News

POST TYPE

SATIRE

ဘားအံတွင် ရေဘေးကယ်ဆယ်စခန်း အရေးပေါ်ပြန်ဖွင့်
09-Aug-2018

ဘားအံ၊ သြဂုတ် ၉

ကရင်ပြည်နယ်တွင် ရေဘေးစခန်းအချို့ ပြန်လည်ရုပ်သိမ်းရာမှ ဘားအံမြို့တွင် သံလွင်မြစ် ရေပြန်တက်မှုကြောင့် ရေဘေးစခန်းတစ်ခုကို ယနေ့ ညနေပိုင်းက အရေးပေါ် ပြန်လည်ဖွင့်လှစ်ခဲ့ရသည်ဟု ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

ဘားအံမြို့တွင် သံလွင်မြစ်ရေ ပြန်ကျသဖြင့် ယခင်ရေဘေးစခန်း ၁၈ ခုအနက် ၅ ခုကို ပိတ်သိမ်းနိုင်ခဲ့သော်လည်း ယနေ့ ရေပြန်တက်မှုကြောင့် အရေးပေါ် ရေဘေးစခန်းတစ်ခု ပြန်ဖွင့်ရခြင်းဖြစ်သည်။ 

“ရေတစ်ပေကျော်လောက် ပြန်တတ်လာလို့၊ အ.ထ.က (၃) မိုးလုံလေလုံ အားကစားရုံမှာ ဒီနေ့လယ်မှာပဲ အရေးပေါ် ရေဘေးစခန်း ပြန်ဖွင့်ပေးရတယ်၊ စာရင်းကတော့ ညနေမှသိမယ်၊ ခုတော့ လက်ခံနေတုန်းပဲ၊ ပြန်တတ်လာတဲ့လူဦးရေ အကြမ်းဖျင်း ၁၀၀ ကျော်ရှိတယ်”ဟု ဘားအံမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းက ပြောကြားသည်။

ယနေ့ ညနေ ၆ နာရီ စာရင်းများအရ ပြန်လည်ဖွင့်လှစ်သည့် အရေးပေါ် ရေဘေးစခန်းတွင် အိမ်ထောင်စုပေါင်း ၁၀၂ စုမှ လူဦးရေ ၅၅၆ ဦး လက်ခံရရှိထားပြီးဖြစ်သည်ဟု ယင်းရေဘေးစခန်းတည်ရှိရာ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“မနေ့က ရေဘေးစခန်းသိမ်းလို့ ကျွန်တော်တို့ အိမ်ပြန်ကြတယ်၊ သန့်ရှင်းရေးလုပ်ပစ္စည်းတွေတင်တယ်၊ မနက်မှ ပစ္စည်းတွေတင်မယ်ပေါ့ မနက်ကျတော့ ရေက ပြန်တတ်လာလို့ ပြန်ရွေ့ရတယ်၊ နေလယ်အထိတော့ အိမ်မှာရေက ၂ မိုက်လောက် ပြန်တတ်လာတယ်”ဟု အမှတ် ၅ ရပ်ကွက် အောင်နန်း ၄ လမ်းနေ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။ 

ဘားအံမြို့တွင် သံလွင်မြစ်ရေမှာ ယမန့်နေ့က ၉၃၀ စင်တီမီတာမှကျဆင်းခဲ့ပြီး ၈၂၀ စင်တီမီတာအထိ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ရေအမှတ် ၈၃၈ စင်တီမီတာ ပြန်တက်ခဲ့ခြင်းဖြစ်သည်။

R-17