေးလဲလှယ်မှုနှုန်း ဘယ်လိုဖြစ်လာနိုင်သည်ကို ဆက်စပ်ကြည့်ရန် ခက်လွန်းသည်ဟု ထင်ရပါသည်။ မြန်မာ့စီးပွားရေးကျဆင်းမှုကို ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းနှင့်ပင် စဉ်းစားရသည်ဟု ယူဆရပေမည်။ 

ယခုတော့ ကုန်သွယ်မှုကိုကြည့်လျှင် သွင်းကုန်တန်ဖိုးက ပို့ကုန်တန်ဖိုးထက် များနေသည်ကိုသာ တွေ့ရသည်။ ဆက်တိုက်များလာသည့်အတွက် မြန်မာငွေတန်ဖိုးကျရသည်မှာ မဆန်းပေ။ စီးပွားရေးကောင်းလာလျှင် ဒေါ်လာဈေးကျရမည်မှာလည်း လက်တွေ့ကျပေသည်။ 

အများစုက တစ်ဒေါ်လာလျှင် ၁၅၀၀ ကျပ်နှုန်းသို့ မရောက်နိုင်ဘူးဟု ယူဆခဲ့ကြသည်။ ထိုနည်းတူစွာပင် တစ်ဒေါ်လာလျှင် ဝ ဒသမ ၅ ကျပ် ခန့်ရှိသော ဖဆပလအစိုးရခေတ်၏နောက်ပိုင်းတွင် ကုန်ကုန်ပြောရလျှင် ၁၉၉၀ ခုနှစ်ခန့်ကပင် တစ်ဒေါ်လာ ၅၀၀ ကျပ်အထိရောက်မည်ဟု မထင်ခဲ့ကြပါ။ 

မူလသတ်မှတ်ချက်မှနေပြီး အဆနှစ်ရာကျော်အထိ တက်ခဲ့ရသည့် ဖြစ်စဉ်မှာ စီးပွားရေးစီမံခန့်ခွဲမှုကောင်းသည့်နိုင်ငံများတွင် ဖြစ်ပေါ်စရာ မရှိပေ။ ယခု မြန်မာနိုင်ငံတွင် ဒေါ်လာဈေးတက်သဖြင့် ပို့ကုန်များ ပိုမိုရောင်းရသည်ဟု ပြောရအောင်မှာ ဆန်စပါးပို့ကုန် သို့မဟုတ် ပဲဈေးကွက်ပျက်မှုအရ ထွက်ကုန်ကလည်း မတိုးနိုင်။ သစ်တောကဏ္ဍကလည်း တိုးမရသဖြင့် ဒေါ်လာတန်ဖိုးတက်လာခြင်းကို ပြန်ထိန်း၍မရသည့် အခြေအနေရှိသည်။ ပြည်ပကြွေးမြီများကလည်း များသဖြင့် အကြွေးနွံနစ်မှာကလည်း စိုးရိမ်ရသည်။ နိုင်ငံခြားမှ FDI ခေါ် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကလည်း မလာသဖြင့်လည်းကောင်း၊ သဘာဝဓာတ်ငွေ့ဈေးကလည်း မတက်လာသဖြင့်လည်းကောင်း ဗဟိုဘဏ်အနေနှင့်လည်း ရေရှည်ထိန်းစရာ ခက်မည်။ အမေရိကန်ဒေါ်လာ အရန် (Reserve) ဘယ်လောက်ရှိသည်ကိုလည်း အတိအကျ မသိရပေ။ မြန်မာနိုင်ငံတွင် အရန်ငွေကြေးမှာ (Reserve Hard Currency) အတိအကျ ဘယ်လောက်ရှိသည်ကို စာရေးသူလည်း အတိအကျ မသိ။ ရှိတော့ ရှိပါလိမ့်မည်ဟု ခန့်မှန်းရပါသည်။ သို့သော် နိုင်ငံတကာမှ ချေးငွေများရသရွေ့ကို ထောက်၍ကြည့်လျှင် များများရှိဟန် မတူပါ။ 

