News

POST TYPE

SATIRE

ဝန်မင်းအိုင်ဒေါ
11-Aug-2018
အနီရောင် စင်မြင့်ကြီးက ဟည်းထနေသည်။ အနီရောင် နောက်ခံပိတ်ကားကြီးပေါ် အနီရောင် မီးဆလိုက်ကြီးများ အနီရောင်အလင်းတန်းများ ထိုးထားသည်။ အနီရောင် စင်မြင့်၏ ရှေ့တည့်တည့်ရှိ ခုံတန်းရှည်ကြီးတွင် အနီရောင်ဝတ်စုံ ဒီဇိုင်းမျိုးစုံဝတ်ထားသော ဒိုင်လူကြီးသုံးဦးနှင့် အစိမ်းရောင်ဝတ် ဒိုင်လူကြီးတစ်ဦး ထိုင်နေလေသည်။

ချာရာဏသီပြည်ကြီးမှ ဝန်မင်းများသည် သူတို့ အသီးသီး လုပ်ဆောင်ချက်များကို ဂီတဖြင့် ဖျော်ဖြေကာ ပြိုင်ပွဲဝင်ကြသည့် ယခု ဝန်မင်းအိုင်ဒေါကား ချာရာဏသီပြည်အဝန်း လူကြိုက်များလှပေသည်။

ချာရာဏသီပြည်သူ ဆိုသည်မှာလည်း နိုင်ငံရေးတွင်လည်း နှစ်ခြမ်းကွဲ၊ စီးပွားရေးတွင်လည်း နှစ်ခြမ်းကွဲ၊ ဘာသာရေးတွင်လည်း နှစ်ခြမ်းကွဲ စသဖြင့် နှစ်ခြမ်းကွဲသည့်ဓလေ့ကို မြတ်နိုးတန်ဖိုးထားကြသည်။

ကွဲစရာမရှိလျှင် ကိုယ့်တင်ပါး နှစ်ခုကြား ဝါးလုံးတန်းခွပြီး နှစ်ခြမ်းကွဲနေရသည်ကို ပျော်မွေ့ကြသူများ ဖြစ်သည့်အလျောက် ငါ ကြိုက်သည့်သူ မဟုတ်လျှင် ငါဆဲရမည့်သူဟူသော အယူရှိကြသည်ဖြစ်ရာ အဆိုပါ အိုင်ဒေါတည်းဟူသော ပြိုင်ပွဲတွင် အခြမ်းပေါင်းများစွာ ကွဲရ၊ အဆဲပေါင်းများစွာဆဲရနှင့်မို့ ပရိသတ်အပေါင်းမှာ သဘောအတွေ့ကြီး တွေ့ကြလေသည်။

ချန်ပီယံရွေးချယ်သည့် စနစ်ကလည်း ဖုန်းမှတစ်ဆင့် ဗုတ်တင် ခေါ် မဲပေးရသည့်စနစ်၊ ပရိသတ်မှာလည်း အလှူရေစက်လက်နှင့်မကွာ၊ လူငတ်ပေမယ့် အလှူမပြတ်စေရဘူးဆိုသည့် ချာရာဏသီစေတနာရှင့် ပရိသတ်ဖြစ်နေလေရာ ... ငါးပိနှင့်လောက်၊ ရွှေနှင့် 
ကျောက်နှယ် ပနံရပေတော့၏။

ကိုယ်အားပေးသော အိုင်ဒေါပြိုင်ပွဲဝင် ဝန်မင်းအတွက် ဘရာကြော်ရောင်းပြီး ဗုတ်ပေးသည့်သူ ရှိသလို၊ ကိုယ်မကြိုက်သော ဝန်မင်းအား ၂၄ နာရီကင်းချပြီး ဆဲသည့်သူလည်း အများအပြား။

ထိုသို့နှင့် ကိုယ်ကြိုက်သူကိုမြှောက်ရင်း၊ ကိုယ် မကြိုက်သူကို ဆဲရင်းဖြင့် ဝန်မင်းအိုင်ဒေါကြီးသည် နောက်ဆုံးတော့ သရီးဖိုင်နယ်အဆင့်သို့ပင် ရောက်လာချေပြီ။

