News

POST TYPE

SATIRE

မောင်ဗြိနှင့် ရေမျောကမ်းတင် စီးပွားရေး
28-Jul-2018 tagged as

“မြန်မာ့စီးပွားရေးက ကျဆင်းနေပြီ”

တစ်ယောက်က ဒီဂလို။

“ဘယ်ကသာကွာ ... မြန်မာ့စီးပွားရေးက မကျဘူး ... ကျချင်ယောင်ခဏဆောင်တာ ... ပြီးရင် တက်မှာ”

ဟော့ ... သူက တစ်မျိုးပါလား။

“ဒေါ်လာဈေးတက်တော့ ထုတ်ကုန်တွေ ဈေးပိုရနေတာ မယုံ နိုင်ငံပိုင်သတင်းစာကြည့်”

အယ်လဲ ... သူကလည်း အထောက်အထား ခိုင်ခိုင်မာမာနှင့်။

“တက်လည်း မတက်ဘူး။ ကျလည်း မကျဘူး။ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးတိုက်ပွဲကြောင့် ဖြစ်နေတာ”

ဒါကလည်း အင်တာနေရှင်နယ်ပါ့လား။

“နို့ ... မြန်မာ့စီးပွားရေးက ကျနေတယ်ဆို ... ဘယ်တုံးက တက်ဖူးလို့တုံး ... ကိုရင်တို့ရဲ့”

ဒါလည်း မှန်နေတာပဲ။ တကယ်ပါ။

မောင်ဗြိတို့ရပ်ကွက်က ဘုရားဒကာ၊ ကျောင်းဒကာကြီးတွေရဲ့ အဲ့ဒါ ဟိုနေ့က ဝါမဝင်ခင်လေး စပါကလင်နဲ့ ရောချကြတဲ့ ဝိုင်းကလေးရဲ့ အသံတွေပေါ့။

“တိုင်းပြည်မပြောင်းလဲတာ ... အစိုးရက စီးပွားရေး မလုပ်တတ်လို့”

“စစ်တပ်ကြောင့်ပါဗျာ”

“ဟေ့ ... မဟုတ်ဘူး ... သူပုန်တွေကြောင့်ကွ”

“ဘယ်ကသာ ... အင်တာနေရှင်နယ်မှာ ဟိုဘင်္ဂါလီအရေးနဲ့ မြန်မာက ပုံရိပ်ကျနေလို့ဗျ”

“ဟေ့ ... ဘယ်သူ့ကြောင့်မှမဟုတ်ဘူး ... ပြည်သူတွေကိုယ်က သောက်သုံးမကျလို့ကွ”

ဒီအဘိုးကြီးတွေ လွန်လာချေပြီ။

မောင်ဗြိသည် သောက်လက်စ အရက်ခွက်ကို ဒုန်းခနဲ ဆောင့်ချလိုက်သည်။ အဘိုးကြီးတစ်သိုက်က ဆူညံနေသံများ ရပ်သွားသည်။

“ပြည်သူ မကောင်းလို့ ခုန ဘယ်သူပြောလိုက်တာလဲ”

မောင်ဗြိ အမေးကို ဘယ်သူမှမဖြေ။ မောင်ဗြိ၏ခါးကြားမှ တစ်စုံတစ်ရာကို ထုတ်လိုက်သည်။

“ဖြေလေ ... ဘယ်သူပြောတာတုံး”

မောင်ဗြိ လက်ထဲမှ ဝက်အူလှည့်ကိုကြည့်ကာ လူကြီးများ ပေကလပ် ပေကလပ် ဖြစ်ကုန်ကြသည်။

“မောင်ရင်ဗြိ ... စိတ်ကို လျှော့ပါကွာ ... နော်”

“မလျှော့နိုင်ဘူးဗျာ ... ကျွန်တော် ဒီဝက်အူလှည့်ကို ဘာလို့ လမ်းသွားတိုင်း ဆောင်လဲ သိလား”

တုန်လှုပ်နေသော မျက်လုံးများမှအပ ဘာအသံမှမထွက်။

“အင်း ... ခင်ဗျားတို့ မသိရင် ရှင်းပြမယ် ... အခုလို မိုးလေး စက်စက်စက်စက် ရွာပြီဆို အပြင်ကိုထွက်ရင် ဟော့ဒီ ဝက်အူလှည့်လေး ဆောင်သွား ... မူးနေတဲ့အခါ လမ်းဘေးဓာတ်တိုင်ကို သေးကော့ပန်းမယ်ဆိုရင်တောင် အရင် ဒီ တက်စတာ ဝက်အူလှည့်လေးနဲ့ ထောက် ကြည့် ... လျှပ်စစ်မစီးမှ ပန်းဗျ ... ဘေးကင်းတယ်”