သို့ပါ၍ လက်ရှိအစိုးရအနေနှင့် ဤကိစ္စကို အမြန်ဆုံးဖြေရှင်းရတော့ပါမည်။ ဖြေရှင်းရန်နည်းလမ်း နှစ်မျိုးကား တစ်ပြိုင်နက် အချို့ကို လုပ်ရမည်ဖြစ်သလို ပထမတစ်မျိုးမှာ ရေတိုနည်းလမ်းနှင့် ဒုတိယနည်းလမ်းမှာ ရေရှည်နည်းလမ်း ဖြစ်ပါသည်။ 

ရေတိုနည်းလမ်းများမှာ -

(၁) သွင်းကုန်များကို စိစစ်ကန့်သတ်ခြင်း
(၂) ပို့ကုန်ဆိုင်ရာကန့်သတ်ချက်များကို ဖြေလျှော့ခြင်း
(၃) ကမ္ဘာလှည့်ခရီးသွားများကို အားပေးခြင်း
(၄) ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးများ ဖြေလျှော့ခြင်း
(၅) ပြည်တွင်းသုံး စုဆောင်းငွေ မြင့်တက်စေခြင်း

သွင်းကုန်များကို စိစစ်ကန့်သတ်သည်ဆိုရာဝယ် အထူးသဖြင့် ကန့်သတ်ရမည်မှာ မော်တော်ယာဉ်တင်သွင်းမှုကို အဓိကဆောင်ရွက်ရပါမည်။ ပို့ကုန်ဆိုင်ရာကန့်သတ်ချက်များ ရှိသေးသည်ဟုဆိုရသော် အထူးသဖြင့် သစ်အရောထည်ထုတ်လုပ်ရေးဖြစ်သည်။ သစ်အရောထည်ဖြစ်ပြီးသည်ကို အဘယ့်ကြောင့် ထောက်ခံစာများတောင်းရန် လိုသနည်း။ ထိုနည်းတူ ကမ္ဘာလှည့်များကိုလည်း Show Money ပြစေရန်မလိုပေ။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးများ ဖြေလျှော့ခြင်းကား အထူးမဖော်ပြလိုပါ။ ပြည်တွင်းသုံးစုဆောင်းငွေ မြင့်တက်စေခြင်းအတွက်တွင်မူ ပုဂ္ဂလိကဘဏ်အားလုံးအတွက် အစိုးရ (သို့မဟုတ်) မြန်မာ့စီးပွားရေးဘဏ်မှ အာမခံချက်တစ်ခု ပေးရမည်ဖြစ်ပါသည်။ ပြည်တွင်းမှ စုဆောင်းသူများအတွက် အပ်နှံသူများကို မူးယစ်ဆေးဝါးငွေကြေးမှလွဲ၍ အာမခံပေးသည့် လျှို့ဝှက်ချက်ထိန်းသိမ်းရေး ဥပဒေတစ်ခုအား ပြဋ္ဌာန်းပေးရပါမည်။ ပြည်တွင်းသုံး ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းနိုင်လျှင် ဒေါ်လာနှင့်လဲလှယ်ရာတွင် မြန်မာငွေတန်ဖိုး မြင့်တက်လာမည်ဖြစ်ပါသည်။ 

အထက်တွင်ဖော်ပြခဲ့သောအချက်များကား ချက်ချင်းဆောင်ရွက်ရမည့်ကိစ္စများ ဖြစ်ပါသည်။ ထိုအချက်များမှာ ချက်ချင်းလုပ်နိုင်သောကိစ္စများနည်းတူ ယခုချက်ချင်းပြုလုပ်နိုင်သော်လည်း (လုပ်ရမည်ဖြစ်သော်လည်း) ရေရှည်အကောင်အထည်ဖော်ရမည့်ကိစ္စများ ရှိနေသေးသည်။ ထိုကိစ္စများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

