News

POST TYPE

SATIRE

မာလ်တီ တန်ခိုးဖြင့် အမျိုးဂုဏ် တိုးစေမည်
02-Oct-2016
“သူငယ်ချင်းကို သနားလွန်းလို့ ကယ်တင်ဖို့ ကိုယ်ရောက်လာတာပါကွာ။ ခဏလေးနဲ့ သူဌေး ဖြစ်မှာကွ။ ဘာမှလဲ ပင်ပင်ပန်းပန်း လုပ်စရာ မလိုဘူးသိလား”

မိဘများရှိရာ ပဲခူးမြို့သို့ မောင်ဗြိ ခဏ ပြန်လည်စဉ်က ဖြစ်သည်။ အမေက ပက်လက် ကုလားထိုင်တွင် ထိုင်ရင်း အေးအေးလူလူ ကိုရီးယားကား ကြည့်နေစဉ် ထိုကယ်တင်ရှင် ရောက်လာခြင်း ဖြစ်၏။ ကယ်တင်ရှင်ကား အမေ့သူငယ်ချင်း ကျောင်းဆရာမဟောင်း တစ်ယောက်။

မိသားစု တစ်စုလုံး အလုပ်ကိုယ်စီ လုပ်နေကြပြီး ငွေကြေး ပူပန်စရာ မလိုသည့် မောင်ဗြိတို့ မိသားစုကို သူဌေးဖြစ်ရန် မစဖို့ ရောက်လာသူ ထိုအမျိုးသမီးကား ခမ်းနား အားကျဖွယ်။

ဘဲလ်မှလွဲပြီး အကုန် အသံမြည်နေသော သူ၏ တရုတ် စက်ဘီးကြီးက အိမ်ရှေ့ မာလကာပင်ကို မှီပြီး ခမ်းနား ထည်ဝါစွာဖြင့် ရပ်ထား၏။ စက်ဘီးဒေါက်မှာ စပရိန် ပြုတ်နေသဖြင့် စက်ဘီးခမျာ မြေကမ္ဘာတွင် သူ့အားသူကိုး မရပ်နိုင်ရှာ။

ဆံပင်ဖြူ ထိုးထိုးထောင်ထောင်၊ ခန္ဓာကိုယ် ဖလံပေါင်ဖြင့် ထိုကယ်တင်ရှင်သည် အမေ့ကို စကားတွေ များစွာ ပြောသည်။ စကားကို ရေပက် မဝင်အောင် ပြောပြီး မောလာလျှင် အမေ ဧည့်ခံထားသော ပန်းသီး စိတ်များကို နှစ်စိတ် ပူးပြီး မျိုမျို ချသည်။ ရေခဲရေကို အငမ်းမရ ငှဲ့သောက်သည်။

ထို့နောက် သူက ဒီအိမ် ဒီမိသားစုကို ကယ်တင်ဖို့လာကြောင်း တရား ဆက်ဟောသည်။ သူသည် ကုမ္ပဏီ၏ ကိုယ်စားလှယ်တော်ကြီး။ သူ့လက်အောက်မှာ မန်ဘာ ဝင်ရမည်။ ဘာမှတော့ လုပ်စရာ မလို။ အသင်းဝင်ကြေး ပေးပြီး တစ်လ ပစ္စည်း နှစ်မျိုး ဝယ်ရုံ ဝယ်ရမည်။ နောက်ထပ် မန်ဘာတွေ ထပ်စုပေးရမည်။

ကိုယ့်လက်အောက်တွင် မန်ဘာတွေ များလာသောအခါ ငွေတွေ ဒလဟော ဝင်လာမည်။ အမြန်ဆုံး သူဌေး ဖြစ်မည်။ ကယ်တင်ရှင်ကြီးပင် တော်တော်လေး ဝင်ငွေ ကောင်းနေပြီဟု သိရ၏။

ကိုင်း ... ဂလောက် မြန်၊ ကောင်း၊ သက်သာတဲ့ သူဌေးဖြစ်နည်း ရှိဦးမလားတဲ့။

ဟိုတက်ကျမ်း ဆရာလေးရေးတဲ့ ဆယ့်ငါးမိနစ်အတွင်း သူဌေး ဖြစ်နည်းတို့၊ တစ်စက္ကန့်အတွင်း သောက်ကျိုးနည်း အောင်မြင်နည်းတို့ နားထားတော့။

သူဌေး ဖြစ်ချင်တဲ့ မောင်ဗြိလည်း ကိုယ့်အိမ်ပေါ်အထိ ရောက်လာတဲ့ ကယ်တင်ရှင်ကြီး စကားတွေကို သေချာ နားထောင်မိ၏။ ပန်းသီး နှစ်လုံးနှင့် ရေခဲရေ တစ်ဘူး ကုန်သည့်အခါ ကယ်တင်ရှင်ကြီး စကားသံတွေ ရပ်သွားသည်။

