News

POST TYPE

SATIRE

လား အခွင့်အရေး ကော်မရှင်
25-Sep-2016 tagged as

ငဗြိတို့က လားတွေပါဗျာ။

ငင် ... ငဗြိရဲ့ နင်က လူ မဟုတ်ဘူးလား ... ဘယ့်နှယ် ... လား တုံး။

မဟုတ်ပေါင်။ လားပါဗျာ။ ဘုရားစူး၊ မိုးကြိုး စက်ကွင်းလွတ် လားပါဗျာ။

လား မောင်ဗြိပေါ့ဗျာ။

အလိုကွယ် ... လူစာတွေ ရေးနေတဲ့ လူမောင်ဗြိက ဘယ့်နှယ် လားမောင်ဗြိ ဖြစ်သတုံး။

ကိုင်း ... ကြုံတုန်း အဖြစ်လေးကို နတ်သံနှော ပြောရမပေါ့ ... မပေါ့။

လား ဆိုတာ ဘယ်လို သတ္တဝါတုံး သိတယ် မဟုတ်လား။

လား ဆိုတာ လူတွေ ဝန်တင်တဲ့အခါ သုံးတာ။ ခရီးသွားတဲ့အခါ သုံးတာ။ ဖင်ပြဲအောင် ခိုင်းပြီး အသုံး ခံရတာ။ အထူးသဖြင့် စစ်ပွဲတွေမှာ ဝန်တင်လားတွေကို သုံးတာ။ ဟိုတစ်ခေတ် တစ်ခါ ကမ္ဘာစစ်ပွဲတွေတုန်းကဆို လားတပ်ရင်း ဆိုတာတောင် သီးသန့်ရှိရဲ့။

လားတွေ ဘာဖြစ်တုံး။

ထုတယ်၊ ထောင်းတယ်၊ တောင်တက် ခိုင်းတယ်၊ ပစ္စည်း သယ်ခိုင်းတယ်။ လားက အသုံး မဝင်တော့ဘူးလား။ သတ်စားတယ်လေ။ ဘာမှ တန်ဖိုးထားစရာ မလိုတဲ့ သတ္တဝါ ... အဲဒါဟာ လားဗျ ... လားဗျ။

ဟုတ်ပါပြီ ... ငဗြိရယ်။ နင့်မလဲ လား ... လား ... လားနဲ့ ... တလားတည်း လား ... နေ။

ဘယ့်နှယ် ... ပဇာကြောင့် နင်က လား ဖြစ်သွားတာတုံးဆို။

အလိုဗျာ။

ဒီနေ့ခေတ် ဒီနေ့အခါကို ပုံပမာပြု ပြောပြပါ့မယ်။ လူ ငဗြိကနေ လား ငဗြိဖြစ်ရတဲ့ အကြောင်းလေး။

ဂလိုဗျ။

ငွေ မရှိရင် ... ဂုဏ် မရှိရင် ... အာဏာ မရှိရင် ... ရာထူး မရှိရင် ... လူဟာ လားဖြစ်တော့တာပဲကိုး။

လူများဗျာ။

လူလူချင်း လားလို ခိုင်းတယ်။ လားလို ကျင့်ကြတယ်ဆို ခင်ဗျား ယုံမလား။

သူတို့က ဂုဏ်ယူကြတယ်။ ဘာတဲ့ အိမ်ဖော် ကောင်မလေးတွေ။ ခိုင်းတဲ့ ကလေးတွေတဲ့။

ထွီ ... ဗျာ။

ကိုယ့်တစ်ကိုယ်ရေ နေထိုင်မှုကို ကိုယ့်ဘာသာ ဖြေရှင်းနေတဲ့ ခေတ်ကြီးထဲမှာ ငဗြိတို့ အရှေ့တောင်အာရှက မဟာ သခင်ကြီးတွေကတော့ အိမ်ဖော်တွေ၊ အခိုင်းစေတွေ ထားသဗျာ။

ကိုယ်တိုင် မလုပ် မကိုင်နိုင်တဲ့ သက်ကြီးရွယ်အိုတွေ ထား။ မြို့ကြီးပြကြီးမှာ ဘုရားဒါယိကာမအစ ... အထည်ကြီး မိန်းမပျက် အဆုံး ... အိမ်ဖော်လေးတွေနဲ့မှ ခေတ်မီတယ် ထင်သဗျ။

အိမ်ဖော်လား ... အိမ်ဖော်လို့ ပြောလို့ ရိုင်းတယ်လို့ ငဗြိကို ထင်သလား။

ဟေ့လူရေ ... အိမ်ဖော် ဆိုတာလေးတွေက ငဗြိတို့လို လားလေးတွေပါပဲ။

ငွေ မရှိ ဂုဏ် မရှိ အာဏာ မရှိ ... မရှိတန်းစား အာဝါဒါးတွေလေ။

သခင် လူတန်းစားတို့ ပြုသမျှ နုရ ရှာတာ။

အိမ်ဖော်ဆိုဆို ... အိမ်အကူဆိုဆို ... ငဗြိတို့ တိုင်းပြည်မှာတော့ သောက်ရမ်း ဂုဏ် ရှိချင်တဲ့ အသိုက်အဝန်းဟာ သူတို့မှာ အိမ်ဖော် ကောင်မလေးတွေ ရှိတယ်လို့ ကြွားကြတယ်ပဲရယ်။