“မနက်ဖြန်အထိ အငတ်ခံ ဗုတ်မည်”ဆိုသည့် ပရိသတ်ကြီးကလည်း စင်မြင့်ရှေ့တွင် စိတ်လှုပ်ရှားစွာ ရောက်ရှိနေချေပြီ။

“ဝန်မင်းအိုင်ဒေါပြိုင်ပွဲကြီး၏ နောက်ဆုံးအဆင့် ပြိုင်ပွဲ စတင်ပြီဖြစ်ကြောင်း ကြေညာအပ်ပါတယ်ခင်ဗျ”

ပရိသတ်မှာ လှုပ်လှုပ်ရွရွဖြစ်သွား၏။

“အခု ဖိုင်နယ်အဆင့်ကို တက်လာတဲ့ ပြိုင်ပွဲဝင်တွေထဲက ပထမဆုံး ပြိုင်ပွဲဝင်မှာကတော့ တောင်ပေါ်သား ... တိုင်းရင်းသားဝန်မင်းလေး ဖြစ်ပါတယ် ... ခင်ဗျား”

ထိုးထားသည့် ဆလိုက်မီးများ မှောင်ရာမှ လင်းသွားသောအခါ ကယားရိုးရာ မောင်းသံလေးနှင့်အတူ ကိန္နရီ၊ ကိန္နရာ ဒွေးမယ်နော်အက အရင်ထွက်လာသည်။

ပရိသတ်မှာ လက်ခုပ်သံတဖြောင်းဖြောင်း။

ထို့နောက် သီချင်းသံထွက်လာ၏။

“ကြေးသွန်းရုပ်လေးတွေ ... လိုက်လို့ ... စိုက်ဦးမလေ ... ကန့်ကွက်ရင်လည်း ... တရားစွဲမှာပဲ ... ဖမ်းဦးမှာပဲလေ ... ပြည်နယ်သားတွေ မကြိုက်ရင်လည်း ... နေပါစေပေါ့ ... ပြည်နယ်သားတွေ မကြိုက်ရင်လည်း ... နေပါစေပေါ့”

စတူဒီယိုအဆိုတော်ကြီး ပလေးဘွိုင်းသန်းနိုင် သီဆိုထားသည့် ပလတ်စတစ်ရုပ်ကလေး သီချင်းအလိုက်ဖြင့် ကယားဝန်မင်း၏ယှဉ်ပြိုင်မှုကြောင့် ပရိသတ်မှာ ပါးစပ်အဟောင်းသား။

နောက်က ပါဖော့မင့်ကလည်း ကိန္နရီ၊ ကိန္နရာ နှစ်ဖော်မှာ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကြီးဘေးတွင် လက်ထိတ်တန်းလန်းဖြင့် သနားစရာ ပြကွက်ကလေး ပြောင်းသွား၏။

သီဆိုမှုပြီးသည့်အခါ ဒိုင်လူကြီးများ မှတ်ချက်ပေးချိန်ဖြစ်လေသည်။

“ဝန်မင်းရဲ့ အားထုတ်မှုက ကောင်းပေမယ့် ပါဖော့မင့်လုပ်ပြချင်ဇောတွေ အရမ်းများနေတယ်”

“ပေ့ချ်လေးတွေ နည်းနည်းယိုင်ပြီး တချို့နေရာမှာ လိုတာထက် ပိုနေတယ်လို့ ပြောပါရစေ”

“ကောင်းပါတယ် ... ကောင်းပါတယ် ... ခေါ်သွားပါ့မယ်”

အနီဒိုင်သုံးယောက်က ပြီးသွားသောအခါ အစိမ်းရောင်ဒိုင် အန်ကယ်ကြီး အလှည့်ရောက်လာသည်။

“လိုက်ဆို အ ... အ ... အီ ... အီ ... အူ ... အူ ... အန်ကယ်ကတော့ နိုးပါကွယ်”

