News

POST TYPE

SATIRE

ပခုက္ကူ ချောက်ကန်ရွာတွင် နိုင်ငံတော်အတိုင်ပင်ခံနှင့် ဒေသခံများ စကားဝိုင်း ယနေ့လုပ်မည်
08-Aug-2018

ရန်ကုန်၊ ဩဂုတ် ၈

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပခုက္ကူမြို့နယ် ချောက်ကန်ကျေးရွာတွင် ဒေသခံပြည်သူများနှင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ယနေ့(ဩဂုတ်လ ၉ ရက်)နံနက်ပိုင်း)တွင် ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစကားဝိုင်းတွင် ပါဝင်မည့် ဒေသခံရှစ်ဦး၏အမည်စာရင်းများကိုလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးစကားဝိုင်းအနေနှင့် ဇွန်လ ၁၄ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့တွင် နောက်ဆုံး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် လကုန်ပိုင်းက ကရင်ပြည်နယ် ဘားအံတွင် လူငယ်နှင့် ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ရေဘေးသင့် အခြေအနေများကြောင့် စကားဝိုင်းကို ဖျက်သိမ်းခဲ့ရပြီး ရေဘေးကယ်ဆယ်ရေး စခန်းများကို သွားရောက်ကြည့်ရှုကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ပခုက္ကူမြို့အပြင် ပုဂံ၊ ပုပ္ပားဒေသများကိုလည်း သွားရောက်ဖွယ်ရှိပြီး ခရီးစဉ် အသေးစိတ်ကိုမူ သိရှိရခြင်းမရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

“ခရီးစဉ်တွေကိုတော့ အသေးစိတ် ကျွန်တော်တို့ကို အသိပေးထားတာတော့ မရှိဘူး။ ဒါပေမဲ့ ပုပ္ပားတို့၊ ပုဂံတို့ဘက်ကိုလည်း ဆက်သွားဖို့ ရှိနေတယ်လို့ ကြားနေရတယ်ပေါ့”ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါ ငြိမ်းချမ်းရေးစကားဝိုင်းကို နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး လူမှုကွန်ရက်စာမျက်နှာများတွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

J-08