News

POST TYPE

SATIRE

ကိုယ်ရယ် မင်းရယ် ဖိုဒ့်ကားရယ်
10-Jun-2018 tagged as



မိန်းမရေ...ဘီယာဆိုင်လေး...ဘာလေး...သွားထိုင်ရင် ကောင်းမလား”ကျွန်တော်က အဆိုတင်သွင်းလိုက်တယ်။

“ရှင် ဒီတစ်ပတ် စာမူခရစရာရှိသေးလား”

ကိုင်း...မေးခွန်းမေးပြီ။

“မရှိဘူးလေကွာ”

ကဲ...ဖြေရသပေါ့။

“ဒါဆို...အိမ်မှာပဲ ဘီယာဘူးလေးဝယ်သောက် ...ဆိုင်သွားရင် သုံးလေးသောင်းပြုတ်မှာ...ဟွန်း”

နောက်ဆုံးက ဟွန်းဆိုတာက အဆိုကို အပြီးတိုင် ပယ်ချလိုက်သည့်သဘော။

ဒီတော့...ဘာဆက်ဖြစ်ကြသတုံး။

ဟယ်...ဘာဖြစ်ရမတုံး...ဝန်ကြီးတွေကို ကိုယ်ချင်းစာသပေါ့။

ဟ...ဘာမှမဆိုင်ပါလားဆို...။

ဆိုင်သပေါ့...ကိုယ့်လူ...အခုလို ဒီမိုကရေစီအစိုးရခေတ် နှစ်ထောင့်တစ်ဆယ့်ရှစ်ကြီးမှာ ကျွန်တော့်အဖြစ်က ဟိုဝန်ကြီးတွေနဲ့ တူနေသကိုးဗျ။

သိတယ်...မဟုတ်လား...အခုခေတ်စားနေတဲ့ ဟို...ဖို့ဒ်ကားလေ...ဖို့ဒ်ကား။

ဟဲ့...မောင်ဗြိ... နင့်ဝန်ကြီးတွေ လုပ်ပုံကရော ဟုတ်ကဲ့လား...ဂလောက် တိုင်းပြည်စီးပွားရေးက ချက်ဗလက်ကားလို ဖွတ်ချက် ဖွတ်ချက် မြည်နေတာ... သူတို့က သိန်းထောင်ကျော်တန်ကားစီးဖို့ တောင်းတယ်ဆို။

ဒီလို...မေးကြရော့မယ်။

နို့...ဒါတော့ဗျာ....ဇာတ်ထဲကဝန်ကြီးတွေတောင် တိုင်းပြည်တည်ခန်းကျ ဝါးလုံးကို ဝေါလုပ်စီးပြီး ထွက်တယ်မဟုတ်လားဗျ။

ကျုပ်တို့ တိုင်းရေးပြည်ရာကို နေ့မအားညမအား ကြိုးစားပန်းစားလုပ်နေတဲ့အခါ ဟိုအဘတွေခေတ်က ဂျင်းထည့်ခဲ့တဲ့ လိပ်လိုကားတွေကို စီးခိုင်းတာတော့ မနှိပ်ပါဘူးလေ။ အရင်ဝန်ကြီးတွေဆို ဟယ်လီကော်ပရာ တောင် စီးကြတာကိုးဗျ။

ဒီလိုကြီး...ပြန်ဖြေလို့ရသပ။

ဟ...မောင်ဗြိရ...နင့်ဝန်ကြီးတွေ လိပ်စီးတာ မစီးတာ ငါတို့မသိဘူး...တို့ဆင်းရဲသားများ အမြင်တော့ သိန်းတစ်ထောင်ဆိုတာ ဆယ်သက်စားမကုန်ဘူးလို့ မြင်တာဟဲ့...ဒီတော့...ဟာ...ဒီလူတွေ အာဏာရတော့ ဖင်ဇိမ်ခံဖို့ လွှတ်တော်တင်ရလားလို့ပဲ...ငါတို့ကမြင်တယ်...ဒါကို မင်းက လိုက်ဖာနေရအောင်...မင်းက ဝန်ကြီးမယားပါသားလား။

အဲ...ဒါမျိုးတွယ်လာပြီ ဆိုလို့ကတော့ ဒီလို ပြတ်ပြတ်သားသားဖြေမယ်...။

“အင်း...ဒါလည်း ဟုတ်တာပဲနော်... ဒါပေမဲ့... ဒီဘက်ကကြည့်တော့ ဟိုလိုမြင်ကြပေမယ့် ဟိုဘက်ကကြည့်တော့ ဒီလိုမြင်ကြပေမပေါ့နော်...ဟဲ...ဟဲ...ဟဲ...ဟဲ”

ကဲ...မှတ်ထားဗျိုး...အဲ့ဒါ ခြံစည်းရိုး ကားရား ခွထိုင်တဲ့ ဒီပလိုမက်တစ်စာရေးနည်းလို့ ခေါ်တယ်။

