News

POST TYPE

SATIRE

ဇော်ဝင်းမောင် လေယာဉ်မောင်းသလိုပ
26-May-2018

လွန်ခဲ့သော လေးငါးလကပင် ကျွန်တော့်အမေသည် ဖေ့စ်ဘွတ်ခ် သုံးတတ်သွားခဲ့သည်။

မူလတန်းပြ ဆရာမအဖြစ် နှစ်ပေါင်းသုံးဆယ်ကျော်ကြာ လုပ်ကိုင်ခဲ့သောအမေသည် နည်းပညာဖြင့် မရင်းနှီးခဲ့။ ကျွန်တော်တို့ ဖုန်းများကိုင်သုံးချိန်တွင်ပင် အမေသည် ဖုန်းကို ဘယ်လိုခေါ်ရမည်မသိ။

နောက်တော့ ကီးပတ်ဖုန်းလေး အမေကိုင်သည်။ ခလုတ်တွေ စမ်းတဝါးဝါးနှိပ်ရင်း ကျွမ်းကျင်သွား၏။ အမေ ကီးပတ်ဖုန်း ကိုင်တတ်ချိန်တွင် ကျွန်တော်တို့က တက်ခ်စခရင် ခေါ် အန်းဒရိုက်ဖုန်းများ ကိုင်နေကြပြီ။ ဖေ့စ်ဘွတ်ခ်ဆိုတာကြီးကိုလည်း တွင်တွင်ကျယ်ကျယ် သုံးနေကြပြီ။

အမေနှင့် နိုင်ငံခြားမှ သူ့အစ်မတို့ ဗီဒီယိုကောလ်ဖြင့် ဖုန်းပြောကြလျှင် ကျွန်တော်တို့ဖုန်းများဖြင့် ခေါ်ပေးကြရသည်။ တစ်ခါတစ်ရံ ဖေ့စ်ဘွတ်ခ်မှ သတင်းများကို ကျွန်တော်တို့ ပြောဆိုနေလျှင် အမေ စိတ်ဝင်တစား နားထောင်သည်။

သည်လိုနှင့် ကျွန်တော် ယူလာသည့် သတင်းစာများကိုသာ ဖတ်သောအမေသည် ဖေ့စ်ဘွတ်ခ်ကို စိတ်ဝင်စားလာသည်။ အမေ့သူငယ်ချင်း အများစုလည်း ဖေ့စ်ဘွတ်ခ်အကောင့် ဖွင့်လာကြသည်။

အန်းဒရိုက်ဖုန်းတစ်လုံး ဝယ်ပြီးသောအခါ ကျွန်တော့်ညီက အမေ့အတွက် ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခု ဖွင့်ပေးသည်။ ပြီးတော့ သုံးစွဲနည်းကိုပါ သင်ပေးလိုက်၏။

အခုတော့ အမေသည် သူ့ငယ်သူငယ်ချင်းတွေနှင့် ဖေ့စ်ဘွတ်ခ်မှာ ပြန်တွေ့ကြသည်။ ပုံတွေ တင်တတ်ခဲ့ပြီ။ သတင်းတွေလည်း ရှာဖတ်တတ်ခဲ့ပြီ။ ဖေ့စ်ဘွတ်ခ်ပေါ်မှ အက်တူဒိပ်သတင်းများကို အမေ ပြောနိုင်ဆိုနိုင်လာသည်။ အမေ ညစဉ်ကြည့်သည့် ကိုရီးယားကား တစ်ကားနှင့်တစ်ကား ကြားကာလလေးတွင် ဖုန်းကိုပွတ်ကာ သတင်းတွေ ဖတ်တတ်လာခဲ့ပြီဖြစ်သည်။

မနေ့ကတော့ အမေသည် ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ကာ ဖေ့စ်ဘွတ်ခ် သတင်းတစ်ခုကိုဖတ်ရင်း ကျွန်တော့်ကို လှမ်းပြောသည်။

“နုတ်ထွက်သွားတဲ့ ဒီဝန်ကြီးအကြောင်း ဖတ်ရတာ ငါ့တပည့် ဇော်ဝင်းမောင်ကြီးကို သတိရလိုက်တာဟယ်”တဲ့။