“အမ်”

ဘိုးတော်ကြီးများ ကြောင်နန ဖြစ်သွားကြသည်။

“ဒီမယ် အဘိုးကြီးတို့ ... မြန်မာ့စီးပွားရေးကျတာတွေ၊ ပြည်သူမကောင်းတာတွေ ပြောမနေနဲ့ ... လောလောဆယ် လမ်းဘေးရေအိုင်ထဲက ဖြတ်မယ်ဆိုလည်း ဒါလေးနဲ့ထောက်ပြီးမှကူး၊ သံဆန်ခါတွေ၊ သံပန်းတွေကို ကိုင်မယ်ဆိုလည်း ဒါလေးနဲ့ထောက်ပြီးမှ ကိုင်း ခင်ဗျားကြီးတို့ အသက်တွေလည်းကြီးပြီ ... မြန်မာ့စီးပွားရေးကြီး တက်တာကျတာက ခင်ဗျားတို့နဲ့ ဝေးသေးတယ် ... ဓာတ်လိုက်ရင်တော့ နိဗ္ဗာန်တက်ဖို့က ပိုနီးတယ်ဗျ”

“အောင်မလေး ... မောင်ရင်ဗြိရယ် ... မင်းဟာက အလန့်တကြားကွာ ... ငါတို့မှာ ဘာလဲလို့ ... အေးပါ ... မင်းပြောသလို ဝက်အူလှည့်လေးတော့ ဆောင်ထားပါ့မယ်ကွာ”

“ဆောင်မယ် မလုပ်နဲ့ ... အခု ခင်ဗျားကြီးတို့က မူးနေတာ ... မိုးကလည်းရွာနေတာ ... ပြန်ရင် ပြဿနာ ရှိတယ် ...။ ဒီမယ် ... ကျွန်တော့်ဆီမှာ တက်စတာ ဝက်အူလှည့် ခြောက်ချောင်း အပိုပါတယ် ... တစ်ယောက် တစ်ချောင်း ဝယ်ပြန်ကြ ... တစ်ချောင်းမှ သုံးထောင်ပဲ ကျတယ်”

“အေး ... အေး ... တော်သေးတာပေါ့ ... မောင်ရင်ရယ် ... မောင်ရင်ဗြိ အမြော်အမြင်ရှိပေလို့ပဲ ... ပေးကွာ ... ငါ့တစ်ချောင်း”

ရှုလော့ ... စာဖတ်သူမိတ်ဆွေ။

မြန်မာနိုင်ငံ စီးပွားရေးကြီးတစ်ခုလုံးအပေါ် တက်ကပ်နေသလိုလို၊ အောက်ပဲကျနေလိုလို၊ ခပ်လှုပ်လှုပ်ဖြစ်နေသလိုလို မသေချာချိန်တွင် ကျွန်ုပ်မောင်ဗြိသည် မင်္ဂလာဈေးမှ တစ်ချောင်း ထောင့်ငါးရာတန် တတ်စတာ ဝက်အူလှည့် မိတ်အင်ချိုင်းနားများကို နှစ်ဆဈေးဖြင့်ရောင်းကာ စီးပွားဖြစ်ချေပြီ။

ထိုနေ့ညက ဝါအဝင် နှုတ်ဆက်ပွဲ အရက်ဝိုင်းကလေးတွင် မောင်ဗြိတစ်ယောက် အရက်အလကား ကပ်သောက်ရသည့်အပြင် ငွေကိုးထောင် ပွပေါက်တိုးလေ၏။

သို့နည်းတစ်နည်း မြန်မာ့စီးပွားရေး တက်သည် ကျသည် မောင်ဗြိ မသိ။ ငွေကိုးထောင်ကိုသာ မက်မိသည်။