လစ်ဘရယ်ဖြစ်ဖြစ်၊ ဒီမိုဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ... ညာဖြစ်ဖြစ် ... အိမ်က ကောင်မလေးတွေရယ် ... တစ်ယောက်မှ အသုံး မကျဘူးလို့ ပြောနေရတာကိုက ဂုဏ်ကြီးရှင် ဖြစ်သွားပြီလို့ ထင်ကြသကိုးဗျ။

ဆူပါပါဝါ နိုင်ငံကြီးက သမ္မတတောင် ကိုယ့်အိတ် ကိုယ်ဆွဲနေတဲ့ခေတ်မှာ ကိုယ့်အီအီးတောင် ကိုယ် ရေ မဆွဲချချင်တဲ့ ငဗြိတို့ဆီက လူတွေကတော့ တကယ့်ကို သခင်စိတ်ပါပဲ။

အေးလေ ... သခင်မျိုးဟေ့ ... တို့ဗမာကိုဗျ။

ကိုယ့်ဗမာ အချင်းချင်း ကျွန်ပြုတာကို ဂုဏ်ယူကြသပေါ့။

ဖြစ်ဆို ...

ဟိုးအစ အဘ အဘတို့ ခေတ်နှောင်းတုန်းက ပဲခူးဘက်မှာ တရားသူကြီး လူ လင်မယားက ... အိမ် အကူလို့ သူတို့ ယဉ်ကျေးစွာ ခေါ်တဲ့ ကလေးမကို မီးပူနဲ့ ကပ်တယ်ဗျာ။ ကျိုးအောင် ရိုက်သဗျာ။

ဟိုချာလည် ... ဒီချာလည်နဲ့ အမှုက ပျောက်သွားသပေါ့။ ပျောက်ဆို ဟိုကလေးမက လားကိုဗျ။ လူမှ မဟုတ်တာ။

တီဗီသရုပ်ဆောင်ပေါက်စ မင်းသမီးမမက ခန္ဓာကိုယ်ပေါ် တက်ခုန်လို့ မာလကီးယား သွားရှာတဲ့ ကလေးမ ဇာတ်လမ်းလည်း ကြားဖူးမှာပေါ့။ အဲ့ဒီသရုပ်ဆောင်မလေးလည်း မထင်မရှား ဘာညာသာရကာ သခင် အဆင့်ဆိုတော့ မော်စကိုထောင်ကို ညှောင်သွားသပေါ့။

နောက်ဆုံး ... ဟို စစ်ကဲဗိုလ်မှူး တစ်ဦးရဲ့ မိသားစုတွေက အိမ်အကူလို့ ခေါ်တဲ့ လားမလေး တစ်ဦးကို အင်္ကျီချွတ် ကြိုးတုပ် နေလှမ်း ရိုက်သဗျာ ... နှက်သပေါ့။

တော်သေးလို့။ လား အချင်းချင်း ရိုင်းပင်းရာက နိုင်ငံတော်ထဲ ဟိုးလေးတကျော်ဖြစ်လို့ ဒီလူလည်း နေရာက နားသွားရတာ။

ဒါဆို နောက်ထပ် လူကို လားလို့ သဘောထားတဲ့လူတွေ မရှိတော့ဘူး။ ကုန်ပြီတဲ့လား။
 
မကုန်ဘူးဗျို့။ ခေတ်အဆက်ဆက် ... ချန်ပီယံတွေကတော့ ရှိတာကလား။

သူတို့လား။

ဟေ့လူရေ ... အဟုတ်ရယ်ဗျ။

ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်၊ တပ်မတော် အစိုးရမင်းများခေတ်၊ ပြည်ခိုင်ဖြိုးခေတ်၊ ဒီချုပ်ခေတ် ... အလို ခေတ်အဆက်ဆက် မတိမ်ကောတဲ့ စကားပုံက ဘာများ ထင်တုံးဗျ။

အဲဒါလေ ... အဲဒါ ... ငွေများ တရားနိုင်တဲ့။

အို ... ငွေများမှ တရားနိုင်တာ မဟုတ်ဘူး။ ခေတ်ကြီးများတော့ ... ဟေ့လူရေ ... ငွေသာများ မတရား လည်းနိုင်တယ် ... မှတ်ဗျ။

မှတ်ဆို ...