ဒီကိစ္စကြီးက အသာထားဦး။ ခုန ကျွန်တော် ဆိုတဲ့ အိမ်ထောင်ဦးစီးဝန်ကြီးက အိမ်တွင်းလွှတ်တော် ဆီ ဘီယာဆိုင်ထိုင်ရရေး အဆိုတင်သွင်းတဲ့ကိစ္စ ဆက် ဦးမယ်။

အစောပိုင်းမှာ လွှတ်တော်က အဆိုကို “ဟွန်း” တစ်ခွန်းနဲ့ ပယ်ချခဲ့ပြီဆိုတော့...အသနားခံစာကို ဒီနှယ့် ဗျူဟာချိန်းလိုက်တယ်။

“မိန်းမရေ...မင်းရော...ဖို့ဒ်ကား မစီးချင်ဘူးလား”

“တော်စမ်းပါရှင်...ဘာလဲ...ကျွန်မကို ရွေးကောက်ပွဲဝင်ခိုင်းဦးမလို့လား”

“မဟုတ်ပါဘူးကွာ...ငါ့မှာအကြံတစ်ခုရှိတယ် ...စာရေးတာထက် ပိုကောင်းမယ့် အလုပ်ပေါ့ကွာ”

ဒီနေရာမှာတော့ ကျွန်တော့်ဇနီးဟာ သူ့လင်ကို အထင်ကြီးရှာတယ်။

“ဘာလဲ... မလေးရှားကို မူးယစ်ဆေးတွေ ကွန်တိန်နာနဲ့ သွင်းမလို့လား” တဲ့လေ။

ကြားတာနဲ့ လက်ကောက်ဝတ်တွေ ယားလာတော့တာပဲရယ်။

“မဟုတ်ပါဘူးကွာ...မင့်ယောကျာ်းက အခုဆို လူနည်းနည်းသိတဲ့ စာရေးဆရာလေကွာ...ဘီယာ ဆိုင်လေး ဘာလေးထိုင်... ဓာတ်ပုံလေး ဘာလေးရိုက် ပြီး ဖေ့စ်ဘွတ်ခ်တင်မှ လူအထင်ကြီးမှာပေါ့...ဒီတော့ ငါ့မှာအကြံရှိတယ်...အဲ့ဒီအကြံအောင်ရင်...ကိုယ်ရယ်... မင်းရယ်...ဖို့ဒ်ကားကြီးရယ်မောင်းပြီး ဘီယာဆိုင်တွေ လှည့်ထိုင်တာပေါ့...အဲ့ဒီအကြံကို ငါပြောပြမယ်”

အဲ့ဒီလိုပြောတော့...မိန်းမက အားကိုးတကြီး ပြောရှာတယ်။

“ဒါမှ ငါ့ယောကျာ်း...ပြောလိုက်စမ်း...သောက် တလွဲတွေ” တဲ့။

ဒါမျိုး အားပေးလို့ကတော့ ပြောပြီလေ။

“ဒီလိုကွ...အခု ငါ ကားစက်ပြင်သင်တန်း သွား တက်မလို့”

“အောင်မလေး...ယောကျာ်းရယ်...ကြီးမှ လက်ပေးသင်ရတယ်လို့”

ကိုင်း...တွေ့ပြီလား...အမရာ ကန္နရီ မဒ္ဒီ သမ္ဗူလ တော်လေးဝ၀င်တဲ့ ကျွန်တော့်မယား...တစ်ခါတည်း ဂိန်ခနဲနေအောင် ဆော်တာပဲ။

“ဟယ်...ဆုံးအောင်နားထောင်စမ်းပါ...ငါ ကားစက်ပြင်ပညာတတ်ရင် ဝပ်ရှော့ဖွင့်မယ်”

“ကျုပ်တို့လမ်းထိပ်က ကားဝပ်ရှော့က ကိုအောင် ကြီးတောင် သူ့ ခွတွေ ခွင်းတွေ သံချေးတက်နေလို့ တစ်နေ့ တစ်နေ့ တိုက်နေရတာရှင်...”

“ဪသာ်...ဒီမိန်းမနှယ်...ငါ ဝပ်ရှော့ဖွင့်မှာက ဝိုင်ဘီအက်စ်တောင် မိုနိုပိုလီပိုက်ဆံထည့်စီးတဲ့ ဒီ ချာပါတီရပ်ကွက်မှာ မဟုတ်ဘူး”

“ဒါဆို တော်က...သူဌေးတွေနေတဲ့ အင်းလျား မြိုင်ထဲ ဖွင့်မှာလား... မလုပ်ပါနဲ့ရှင်...အင်းလျားမြိုင်ထဲ ကားရေဆေးတဲ့ မောင်ပုတုတောင် အလုပ်မကောင်း လို ပင်လယ်ဘက်သွားပြီး တံငါသည်လုပ်နေရတာ”