အခြေခံစားကုန်များ ဈေးတက်ပြီး မုန့်ဟင်းခါးတစ်ပွဲ သုံးထောင်ဖြစ်နေသည်ဆိုသော အန်တီကြီး၏ဖေ့စ်ဘွတ်ခ်ကို ဖတ်ပြီးသကာလတွင်တော့ နည်းနည်း ရင်ခုန်သွားမိသည်။ မောင်ဗြိ မသိခင်မှာ မြန်မာ့ စီးပွားရေးကြီး ထိုးကျသွားပြီး ကုန်ဈေးနှုန်းများ ဒီလောက် တက်သွားရသည်လော။

ဒီလိုမှန်းသိ ဝက်အူလှည့်များကိုလည်း တစ်ချောင်း တစ်သောင်းလောက် ဈေးတင်လိုက်ရဟု အကြံဖြစ်မိပြန်သည်။

သို့သော်ငြား ... နောက်တစ်နေ့တွင် ဆင်မင်း ဈေးထိပ် မုန့်ဟင်းခါးဆိုင်ရှိ အဒေါ်ကြီးထံ တစ်ထောင်တန် တစ်ရွက်ကိုင်ပြီး မဝံ့မရဲသွားသည်တွင် တစ်ပွဲသုံးရာတည်းဟူသော နှုတ်ထွက်စကားကြားရမှ မြန်မာ့စီးပွားရေးကြီး ပြန်ကျသွားလေပါတကားဟု သက်ပြင်းချမိလေ၏။

ဆက်ပါရစေဦး ... စာဖတ်သူမိတ်ဆွေ။

မောင်ဗြိတို့ ရန်ကုန်မြို့ပြနေ ပြည်သူများသည် စီးပွားရေး တက်သည် ကျသည်ကို အမှန်တကယ် စိတ်မဝင်စားအားကြရှာပါ။

နေသာလျှင် ဘယ်နား မီးလောင်မလဲ၊ မိုးရွာလျှင် ဘယ်နား ဓာတ်လိုက်မလဲဟုသာ တွေးရင် လမ်းသွားတိုင်း အာရုံငါးပါးကို အရပ်ရှစ်မျက်နှာအပြည့် လွှတ်ထားနေကြရသည်။

တစ်ခါတစ်ရံ မိုးသဲလျှင် မဟာရန်ကုန်သမုဒ္ဒရာကြီးကို ငွေဆောင်ကမ်းခြေအမှတ်ဖြင့် လှိုင်းကလေးကြားတိုးကာ သွားနေကြရသည်။

တစ်ခါတလေ ကားအကောင်းစားကြီးများ တရကြမ်း မောင်းသွားသဖြင့် ရေများစင်လျှင်ပင် မျက်လုံး မော်မကြည့်ရဲ။ တော်နေကြာ ဟိုလူချမ်းသာ အစ်ကိုလေးများဖြစ်နေလျှင် သံဖိနပ်ကြီးများဖြင့် ဆင်းလာပြီး ဝိုင်းကန်၊ မသာပေါ်သွားနိုင်သည်။ မသာပေါ်သွားပြီးလျှင် ရှိသမျှ ငွေအား၊ အာဏာအားဖြင့် မြေဖို့ပစ်လိုက်သဖြင့် မသာတင်မဟုတ် တရားရုံးတော်ကြီးတောင် မြုပ်သွားနိုင်လောက်သည်မဟုတ်လား။

ဒီတော့ ... ရန်ကုန်ရွှေမြို့တော်ကြီးကို ကြောက်ကြောက်ရှိလှသဖြင့် မောင်ဗြိတစ်ယောက် ဝါဝင်ခါနီး ယခုကာလလေးတွင် မိဘများရှိရာ ပဲခူးသို့ ပြန်လာခဲ့ပါသည်။ ပဲခူးကား ရေဘေးဒုက္ခကို အကြီးအကျယ် ရင်ဆိုင်ရလျက်။

မောင်ဗြိ၏ ငယ်သူငယ်ချင်းကြီးကား မော်တော်ကား လမ်းနံဘေးတွင် ဈေးဆိုင်လေးဖွင့်ထားသဖြင့် ကားလမ်းပေါ် ရေကြီးနေသည်ကိုလည်း လေ့လာရင်း၊ သူ့ထံမှ စီးပွားရေး တက်ကျကိစ္စမေးရန် ရောက်သွားပါသည်။

သူငယ်ချင်းသည် သူ့ဆိုင်ရှေ့တွင် ခါးတောင်း ကျိုက်လျက် ဘောကွင်းတစ်ကွင်းကိုစီးကာ တစ်ဖက်က ဝီစကီပုလင်းကို တွယ်နေပါသည်။