မောင်ဗြိ အမေကတော့ တီဗီက ကိုရီးယား မင်းသမီးလေး ငိုသည်ကိုသာ စိတ်ဝင်စားပုံရ၏။

“ကျွန်မကို မကယ်တင်ပါနဲ့။ ကျွန်မ ယောက်ျား လစာ၊ ကျွန်မသားသမီးတွေ လုပ်စာ၊ ကျွန်မ လစာနဲ့ ကျွန်မ ဒီဘဝမှာပဲ ပျော်ပါတယ်။ တခြားသူတွေကို သွားကယ်ပါ အစ်မရယ်”

အမေသည် သူဌေး ဖြစ်လိုသည့်စိတ် မရှိသဖြင့် မောင်ဗြိ နည်းနည်း နှာကစ်သွားသည်။ နောက်ဆုံး ကယ်တင်ရှင် အန်တီကြီးကို အားနာနာဖြင့် အိမ်အောက် လိုက်ပို့ရ၏။

ဒီတွင် ပြဿနာက တက်တော့သည်။
ကျွန်တော်တို့ မိသားစုကို ကယ်တင်ရန် ရောက်လာသော ကယ်တင်ရှင်ကြီး စီးလာသည့် ဖုတ်သွင်း ရထား အဲ ဖုတ်သွင်း စက်ဘီး မဟာသည် ချိန်းကြိုး ပြတ်လေတော့၏။

နောက်ဆုံးတော့ ကယ်တင်ရှင်ကြီး၏ စက်ဘီးကို ဆိုင်အပ်၊ ကယ်တင်ရှင်ကြီးကို မောင်ဗြိ ကိုယ်တိုင် အိမ်က ဆိုင်ကယ် နောက်တွင်တင်ကာ သူ့အိမ်အရောက် လိုက်ပို့ရသည်။ ကိုယ့်မိသားစုကို ကယ်တင်ဖို့ လာတဲ့ သူဌေးလောင်းကြီးပဲ။ လိုက်ပို့ရမှာပေါ့။

မကြာမီ သူဌေး ဖြစ်တော့မည့် ကယ်တင်ရှင်ကြီးကို ဆိုင်ကယ်နောက် တင်မောင်းရင်း ဒီလုပ်ငန်းအကြောင်း စဉ်းစားမိသည်။

မာလ်တီလယ်ဗယ် မားကက်တင်း ဆိုလား ဘာလား။ အဲ့ဒီ မန်ဘာဝင်တွေကို မောင်ဗြိ သဘော ကျသည်။ သူတို့၏ စည်းရုံးရေး အင်အားက မနည်းမနော။ ဒီလုပ်ငန်းက ဘာမှ မလုပ်ဘဲ သူဌေးဖြစ်မည့် စွန့်ဦးတီထွင်ကြီးများ စုဝေးရာ။
 
သူတို့ကား လူအများကိုပင် ထပ်ကယ်တင်ဦးမည်။ ချမ်းသာစေဦးမည်။ ကယ်တင်ရှင် မန်ဘာကြီးများ ကျေးဇူးဖြင့် တစ်နိုင်ငံလုံး မန်ဘာ ဖြစ်ကုန်လျှင် တစ်နိုင်ငံလုံး ချမ်းသာပေပြီ။

အစိုးရအဖွဲ့ကိုပါ မန်ဘာအဖြစ် သိမ်းသွင်းပြီး မန်ဘာ အစိုးရ၊ မန်ဘာ လွှတ်တော်ကြီး ဖွဲ့မည်။ 

တစ်နိုင်ငံလုံး ဘာအလုပ်မှ လုပ်စရာ မလိုဘဲ ဝင်ငွေ ကိုယ်စီ ရမည်။ တစ်နိုင်ငံလုံး မန်ဘာဖြစ်ပြီး သွားလျှင် အိမ်နီးချင်း နိုင်ငံတွေဆီ လေယာဉ်များ စင်းလုံး ငှားပြီး စည်းရုံးရေး ဆင်းကြမည်။

ဒီနိုင်ငံတွေခမျာ မောင်ဗြိတို့နိုင်ငံလို မန်ဘာ ဝင်ရုံနှင့် သူဌေး ဖြစ်မည့်နည်းကို မသိကြရှာသဖြင့် ကယ်တင်ရန် တာဝန်ရှိသည် မဟုတ်လား။

အရှေ့တောင်အာရှမှသည် အာရှ။ အာရှမှသည် တစ်ကမ္ဘာလုံး။

ဒီလိုနှင့် မြန်မာပြည်မှ မဟာ မာလ်တီလယ်ဗယ် မားကက်တင်း စီးပွားရေး ပညာရှင်ကြီးများသည် သောက်လုပ် မလုပ်ဘဲ သောက်ကျိုးနည်း ငွေတွေဝင်သည့် စနစ်ကြီးဖြင့် တစ်ကမ္ဘာလုံးမှ ဆင်းရဲမွဲတေမှုများကို တိုက်ဖျက် ပေးတော့မည်။