ဟုတ်တယ်လေ။ ဒီနိုင်ငံမှ ငွေ မရှိ၊ ဂုဏ် မရှိ၊ အာဏာ မရှိ၊ ဟိုအကပ် ဒီအကပ် မရှိရင် လူ မဟုတ်ဘူး။ လားပဲဗျ။

ဝန်တင်မယ်။ ကြိမ်တို့မယ်။ ခိုင်းမယ်။ စားမယ်။ အသုံး မဝင်ရင် မာလကီးယားလမ်း ကြွမယ်။

နောက်ပိုင်းတော့ အဲ့ဒီလိုပဲ၊ လူက လူကို လားလို့ သဘောထားပြီး လူလို မကျင့်မှုတွေ ပေါ်လာသပေါ့ဗျာ။

အခုလား။ ပေါ်ပင်လား။
ဟုတ်သပဗျာ။ အပ်ချုပ်ဆိုင်က ကလေးမလေး နှစ်ယောက်ကို ဆိုင်ကြီးရှင် အိမ်ကြီးရှင် တစ်သိုက်က အပ်ချောင်းနဲ့ ထိုး၊ လက်ချောင်းကို ချိုး နှိပ်စက်တဲ့ အမှုကြီးပေါ့လေ။ 

အေးဗျာ ... ဘာမှမရှိတဲ့ လားတွေ ဘဝကိုဗျ။ ခံကြရမပေါ့။

အဲ့ဒီလိုဖြစ်တော့ ဟိုကော်မရှင်ဆိုတာကြီးက ကြားဝင်ညှိနှိုင်း ပေးခဲ့သတဲ့ဗျ။ မိဘတွေနဲ့ အိမ်ကြီးရှင်တွေကို အခန်း ပိတ်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်စေခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်ကြီးတွေပေါ့ဗျာ။

ငြိမ်းချမ်းရေးသမား ကော်မရှင် အဘိုးအဘွားတွေ ကျေးဇူးနဲ့ ကလေးမလေးတွေ လက်ချိုးခံ၊ မီးမြှိုက်ခံ ဘဝဟာ သိန်း ငါးဆယ်နဲ့ တိတ်တိတ်လေး အလျော်အစား ပြီးသွားသတဲ့။

အဟေး။ အခု အစိုးရမင်းများ ညံ့ချက်ရယ်ဗျာ။

ဒီကော်မရှင်ကြီးကိုသာ ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစည်းအဝေးမှာ ဝင်ညှိခိုင်းလိုက်။

အိုဗျာ ... လွန်လေပြီးသော နှစ်ခြောက်ဆယ် ပြည်တွင်းစစ် အတွင်းက အသတ်အဖြတ်တွေ အကုန်လုံး သိန်းငါးဆယ်တည်းနဲ့ တိတ်တိတ်လေး ပြီးသွားစေရမယ်မှတ်။

ဒါပဲဗျ ... လူတွေက ဒီကော်မရှင်ရဲ့ အစွမ်းကို မသိကြတာ … ။

ကိုင်း ... အခုတော့ဗျာ။

စာနယ်ဇင်းသမား တစ်ယောက်က ဖော်လို့ဖြင့် အိမ်ကြီးရှင် လူကြီးမင်းတို့နဲ့၊ အနှိပ်စက်ခံ လားမလေးတွေနဲ့၊ မဟာညှိနှိုင်းရေးမှူး ကော်မရှင်ကြီးနဲ့ ငဗြိတို့လို လား စာနယ်ဇင်း၊ လား ပြည်သူ ငစနူအပေါင်း ပြဿနာတွေ ရှုပ်ကုန်ပြီလေ။

“ဟေ့ကောင် … ငါ့လက် လာချိုး … လာ အခုလာ”ဆိုသလိုမျိုး ကော်မရှင်နာ (ကော်မရှင်နာ) မင်းကြီးက စိန်ခေါ်ပေမယ့် သိန်းငါးဆယ် မတတ်နိုင်တဲ့ လား မီဒီယာတွေ မချိုးရဲရှာဘူးဗျ။

အဲ့လို ... အဲ့ဂလိုရယ်ဗျ ...။

ကော်မရှင်ဆိုတဲ့ အဟွာကြီးဟာ ငွေ မရှိ၊ ဂုဏ် မပါ၊ အာဏာဗလာ ... ငဗြိတို့လို့ အနှိမ်ခံလားတွေဘက် ရပ်တည်ချက် ကြီးမားပုံများလေ။

ဒါကြောင့် ငဗြိတို့လို ဆင်းရဲသား လားတွေဘက်က ရပ်တည်ပြီး လက်ချိုး၊ ခြေချိုး ဟိုသခင်ကြီးမျိုးတွေဆီက သိန်းငါးဆယ် တောင်းပေးတဲ့ ကော်မရှင်ကြီးကို ငဗြိကတော့ ကျေးဇူးတင်တင်နဲ့ လား ကော်မရှင်လို့ ဘွဲ့တပ်လိုက်ချင်သဗျာ။

ကိုင်း ... လားငဗြိ မေတ္တာ ဝေတယ် ... လား အခွင့်အရေး ကော်မရှင်က ... လား ကော်မရှင်နာများ ... ကောင်းရာသုဂတိ လားကြပါစေသတည်း။

ဗြိတိသျှကိုကိုမောင်


  • TAGS