---------------

ဒုတိယမြောက် ယှဉ်ပြိုင်သူ ဝန်မင်းအလှည့်ဖြစ်သည်။ နောက်ခံတွင် ရေပြင်ကျယ်ကြီး ပေါ်လာသည်။ ထို့နောက် ကလေးငယ်များ ကဗျာရွတ်သံ ထွက်လာ၏။

“စမ်းချောင်းကလေး ကျဉ်းလှတယ် ... အလုံလောက် သူမကျယ် ... တာမွေကြီးက အကြီးဆုံး ... လှိုင်းတွေ တဝုန်းဝုန်း”

ကဗျာရွတ်သံအဆုံးတွင် ရေထဲမှ မာစီဒီးကား အနက်ကြီးများ ဖြတ်မောင်းသွားပုံပေါ်လာ၏။

ရေပြင်ကျယ်ကြီးပြထားသဖြင့် အင်းလေးကန်ဟု လူအများက ထင်ထားသော်လည်း တကယ်တမ်း ထွက်လာသည်က ရှမ်းဝန်မင်းမဟုတ်ဘဲ ရန်ကုန်ဝန်မင်းနှင့် ရန်ကုန်မြို့ဝန်၏ နှစ်ယောက်တွဲ သီဆိုမှုဖြစ်နေသည်။

“ရပ်ကွက်ထဲမှာ မြောင်းပြင်တော့ ... ကိုယ်ရောက် လာ ... အို ... မင်း ... မသိဘူး ... ကြာရှည်ဆိုရင် သိပ်မလွယ်ဘူး ... ညဈေး ... ရေနစ်နေဆဲ ... ပေတစ်ရာကို ထပ်ကာ ... မြေမြှင့်မယ် ... ကွန်ကရစ်လောင်းတဲ့ နတ်ပြည်လမ်း ... လူနေအိမ်များဟာ ... မြေအောက်မှာ ... အိမ်တွေ ကားအောက် ရောက်စေသား ... မြေမြှင့်မယ်”

အာဇာနည်သီဆိုသော အချစ်မီးလျှံသီချင်း အလိုက်ဖြင့် ရန်ကုန်မြို့ဝန်က စဖွင့်လိုက်သည်။

“ဂိုဒေါင်တွေ ဖွင့်ကာ ... ဝင်စစ်မယ် ... မာစီဒီးများ တွေ့စေသား ... ဟိုအရင်အဘများရယ် ... ဝှက်ထားတယ် ... ငါတို့အတွက်တော့ ... ကားစုတ်များ ချန်ရစ်တယ် ... ”

ရန်ကုန်ဝန်မင်း၏ ရော့ခ်အသံက ခန်းမတစ်ခုလုံး ဟိန်းထွက်သွား၏။

သီဆိုမှု ပြီးဆုံးပြန်ချေပြီ။

“ဝန်မင်းတို့နှစ်ယောက်က တုန်းကာလာလည်း လှပါတယ်။ ဒါပေမဲ့ မြို့ဝန်မင်းက ကီးနည်းနည်းမြင့်နေတယ် ... သီချင်းဆိုတာ မြို့ဝန်မင်း အခုခင်းနေတဲ့ ကွန်ကရစ်လမ်းတွေလို မိုးပေါ်တက်ခင်းနေလို့မရဘူး ... တီးလုံးနဲ့အသံကို ကိုယ့်ဟာကိုယ် ကိုက်အောင်လုပ်နော် ... လွဲတာတွေ များနေတယ်” 

“ရန်ကုန်ဝန်မင်းကို အကြံပေးချင်ပါတယ် ... ပင်ကို မူရင်းအသံက ကောင်းပါတယ် ... ဒါပေမဲ့ အမြင့်သံတွေမှာ ရောက်မလိုလိုနဲ့ တကယ် မရောက်ဘူးဖြစ်နေတယ် ... တချို့နေရာလေးတွေမှာ လေကို နည်းနည်း ထိန်းပါ”

“ကောင်းပါတယ် ... အားလုံးကောင်းပါတယ်”