ဒီလိုမျိုး အလားအလာ ကောင်းတွေ ရှိသည့် မန်ဘာတွေကို လူလိမ်တွေ၊ ငတုံးတွေဟုဆိုကာ လူအချို့နှင့် မီဒီယာများ ပုတ်ခတ်ကြသည်။

သင်းတို့ကား ဘာအလုပ်မှ မလုပ်ဘဲ လူအများ ချမ်းသာမည်ကို မလိုလားသည့် လူများသာတည်း။

မြန်မာပြည်ကြီးအား မာလ်တီ တန်ခိုးဖြင် နှစ်ဆ တိုးကာ အမျိုးဂုဏ် တက်စေမည့်အရေး သင်းတို့ မရှုဆိတ်သည်တကား။

ဒါကြောင့်လည်း မာလ်တီမန်ဘာတို့၏ မဟာကယ်တင်ရှင် ဆရာကြီး ဂျိုးက မြန်မာပြည်က မီဒီယာတွေဟာ ငတ်လို့ လုပ်စားနေတာဟု ရဲရဲတောက် မိန့်ခွန်း တော် မဟာ မပီကလာ ပီကလာကို ခြွေလိုက်ခြင်းပင်။

ဆရာကြီး ဂျိုးက မာလ်တီ မန်ဘာတွေကို ထိလာသူတွေကို အရေး၊ မြန်မာပြည် အရေးအတွက် ရတက် မအေးသဖြင့် မာလ်တီထိသူတွေကို တရား စွဲမည်ဟုလည်း ဆိုပြန်သည်။ တရားစွဲမည်ဟု ခြိမ်းခြောက်ရှာသော ဆရာကြီးဂျိုးကို မီဒီယာများက အသရေဖျက်မှုဖြင့် တရားစွဲဖို့ တကယ် လုပ်လာတာလည်း ကြားရသည်။

နောက်ဆုံးရ သတင်းကား ရဲရဲတောက် ဆရာကြီး ဂျိုးမှ မီဒီယာများကို သတင်းစာများမှ သုံးရက်တိတိ ပြန်လည် တောင်းပန်မည် ဟူသော သတင်းပေ။

ငတ်လို့ လုပ်စားသူတွေကို မဟာစီးပွားရေး မာစတာ ဆရာကြီးဂျိုးက တောင်းပန်ရတော့ပေမည်။

မောင်ဗြိ ... တောက်ခေါက်မိသည်။

“သား ... ရှေ့က လမ်းကြားလေးထဲ ဝင်ရင် အန်တီ့အိမ် ရောက်ပြီ။ သားလည်း အန်တီတို့ဆီ မန်ဘာ ဝင်ပါလားသား သားတို့အရွယ်ဆို ခဏလေးနဲ့ ဆူပါ ဗိုက်ဆာဖြစ်မှာ၊ အပေါင်းအသင်းလည်း ကောင်းတာပဲ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေးဖြစ်မှာ၊ အန်တီက သားတို့ကို ကောင်းစားစေချင်လို့ပါ”

မောင်ဗြိ တစ်ယောက် မာလ်တီလယ်ဗယ်တို့၏ ဆူပါ ဗိုက်ဆာကြီး ဖြစ်ချင်လာသည်။

“သား ... ရှေ့က အိမ်က အန်တီ့အိမ် ... ရပ်လိုက် ... တော့ သား”

မောင်ဗြိတို့ မိသားစုအား သူဌေးဖြစ်ရန် လာရောက် မစသည့် ကယ်တင်ရှင် အန်တီကြီး၏အိမ်သို့ ရောက်ချေပြီ။

သူဌေးလောင်း အန်တီကြီး၏ အိမ်ကား အီတလီမှ ပီဆာမျှော်စင် ကဲ့သို့ တစ်ဖက်သို့ စောင်းနေသဖြင့် သစ်သား ချောင်းကြီးများ ကူကာ ဒေါက်ခံထားရသည်။

ကယ်တင်ရှင် အန်တီကြီးက လှေကား ခနော်နီလေးကိုတက်စဉ် နောက်လှည့်ပြီး မောင်ဗြိကို စေတနာဖြင့် ပြောရှာသေးသည်။

“သား မန်ဘာ ဝင်ရင် သူဌေး ဖြစ်မှာနော်”

ယိုင်နဲ့နဲ့ အိမ်ဟောင်းလေးပေါ်မှ ကယ်တင်ရှင် သူဌေးလောင်း အန်တီကြီး၏ စကားကား ရင်ကို ထိသည်။

ဟုတ်ပါသည်လေ။

မန်ဘာ ဝင်လျှင် သူဌေးဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် တစ်ခုခုတော့ ဖြစ်ဖို့က ရာခိုင်နှုန်း များနေသည် မဟုတ်ပါလား။

ဗြိတိသျှကိုကိုမောင်


  • VIA