“ဟာ...ဒီမိန်းမ ပေါက်တတ်ကရတွေ... ငါ သွား ဖွင့်မှာ အစိုးရအဖွဲ့ရုံးရှေ့ဟေ့...အစိုးရအဖွဲ့ရုံးရှေ့”

“အဲ့ ရုံးရှေ့က...ဘာလို့တုံး”

“ဒီမိန်းမနှယ့်... ]အ} ချက်... အခု ဖို့ဒ်ကားကိစ္စ ဖြစ်နေတဲ့ ဝန်ကြီးတွေစီးတဲ့ကားတွေက တစ်စီးမှ မကောင်းဘူးတဲ့... ပျက်တစ်လှည့် ပြင်ရတစ်လှည့်ပဲ တဲ့ဟ...ဒီတော့...အစိုးရအဖွဲ့ရုံးရှေ့သွား ဝပ်ရှော့ဖွင့် လိုက်ရင်...ဝန်ကြီးဆယ်ပါး...ကားဆယ်စီး...တစ်နေ့ နှစ်စီးပုံမှန်ပျက်ရင်...အဆင်ပြေပြီ...ဝန်ကြီးကားဆို တော့...ဝန်ကြီးဈေး...တစ်ခါပျက် တစ်သိန်းပဲ...ကိုင်း... မနှိပ်လား”

ဒါပဲ။

အိမ်သူသက်ထားဟာ မျက်လုံးလေးကို ထောင့် ကပ်၊ လက်ကလေးချိုး၊ ပါးစပ်က သင်္ချာတွက်ပြီး

“အင်း...မဆိုးဘူး...တော်တော်ကိုက်မှာနော်” တဲ့။

ဒါ ဗျူဟာရဲ့ နောက်ဆုံး ကျားထိုးပြီး တောင် ကုန်းသိမ်းတဲ့အကွက်ပဲ ဆိုတော့ကာ...

“ကိုင်း...ဒါဆို...ဒီလို ဉာဏ်ပညာကြီးမားတဲ့ ခင်ပွန်းသည်ကို ရရှိထားတဲ့ ငါ့မိန်းမဟာ ဘီယာဆိုင် မှာ အကင်သွားစားရင်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုသင့် ပြီပေါ့”

ကိုင်း...မပိုင်လားဗျ။

ဒီလိုဆို ဂန်းမသား မောင်ဗြိ...မင်းက ခေါင်းစဉ် မှာ ဖို့ဒ်ကား ဘာညာရေးပြီး ဟိုဆော်မလို ဒီဆော်မလိုနဲ့ အဖျားရှူးသွားတာပေါ့လို့ ပြောတော့မယ် မဟုတ်လား။

ဒါက ဒီလိုရှိပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီး တော့ ဂျပန်စစ်ရှုံးပြီး အင်္ဂလိပ်တွေ မြန်မာပြည်ကို ပြန်ဝင် လာချိန်ပေါ့ဗျာ။ တိုင်းပြည်က အခြေတကျ တည်ငြိမ် သွားတဲ့အခါ ရန်ကုန်မှာ အငြိမ့်ပွဲတွေ သွင်းကြတယ်။ အဲ့ဒီမှာ လူရွှင်တော် ဦးဒံပေါက်က ပြက်လုံးပြက်တယ်။

“တို့ကို ကုပ်သွေးစုပ် အမြတ်ထုတ်တဲ့ ဂျပန်တော့ ပြေးပြီ...အမိဗမာပြည်ကြီး ရွှေမိုး ငွေမိုး ရွာပြီဟေ့”လို့လည်း ပြောရော...သူ့ဘော်ဒါ...လူရွှင်တော်တစ် ယောက်က ဝင်ပြောတယ်...

“ဟေ့ကောင်...အင်္ဂလိပ်ပြေးပြီး ဂျပန်ဝင်တုန်း ကလည်း...ငါတို့ ဒီပြက်လုံးပဲပျက်ခဲ့တာ... မဟုတ်လား” တဲ့။

ပရိသတ်က...ခဏကြောင်သွားပြီး ငြိမ်နေတယ်။ပြီးမှ...ဝေါခနဲ ရယ်ကြတာများတဲ့လေ။

ပရိသတ် ဘာလို့ရယ်ကြလဲတော့ ကျွန်တော် လည်း မသိဘူး။ အဲ့...သိခဲ့ရင်လည်း...မောင်ဗြိတို့က ဒီလိုဟာသမျိုးတော့ စာမျက်နှာပေါ် တက်မရေးပေါင်။

ဘယ့်နှယ်... ၆၆ (ဃ) ဆိုတဲ့ ပုဒ်မဟာ အာမခံ ရပြီဆိုပေမယ့် ရှေ့နေခက ဈေးကြီးတယ်ဗျ။

ဗြိတိသျှကိုကိုမောင်

  • TAGS