အမေပြောမှ ဝန်ကြီးတစ်ပါး နုတ်ထွက်သွားသည်ကို ကျွန်တော် သိရသည်။

“ပြပါဦး အမေ ... ဘယ်ဝန်ကြီး နုတ်ထွက်တာလဲ”

“ဟိုဝန်ကြီးလေဟယ် ... မြန်မာ့စီးပွားရေးက ဂျက်လေယာဉ်ကြီးလို ထိုးတက်တော့မယ်ဆိုတဲ့ဝန်ကြီး တစ်လောကတောင် အဂတိလိုက်စားမှုနဲ့ စစ်ခံရသေးတယ် မဟုတ်လား ... သူ ... သူ”

“အမေကလည်း သူနုတ်ထွက်တာနဲ့ အမေ့တပည့် ဇော်ဝင်းမောင်ကို သတိရတာနဲ့ ဘာဆိုင်လို့လဲ”

“ဆိုင်တာပေါ့ဟဲ့ ... နင်ကလည်း”

ဝန်ကြီးထွက်တာနဲ့ အမေက ဘာကြောင့် ဇော်ဝင်းမောင်ကို သတိရသွားပါလိမ့်။ ကျွန်တော် ဇော်ဝင်းမောင်အကြောင်း စဉ်းစားမိသည်။

ဇော်ဝင်းမောင်။

လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်လောက်က အမေ့တပည့်ဟောင်း။ အမေသည် ကျွန်တော်တို့မြို့၏ ဆင်းရဲသား အများစုဖြစ်သော ရပ်ကွက်မှ အလယ်တန်း ကျောင်းလေးတွင် တာဝန်ကျခဲ့သည်။ ယခုအချိန်အထိ နှစ်ပေါင်းသုံးဆယ်တိုင် ထိုကျောင်းကလေးမှာပင် မူလတန်းပြဘဝနှင့် အမေ နေနေခဲ့သည်။

အမေ ရာထူးတိုး ယူသော်လည်း မူလတန်းသာ သင်သည်။ ကလေးတွေနှင့်နေရတာ စိတ်ချမ်းသာသည်ဟုလည်း ဆိုတတ်သည်။ ဆင်းရဲသားရပ်ကွက်မို့ ကျောင်းသား ကျောင်းသူ အများစုက နွမ်းပါးကြသည်။ အမေသည် ထမင်းချိုင့် ထည့်သွားလျှင် ထမင်းကို ချိုင့်ထဲ သိပ်ထည့်ပြီး ဟင်းများများ ထည့်သွားရလေ့ရှိသည်။

ထမင်းစားလွှတ်ချိန်ရောက်လျှင် အမေလုပ်နေကျအလုပ်က “ဒီနေ့ ဘယ်သူ ထမင်းချိုင့် မပါဘူးလဲ ... လက်ညှိုးထောင်”ဟု မေးခြင်းပင်။

အနည်းဆုံး တစ်နေ့လျှင် လက်ညှိုးနှစ်ချောင်းတော့ အမြဲရှိတတ်သည်။ ထိုလက်ညှိုးနှစ်ချောင်းထဲတွင် အမြဲတမ်းပါနေသူက ဇော်ဝင်းမောင်။

ဇော်ဝင်းမောင်သည် ချို့တဲ့၏။ ဇော်ဝင်းမောင်နေသည်က ကတွင်းကျန်သင်္ချိုင်းဟုခေါ်သည့် အမေတို့ကျောင်းနားက သင်္ချိုင်းလေးနားက တဲစုတွင်ဖြစ်သည်။ ဇော်ဝင်းမောင် အဖေသည် အသုဘလှည်းမောင်းသည်။

ထိုစဉ်အခါက အသုဘကား ခေါ် နိဗ္ဗာန်ယာဉ်သည် မြို့ပေါ်ရပ်ကွက်များတွင်သာ အသုံးများလှသည်။ မြို့စွန်ဆင်းရဲသားရပ်ကွက်များကတော့ အသုဘလှည်းကို သုံးသည်။ နွားနှစ်ကောင်ဆွဲသည့် အသုဘလှည်း။ 