၎င်းတို့မှာ (၁) စွမ်းအင်ပေါ်လစီ၊ (၂) ဘတ်ဂျက်ပေါ်လစီ၊ (၃) အစိုးရ ယန္တရားပေါ်လစီ၊ (၄) ထိရောက်သော အုပ်ချုပ်မှုစွမ်းရည်မြှင့်တင်ရေးပေါ်လစီများ ချမှတ်ပြီး အကောင်အထည်ဖော်ရပေမည်။

သွင်းကုန်နှင့်ထုတ်ကုန် အစွန်းမျှတစေရန်အတွက် ပြည်တွင်းတွင် သွင်းကုန် အစားထိုးနိုင်ရမည် သို့မဟုတ်ပါက ထုတ်ကုန်ကို မြှင့်တင်နိုင်ရမည်။ ထိုအချက်အတွက် အရေးကြီးသည်မှာ လက်ရှိအစိုးရအနေနှင့် စွမ်းအင်ပေါ်လစီ မချမှတ်နိုင်သေးပေ။ မြန်မာနိုင်ငံကို စွမ်းအင်ကဏ္ဍတွင် ကယ်ဆယ်ရန်မှာ သန့်စင်ကျောက်မီးသွေးမှတစ်ပါး အခြားမရှိပြီ။ ကရင်ပြည်နယ် ဝန်ကြီးချုပ်၏ ထုံးတောင်ကျောက်မီးသွေးစီမံကိန်းကြီးမှာ ဝမ်းနည်းဖွယ်ရာ ငြိမ်သက်လျက်ရှိသည်။ 

ဘတ်ဂျက်ပေါ်လစီမှာ တပ်မတော်အစိုးရလက်ထက်မှစ၍ လိုငွေပေါ်လစီကိုသာ သွားခဲ့သည်။ “အဂတိလိုက်စားမှုကို တကယ်နှိမ်နင်းနေပြီလား” ဟူသော ခေါင်းစဉ်ဖြင့် DVB Debate တွင် စာရေးသူပါဝင်ဆွေးနွေးခဲ့ရာတွင် အဂတိလိုက်စားမှုအပါအဝင် နိုင်ငံ၏ပြဿနာများမှာ ဘတ်ဂျက်လိုငွေကြောင့်ဟု ဆွေးနွေးရာ ဒီဘိတ်၏ မော်ဒရိတ်တာအပါအဝင် ပုဂ္ဂိုလ်အများ သဘောမပေါက်ကြပေ။ အစိုးရ၏ဘတ်ဂျက်ပေါ်လစီမှာ ပညာရေးနှင့်ကျန်းမာရေးကို လုံးဝတာဝန်ယူနေသည်မှာ ကောင်းသော်လည်း မှားယွင်းနေပေသည်။ ဆိုရှယ်လစ်နိုင်ငံများ ကျင့်သုံးခဲ့ရာ မအောင်မြင်ခဲ့။ လူဦးရေ နည်းပါးပြီး တစ်ဦးချင်းဝင်ငွေ အမြင့်ဆုံးတွင်ပါဝင်သည့် စကင်ဒီနေးဗီးယန်း နိုင်ငံသားများဖြစ်သော ဆွီဒင်၊ ဖင်လန်၊ နော်ဝေ၊ ဒိန်းမတ် စသည်တို့သာ တတ်နိုင်သောကိစ္စဖြစ်သည်။ မြန်မာအစိုးရမှာ အမေရိကန်အစိုးရ၏ မူဝါဒဖြစ်သော ဆင်းရဲသူပြည်သူအတွက်သာ အစိုးရက တာဝန်ယူသည့်စနစ် ကျင့်သုံးရမည်။ ကျေးလက်နှင့်မြို့ ပြဆင်းရဲသားများအတွက်သာ တာဝန်ယူပေးရမည်။ ကျန်သည့်ကိစ္စများကို ပုဂ္ဂလိကကသာ တာဝန်ယူပေးရမည် ဖြစ်သည်။ 

