News

POST TYPE

SATIRE

အစိုးရကျောင်းများ၌ ဒေသထွက်အစားအစာများ ကျွေးရန်စီစဉ်
08-Aug-2018

ရန်ကုန်၊ ဩဂုတ် ၇

အစိုးရကျောင်းများတွင် ကျောင်းတွင်း အာဟာရကျွေးမွေးမှု အစီအစဉ်အရ အသင့်စား အစားအသောက်များထက် ဒေသထွက်အစားအစာများကို ကျွေးမွေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ပြောကြားသည်။

“WFP က သူတို့ရဲ့စီမံချက်ဒေသတွေမှာ ကျောင်းတွင်းအာဟာရအနေနဲ့ ဘီစကစ်တွေ ကျွေးတာရှိတယ်။ ဒါကို ဆရာမတို့က အားမပေးချင်ဘူး။ ဘီစကစ်က ကယ်လိုရီတွေ အများကြီးပါတော့ အာဟာရချို့တဲ့တဲ့ ကလေးတွေအတွက် ကောင်းပေမယ့် ပုံမှန်ကျောင်းတွင်း အာဟာရကျွေးတာကို ဒေသထွက်အစားအသောက်တွေ ချက်ကျွေးတာ ပိုအားပေးပါတယ်”ဟု ၎င်းက ဆိုသည်။

အမျိုးသားအဆင့် ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်း အစီအစဉ် အကောင်အထည်ဖော်ခြင်း စီမံချက်ဖြစ်သည့် အာဟာရဖြည့် ဘီစကစ်ကျွေးမွေးခြင်းနှင့် ကျောင်းတွင်းနေ့လယ်စာ ကျွေးမွေးခြင်းစီမံချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းအစီအစဉ်သည် အာဟာရမြှင့်တင်ခြင်း လှုပ်ရှားဆောင်ရွက်မှု တစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်ကြောင်း၊ အစာအာဟာရနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်နှင့် ချိတ်ဆက်ပေးသွားရန်နှင့် ဒေသအတွင်း ရရှိနိုင်သော အစားအစာများဖြင့် ကျောင်းတွင်းအာဟာရကျွေးမွေးရေး အစီအစဉ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

“ကျွန်မတို့က သုံးစွဲသူတွေပဲဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့ကလည်း ကျန်းမာရေးနဲ့ညီညွတ်တာပဲ ဖြစ်ချင်ပါတယ်”ဟု အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အဆိုပါအစီအစဉ်ကို တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်ပေါင်း ၆၅ မြို့နယ်တွင် လုပ်ဆောင်ခဲ့ပြီး ယင်းမြို့နယ်များ၌လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် မြို့နယ်အသစ်များနှင့်လည်း ချိတ်ဆက်သွားရန်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာအစိုးရ ကျောင်းများမှ ကျောင်းသားပေါင်း ကိုးသန်းကျော်နှင့် ကျောင်းပေါင်း ၄၇,၀၀၀ ကျော်အနက် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို သက်ဆိုင်ရာဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် အနည်းငယ်မျှသာ လုပ်ဆောင်နိုင်သေးကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

J-12