“ဟေ့ကောင် ... ငဗြိ ... လာကွာ ... ချ ... ချောင်းသာ ရောက်နေတယ်မှတ်ပေါ့”

မောင်ဗြိလည်း ဘောကွင်းတစ်ခုပေါ် တက်ထိုင်ကာ သူ့ပုလင်းကို လက်လှမ်းလိုက်၏။

“သူငယ်ချင်း ... ဒီနှစ်ထဲ မင်းစီးပွားရေး အခြေ အနေ ဘယ်လိုလဲကွ”

“ဒီနှစ်တော့ ကောင်းတယ်ကွ ... မနှစ်က လုံးဝ မကောင်းဘူး”

“အင်း ... ဘာဖြစ်လို့လဲ ... ငါသိသလောက် လုပ်ငန်းရှင်တွေကတော့ ဒီနှစ်ထဲ စီးပွားရေး မကောင်းတာတဲ့”

“ဪ ... ငဗြိနဲ့ ခက်ပြီ ... ငါရှင်းပြမယ် ခဏစောင့်”

ခဏအကြာတွင် ကျွန်တော့် သူငယ်ချင်းထံသို့ လူတစ်ဦး ရောက်လာသည်။

“ငဗြိရေ ... လာဟေ့ ... မင်းကို စီးပွားရေး ဘာလို့ ကောင်းလဲပြမယ်”

သူငယ်ချင်းနှင့်အတူ လူငယ်သုံးဦးနောက်သို့ လိုက်သွားရာ ရေထဲတွင် ပျက်နေသော ကားတစ်စီးဆီသို့ ရောက်သွားသည်။

“တွန်းကြဟေ့ ... တွန်းကြ”

မကြာမီ ကားက ရေလွတ်ရာရောက်ပြီး စက်နှိုးရသွားသည်။ ကားပိုင်ရှင်က တစ်ထောင်တန် ဆယ်ရွက် ပေးသွား၏။

“ရော့ ... ငဗြိ ... မင်းဝေစု ... နှစ်ထောင် ... ကိုင်း ... ငါ အခု စီးပွားတက်နေတာ သိပြီမှတ်လား ... တစ်နေ့ တစ်သောင်းလောက်ရတယ်ဟ”

“ဟာ ... မင်းတို့ဟာ ရေမျောကမ်းတင် စီးပွားရေးကြီးပဲ ... ငါက မင်းတို့ အလကား ကူညီပေးနေတယ် မှတ်လို့ ... ဝိုင်းလုပ်မိတာ ... ဒါမျိုးကတော့ကွာ ... လူတွေ ဒုက္ခရောက်နေချိန်မှာ ... မင်းတို့က ကိုယ့်အတွက်ပဲ ကိုယ်ကြည့်နေကြတယ် ... ဘာလဲကွာ ... ဒါမျိုး ငါလက်မခံဘူး”

မောင်ဗြိ ဒေါသတကြီး ပြောသည့်အခါ သူငယ်ချင်းက ဟက်ဟက်ပက်ပက် ရယ်ပါတော့သည်။

“ဟေ့ကောင် ... ငဗြိရာ ... မင်း အကြီးကြီးတွေ လျှောက်မပြောပါနဲ့ဟ ... အဲ့ဒီ ရေမျောကမ်းတင် စီးပွားရေးက ခိုင်တယ်ဟ ... ငါတို့က နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရအောင် လုပ်ပေးတာပါ ... လွှတ်တော်မှာ ဘတ်ဂျက်တိုးတောင်းနေတာလည်း မဟုတ်ဘူး ... မင်းနှယ့်ကွာ”

ကျွန်တော် ဆက်မပြောတော့။

ရေကြီးရသည့်အထဲ ငါးပိကြော်အနံ့ကပါ ရလာသည်။

တော်ပြီ။

ရန်ကုန်ပြန်ပြီး တက်စတာ ဝက်အူလှည့်လေး ထောက်ပြီးပဲ လမ်းပြန်လျှောက်တော့မည်။

ဝက်အူလှည့်ရောင်းစားသည့် စီးပွားရေးလေးပဲ ပြန်လုပ်တော့မည်။

ဗြိတိသျှကိုကိုမောင်

  • TAGS