အစိုးရယန္တရားပေါ်လစီမှာ အစိုးရ၏ ကြီးမားလွန်းသောဖွဲ့စည်းပုံကို လျှော့ချရန်ဖြစ်သည်။ အစိုးရယန္တရားတွင် ကဏ္ဍ (Sector) နှင့် ပမာဏ (Volume) ကို မကွဲပြားသူများမှ စီမံခန့်ခွဲနေကြသည်ဟု ယူဆသည်။ 

အုပ်ချုပ်မှုစွမ်းရည် မြှင့်တင်မှုပေါ်လစီဆိုသည်မှာ ကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှု မြင့်မားစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ အဓိကအားဖြင့် စာအုပ်ထဲမှ ပုံတူကူးချခြင်းမဟုတ်ဘဲ စာရေးသူ၏ ကိုယ်တိုင် လေ့လာချက်အရ သိရှိရသည်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုကဏ္ဍများတွင် ချို့ယွင်းခြင်း၊ အုပ်ချုပ်မှုစနစ်တွင် ဗဟိုချုပ်ကိုင်မှု များပြားလွန်းခြင်း၊ လက်အောက်သို့ အာဏာဖြန့်ဝေမှု မရှိခြင်းသည် အစိုးရဌာနများအနေနှင့် ကဏ္ဍအလိုက် မူဝါဒပေါ်လစီလမ်းညွှန်ချက်များ (Policy GuideLines) မချမှတ်နိုင်ခြင်း၏ သင်္ကေတဖြစ်သည်။ ဥပမာဆိုရသော် ဝေဖန်ရေးဆောင်းပါးများအား နိုင်ငံပိုင်သတင်းစာများအနေနှင့် ဖော်ပြခြင်းမရှိခဲ့။ ဝေဖန်ထောက်ပြမှုများကို နိုင်ငံပိုင်သတင်းစာတွင် မထည့်သွင်းခြင်းကပင် ဝေဖန်မှုကို ကြိုဆိုပါသည်ဟူသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မကြာခဏ ထုတ်ဖော်ချက်ကို ရေးသားထားသော ပေါ်လစီလမ်းညွှန်ချက်အဖြစ် မထုတ်ပြန်၍ ဖြစ်နိုင်ပါသည်။ အင်္ဂလိပ်လိုဆိုရသော် Written Policy Document မရှိခြင်းကြောင့်ဟု ဆိုရမည်။ ရေးထားသော မူဝါဒပေါ်လစီ လမ်းညွှန်ချက် (Written Policy GuideLines) ကဏ္ဍအလိုက် ထုတ်ဖော်ထားကြရန်မှာ အစိုးရအဖွဲ့၏ အဓိကလိုအပ်ချက် ဖြစ်သည်။ 

အစိုးရစီမံခန့်ခွဲရေးယန္တရား အားနည်းရခြင်း၏ အဓိကတစ်ချက်မှာလည်း ပြင်းထန်လွန်းသောဥပဒေသည် အကာအကွယ်လည်း ဖြစ်ရမည်၊ သံသယ၏အကျိုးကိုလည်း ခံစားစေရမည်ဖြစ်သောအချက်များကို ချိုးနှိမ်ကာ ကျော်စောသတင်းသံသယနှင့်ပင် အရေးယူနိုင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြစ်သည်။ နောင်မှ အကျယ်ရေးပါမည်။ လောလာဆယ်တွင် ထိုဥပဒေသည် အစိုးရယန္တရား၏ လက်နှင့်ခြေများကို အထပ်ထပ် တုပ်နှောင်လျက်ရှိသည်။ 