အနီသုံးယောက်ပြီးသည့်နောက် ... အစိမ်းဒိုင်ကြီး အလှည့်ကျလာသည်။

“သားတို့ထဲက တစ်ယောက်က အန်ကယ်ကို ပရိုတိုကောအရ ဘာမှမဟုတ်ဘူးလို့ ပြောထားတာ အန်ကယ် မှတ်ထားပါတယ် ... ဒီမယ် ... အန်ကယ်ဟာလေ ... ဒီလောကကို ချောက်ထဲကနေ ဆွဲတင်ပြီးမဟာ ကယ်တင်ရှင်ကြီးလုပ်လာတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့ပါပြီ ... အန်ကယ့်ကို အန်မတုပါနဲ့ ... ဘယ်သူတွေ ဘာပြောပြော ... အန်ကယ်ကတော့ နိုးပါ”

ဘေးမှ အနီဒိုင် သုံးဦးမှာ ဇက်ကလေးတွေ ပုထားကြသည်။

အစိမ်းဒိုင်ကြီးကို ပရိသတ်က မျက်မုန်းကျိုးပြီး ပြောင်းဖူးရိုးများနှင့် လှမ်းပေါက်ကြသည်။ အစိမ်းဒိုင်ကြီးက တစ်ချက်လှည့်ပြီး မျက်စောင်းခဲလိုက်သည်နှင့် ပရိသတ်မှာလည်း ဒိုင်များနည်းတူ ဇက်ကလေးများ ပုသွားကြရပြန်၏။

နောက်ဆုံး သီဆိုယှဉ်ပြိုင်မည့် ဝန်မင်းအလှည့် ရောက်လာချေပြီ။

နောက်ခံပိတ်ကားတွင် ကျယ်ပြန့်လှသော ရေပြင်ကြီး ပေါ်လာသည်။ ထိုရေပြင်ကြီး အဆုံးတွင် လယ်ကွက် များစွာ။

မကြာမီ ပြိုင်ပွဲဝင် ဝန်မင်းနှင့် ပါဖော့မင့်အဖွဲ့ ထွက်လာသည်။ ပင်နီအင်္ကျီနှင့် တောဘွတ်အပြာရောင်ဖိနပ်ကြီးများကိုယ်စီနှင့်။

ဝန်မင်းက ထွန်တုံးကြီးတစ်ခုကို ဆွဲလာသည်။

“ယနေ့သည် လယ်ထွန်မင်္ဂလာ ဆင်ယင်သည့် အချိန်အခါ ကျလာပေပြီခြိမ့် ... တိုင်းသူပြည်သား လူ အများ ... နဖူးကချွေး ... ခြေမကျအောင် ... နွားနှင့် ယှဉ်ပြိုင် ... တိုင်းနိုင်ငံအတွက် ... သီးနှံထွက်အောင် ဆောင်ရွက်ကြရင်း ... ရသမျှ အခွန်ဘဏ္ဍာ တိုင်းပြည်အတွက် ဆက်နှင်းကြစေဖို့ ... ငါကိုယ်တော်မြတ်လည်း ... တိုင်းနိုင်ငံတွင်း ... ဆင်းရဲချမ်းသာ ... ကျောသား မခွဲ ... ပြည်သူနဲ့အတူ တကယ်မွန် ... လယ်ထွန်မင်္ဂလာ ဆင်းရမည့် အချိန်ဖြစ်ပေကိုး ... မင်းကြီးများ”

ပင်နီဝတ်၊ တောဘွတ်စီး ဝန်မင်းကြီးထံမှ ဒဂုံဆရာညွှန့်၏ လယ်ထွန်မင်္ဂလာကွက်စိပ် အချီးသံ ထွက်လာသဖြင့် ပရိသတ်ရော ... ဒိုင်များပါ ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။

“ယမထာ ရွှေကြိမ်လုံးရယ် ... နှင့် ... ထွန်တုံးကိုတဲ့ ... ပင်နီတင် ... ”

အသံဝါကြီး ဟစ်လိုက်သည်နှင့် မီးဆလိုက်များ က ပြိုင်ပွဲဝင် ဝန်မင်း၏ မျက်နှာကို ထိုးလိုက်ကြသည်။

“ဟာ ... ပဲခူးဝန်မင်းကြီးပဲဟေ့ ... ရွှီး ... ဖြောင်း ... ဖြောင်း”