ဇော်ဝင်းမောင်က ငယ်ငယ်ကတည်းက ရည်မှန်းချက်ကြီးသည်။ သူ့အဖေက တစ်သက်လုံး အသုဘလှည်း မောင်းလာသည်ကို သူမနှစ်မြို့။

“ဆရာမ သားကြီးလာရင် အဖေ့ထက် သာတာ ဖြစ်စေရမယ်”

“သားက ဘာဖြစ်ချင်တာတုံး ဇော်ဝင်းမောင်ရဲ့”

“သားက အဖေ့လို အသုဘလှည်း မမောင်းဘူး။ အသုဘကားကြီး မောင်းမှာ”

နှစ်တန်းအရွယ် ဇော်ဝင်းမောင် ပြောလိုက်သောစကားက အမေတို့ ဆရာမတွေကြား ငိုအားထက် ရယ်အားသန်ခဲ့ကြသလို ကျွန်တော်တို့ မိသားစုတွင်လည်း အမေက ပြန်ပြောပြတတ်သည်။

ထို့ကြောင့်လည်း အမေသည် ဇော်ဝင်းမောင်ကို အသနားပိုခဲ့ပါသည်။ သို့သော် ဇော်ဝင်းမောင်ကား လေးတန်းနှစ်တွင် ကျောင်းထွက်သွားခဲ့သည်။

တစ်ခါတစ်ရံ ထိုရပ်ကွက်ထဲမှ ကျောင်းသား မိဘအချို့၏ အသုဘကို အမေလိုက်ပို့သည့်အခါ သူ့အဖေနှင့်အတူ အသုဘလှည်းမောင်းနေသော ဇော်ဝင်းမောင်ကို တွေ့ခဲ့ပါသည်။

တစ်ခါကလည်း အသုဘလှည်း အလွတ်ကြီးကို နွားနှစ်ကောင်ကြိမ်တို့ပြီး မောင်းလာသည့် ဇော်ဝင်းမောင်သည် အမေ့ကိုတွေ့သောအခါ လှည်းကိုအတင်း ရပ်ပါသည်။

“ဆရာမ သား လှည်းပေါ်တက်၊ ကျောင်းကို လိုက်ပို့ပေးမည်”ဟု အတင်းခေါ်နေသဖြင့် အမေ့မှာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ရသေးသည်တဲ့။

အမေ့တပည့် ဇော်ဝင်းမောင် ဇာတ်လမ်းက ဒီမျှနှင့်မပြီး။

ဇော်ဝင်းမောင်သည် သူ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်သည်။ အသုဘလှည်းမောင်းသည့်ဘဝမှ အသုဘကား မောင်းချင်သည့် ရည်မှန်းချက်အတိုင်း ကြီးကောင်ဝင်စအရွယ်တွင်ပင် ရပ်ကွက်ထဲက လူငယ်အချို့နှင့်အတူ မိုင်းရှူးမြို့သို့ ကျောက်တူးရန်သွားပြီဟု သူနှင့် တစ်ရပ်ကွက်ထဲ ကျောင်းသားများ ပြောစကားအရ အမေသိခဲ့ရသည်။

နောက်သုံးနှစ်အကြာတွင် အမေပြောပြောနေသည့် ဇော်ဝင်းမောင်ကို တွေ့ဖူးရန် အကြောင်းဖန်လာပါသည်။ အမေနှင့် ကျွန်တော်သည် ကျွန်တော် မိသားစု ဖွင့်ထားသော လက်ဖက်ရည်ဆိုင်လေးမှ အထွက်တွင် အမေ့ရှေ့သို့ လူတစ်ယောက် ပြေးလာပြီး ဘရိတ်အုပ်သလိုအသံဖြင့် ကျွီဟုအော်ကာ ရပ်လိုက်သည်။ ကျွန်တော်ရော အမေက ရုတ်တရက် လန့်သွားစဉ် ထိုသူက သွားကို ဖြဲပြပြီး -