အစိုးရအဖွဲ့တွင် လိုအပ်ချက်ဖြစ်ပြီး အရေးကြီးလှသောအချက်အားလည်း မခြွင်းမချန်ဖော်ပြလိုပါသည်။ ထိုအချက်မှာ မလိုလားအပ်သော အခြေအနေတစ်ခုမှ ဖောက်ထွက်ရန် သတ္တိလိုအပ်နေခြင်းဖြစ်ပါသည်။ ကမ္ဘာကျော်စစ်သူကြီးဖြစ်သူ ဗိုလ်ချုပ်ကြီး ဆာဝီလျံဆလင်းက သတ္တိတွင် သူရသတ္တိ (Physical Courage) ခေါ် သေရဲတိုက်ရဲသည့် သတ္တိနှင့် မှန်သည်ထင်လျှင် အများကိုဆန့်ကျင်ကာ ဖောက်ထွက်ရဲသော သတ္တိ (Moral Courage) ခေါ် ဓမ္မသတ္တိဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ 

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနှင့် ပြည်သူကို ဦးဆောင်ရာတွင် အစဉ်အလာဟောင်းများ၊ စိတ်ဓာတ်ဆိုးများ၊ ဉာဉ်များ ကိန်းအောင်းနေသည့် ပြည်သူများကို ဖောက်ထွက်၍ လမ်းပြရတော့မည်။ 

စာရေးသူသည် လူမှုရေးသိပ္ပံဖြစ်သည့် သမိုင်းပညာရှင်တစ်ဦးအနေနှင့်လည်းကောင်း၊ မီဒီယာသမားတစ်ဦးအနေနှင့်လည်းကောင်း မြန်မာလူထုအား ချဉ်းကပ်လေ့လာခဲ့ရာ သမိုင်းတင်စမှသည် ယခုအထိ အောက်ပါစိတ်ဓာတ်ဆိုးများ ကိန်းဝပ်နေဆဲဖြစ်ကြောင်း တွေ့ရပါသည်။ ၎င်းတို့မှာ-

(၁) အုပ်စုခွဲလိုခြင်း
(၂) မနာလိုဝန်တိုခြင်း
(၃) နိုင်ငံခြားသား (သို့မဟုတ်) အသွင်မတူသူအပေါ် သံသယကြီးလွန်းခြင်း
(၄) အကောင်းမြင်ဝါဒမရှိဘဲ အဆိုးမြင်ဝါဒ ဦးဆောင်ခြင်း
(၅) လမ်းသစ်မထွင်လိုခြင်းများ ဖြစ်ပါသည်။ 

အုပ်စုခွဲလိုခြင်းမှာ ရှင်းပါသည်။ သမိုင်းတစ်လျှောက် ပါတီများ၊ လူအုပ်စုများ ကွဲပြားကြသည်။ မနာလိုဝန်တိုခြင်းများကား ရှင်းမပြလိုတော့ပါ။ 

နိုင်ငံခြားသားအပေါ် ဝန်တိုမှုကလည်း များလှပါသည်။ ထန်းပင်များ ခုတ်ယူသွားပြီး နိုင်ငံခြားမှ ထန်းဆက်တီတစ်စုံလျှင် သိန်း ၁၇၀ ဈေးဖြင့် ရောင်းသည်ကို မကျေနပ်။ ကိုယ်ကိုယ်တိုင်လည်း လုပ်ရန် မကြိုးစား။ သယံဇာတ ထုတ်ယူရန် အချိုးခွဲရာတွင်ဖြစ်စေ၊ တိုင်းပြည်အတွင်း ကုန်ထုတ်လုပ်မှုမှ အချိုးခွဲရာတွင်ဖြစ်စေ ဆွဲဆောင်မှုပေးလိုခြင်း မရှိ၊ ကိုယ်နာမည်ဟုသာ အဆိုးမြင်တွေးလေ့ရှိသည်။ 