ပရိသတ်က အားပေးကြသည်။

“ယမထာ ရွှေကြိမ်လုံးရယ် ... နှင့် ... ထွန်တုံးကို တဲ့ ... ပင်နီတင် ... ”

ဝန်မင်းကြီးက ပရိသတ်ဘက် မိုက်ထိုးပေးလိုက်သည်။

“ပဲခူး..ရေတွေ ... ဝင်”

“ပဲခူး ... ရေတွေ ... ဝင်”

ထိုသို့ဖြင့် ဝန်မင်းနှင့်ပရိသတ် အပေးအယူ မျှတစွာ သီဆိုသွားပြီးလေပြီ။

“အဝင်မှာတုန်းက ဟုတ်တော့မလိုလိုနဲ့ နောက်ပိုင်း တစ်ချိန်လုံး ကီးတွေလွဲနေတယ်နော် ... စာသားတွေလည်း လွဲတယ်”

“မုဒ် မပါပဲ ... အလိုက်သင့်ပဲ လိုက်ဆိုနေတော့ ... တောင့်တောင့်ကြီးဖြစ်နေတယ်”

“ရှေးတုန်းက လူတွေကို သိပ်သဘောကျတယ် ထင်တယ် ... သူတို့အတိုင်း တစ်ထပ်တည်း လိုက်ဆိုနေ တယ် ... ဘာ ဆန်းသစ်မှုမှ မရှိဘူး”

ဒိုင်နီ သုံးဦးပြီးသည့်နောက် ... ဒိုင်စိမ်းမင်းသား ကြီး အလှည့်လာချေပြီ။

“အန်ကယ်ကတော့ ... နိုးပါပဲ”

ဒိုင်နီသုံးယောက်မှာ ဒိုင်းစိမ်းကြီးဘက်သို့ မျက် ထောင့်နီကြီးများဖြင့် ကြည့်လိုက်ကြသည်။

“အန်ကယ် ... ကျုပ်တို့သုံးယောက်ကတော့ ဝင်းနား ဖြစ်မယ့်လူကို အမှတ်ပေးပြီးပြီ ... အန်ကယ်က ဘယ်သူမှ မကြိုက်ဘူးဆိုတော့ ... ဘယ်သူ့ကို ကြိုက်တာလဲ”

အန်ကယ်အစိမ်းကြီးကလည်း ထိုသုံးယောက်ကို မျက်လုံးစိမ်းကြီးများဖြင့် ပြန်ကြည့်သည်။

“ဒီမယ် ... မင်းတို့ဟာ မင်းတို့ ဘာကြိုက်ကြိုက် ... ငါကြိုက်တာ ငါလုပ်မယ် ... ငါကြိုက်တာက ... ဟိုမှာ လာပြီ”

အန်ကယ်ကြီး လက်ညှိုးထိုးပြလိုက်သည်က အိုင်ဒေါစင်မြင့်နောက်မှ ပိတ်ကားထက်သို့ ဖြစ်သည်။ပိတ်ကားထက်တွင် နာမည်ကျော်မင်းသားလေးက ပန်းခြံအတွင်း လူအုပ်ကြီးဖြင့် ကနေသည်။

“မိုင်တယ် ... မိုက်တဲ ... မိုက်တဲ ... မိုင်တယ် ... မိုက်တဲ ... မိုက်တယ်”

---------------

ပြိုင်ပွဲအဆုံးတွင် ... ဘယ်သူမှ ဆုမရ။

အန်ကယ်ကြီးက ၂၅ မှတ်အပြည့်ပေးထားသူ ... ပြိုင်ပွဲတွင် တကယ်ပါဝင်ခွင့်မရှိသူ ... မိုင်တယ် ... မိုက်တဲ ... မိုက်တယ် သီချင်းဖြင့် ကနေသူ မင်းသားကလေးသာ ဆုရသွားလေတော့သည်။

တကယ်တမ်းတော့ ... အန်ကယ်ကြီးကို အားလုံးက ကြောက်နေရသည်လေ။

ဗြိတိသျှကိုကိုမောင်