အကောင်းမြင်ဝါဒမရှိဘဲ အဆိုးမြင်ဝါဒကြီးစိုးခြင်းမှာ လာအိုတွင် ဆောက်လုပ်ဆဲဆည်တစ်ခု ပြိုကျသည်နှင့် ဆည်များမဆောက်လိုသော ဓလေ့လွှမ်းမိုးလာလျှင် လေယာဉ်ပျံလည်း စီးရန်မဝံ့ရဲတော့ပေ။ ရွှေဘိုပေါ်ဆန်းမွှေးလည်း ခေတ်စားမည်မဟုတ်။ စားရတော့မည် မဟုတ်။ ထိုသူများ လွှတ်တော်ထဲရောက်လျှင် မြန်မာတို့ လူညွန့်တုံးတော့မည်။ အစိုးရက ကျွဲ၊ နွားများ နိုင်ငံခြားသို့ပို့ရန် ခွင့်ပြုသော် ထယ်ထိုးမည့်နွားမရှိမှာ ပူပန်ပါသည်။ အမှန်တော့ ကျွဲ၊ နွားများ ပိုမိုမွေးမြူရန်ကို မစဉ်းစား။ ကျောက်မီးသွေးဆိုသည်နှင့် အပျက်ကို ပြေးမြင်ကြသည်။ သန့်စင်ကျောက်မီးသွေးစက်ရုံကို မစဉ်းစားကြပါ။ 

ထိုသို့စရိုက်ရှိသောလူစုကို ဦးဆောင်နေရသည့် ယခုအစိုးရသည် လက်ခုပ်သံကို ခံယူလိုသော မြွေမသေ တုတ်မကျိုးဘဝမှသည် ပြတ်ပြတ်သားသား ဦးဆောင်ရန် အချိန်ကျပြီဖြစ်သည်။ စီးပွားရေးကို ကောင်းအောင် လုပ်နိုင်သော်၊ အုပ်ချုပ်ရေးကောင်းမွန်သော် ၂၀၀၈ ခုနှစ် အခြေခံဥပဒေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ၂၀၂၀ အလွန်ကာလအတွက် အတားအဆီးတစ်ရပ် မဟုတ်တော့ပေ။ 

ထိုသို့မဟုတ်ဘဲ စီးပွားရေးမကောင်းသော် (သို့မဟုတ်) ဒေါ်လာဈေးကို ယခုထက် ပိုတက်စေသော်၊ မြန်မာငွေဖောင်းပွမှုကို မထိန်းနိုင်သော် ဒီမိုကရေစီအတွက် အန္တရာယ်များက ကြီးမားလာတော့မည်။ 

ပထမကမ္ဘာစစ်ကြီးအပြီးတွင် ဂျာမနီသည် အရင်းရှင်တစ်ပိုင်း၊ ပဒေသရာဇ်တစ်ပိုင်း ပရပ်ရှင်းမှူးမတ်မျိုးနွယ်အုပ်ချုပ်ရေးစနစ် (Aristocracy) ဘဝမှသည် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ပြောင်းလဲခဲ့သည်။ သို့သော် စီးပွားရေးကြောင့် ငွေကြေးဖောင်းပွမှု အလွန်တရာဖြစ်သော် ဒီမိုကရေစီလက်သစ် (ဝေမာ) ဂျာမနီသမ္မတနိုင်ငံ ပြိုကျပျက်စီးကာ လူထုကပင် အာဏာရှင် ဟစ်တလာအား အာဏာအပ်နှင်းခဲ့သည်။ ဤသည်ကား ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံအတွက် စီးပွားရေးကို အလေးမထားသော် ဖြစ်ပေါ်လာနိုင်သည်။ အဆိုး သင်ခန်းစာဖြစ်စဉ်အမှန် သရုပ်ပြတစ်ခုလည်း သမိုင်း မှတ်တမ်း ဖြစ်ခဲ့လေတော့သည်။ 

ဒေါက်တာအောင်မျိုး