“ဆရာမ ... ကျောင်းသွားမလို့လား ... သား ...ကားပေါ်တက်”ဟုဆိုကာ လက်တစ်ဖက်က ကားတံခါးကို ဖွင့်ပေးဟန်ပြုပါသည်။ ထိုအခါမှ အမေလည်း သူ့တပည့်ကို သေချာမှတ်မိသွားပါတော့သည်။

“ဟဲ့ ... ဘယ်သူများလဲလို့ ... ဇော်ဝင်းမောင် ... နင် ဘယ်လိုဖြစ်လာတာလဲ”

“ဟာ ... ဆရာမကလည်း ... သား ကျောက်အောင်ပြီလေ ... အခု ကားဝယ်လာတာ ... လာ ... ကားပေါ်တက် ... သား လိုက်ပို့မယ်”

အမေရော ကျွန်တော်ပါ ဘေးဘီကို ကြည့်လိုက်သည်။ ကားနှင့်တူတာ ဘာမှ မတွေ့။ ...

လက်တစ်ဖက်က စီယာတိုင်ပေါ် တင်ထားသည့်ဟန်ဖြင့် ပါးစပ်က ကားသံထွက်နေသည့် ဇော်ဝင်းမောင်။

ထိုအခါမှ အမေလည်း သူ့တပည့်အခြေအနေကို သဘောပေါက်သွားပြီး စိတ်မကောင်းဖြစ်သွားပုံ ရသည်။

“ဖြစ်ရလေ ... ဇော်ဝင်းမောင်ရယ် ... ကဲ ... သား ... ကားဆက်မောင်းလိုက်ဦး ... ဆရာမအိမ်က ဒီနားတင်မို့ လမ်းလျှောက်သွားလိုက်မယ်နော်”

ထိုအခါမှ ... “ဘူး ... ဘူး ... ဝရူး ... ဝေါ”ဟုအော်ကာ လက်နှစ်ဖက်ကို စီယာတိုင်ကိုင်ဟန်ပြုပြီး ဇော်ဝင်းမောင် ပြေးထွက်သွားပါသည်။

ဇော်ဝင်းမောင်ကို ငယ်ငယ်က ကျွန်တော် မမြင်ဖူးခဲ့။ အခုတော့ မြင်ဖူးပါပြီ။ အသားက မည်းမည်း၊ မျက်ပေါက်က ကျဉ်းကျဉ်း၊ ပါးက ဖောင်းဖောင်း၊ သွားကလည်း ဆယ့်နှစ်ရာသီ ဖြဲနေတတ်သည်။

နောက်နေ့တော့ အမေက ကျောင်းတွင်စုံစမ်းကြည့်သောအခါ ဇော်ဝင်းမောင်သည် ကျောက်တွင်းတွင် ငှက်ဖျားမိပြီး ရူးလာရှာသည်တဲ့။

နောက်ရက်များတွင်တော့ ကျွန်တော်တို့ ဆိုင်ရှေ့မှ ကားသံပေးကာ ပြေးပြေးသွားတတ်သော ဇော်ဝင်းမောင်ကို တွေ့ရတတ်သည်။ ထိုအခါမျိုးတွင် ကျွန်တော်က သူ့ပြေးလာသည်ကို ထွက်ပြီး လက်တားလိုက်လျှင် သူက ကျွိခနဲ ရပ်ပေး၏။

“ဟာ ... ဆရာမ သားလေးပါလား ... ဘာလဲ ... ဆရာမက ခိုင်းစရာရှိလို့လား ... ကျွန်တော့်ကားရှိတယ်လေ ... လာတက်”

“မတက်တော့ပါဘူး ... ကိုဇော်ဝင်းမောင် ... တစ်နေကုန် ကားမောင်းရတာ မောနေပြီ ... လာ ... ဆိုင်ထဲဝင်ပြီး အအေးသောက်...မုန့်စားပါဦး”

ထိုအခါမျိုးတွင် ဆာလောင်နေဟန်ရသည့်သူ သည် ဘယ်တော့မှမငြင်း။ တရုတ်မုန့်တစ်ခု ပလုတ် ပလောင်းစား၊ အအေးသောက်ပြီးလျှင် “ဆရာမသား လေးရေ...ကားတွေ ဘာတွေ လိုရင်ပြောနော်...အား မနာနဲ့...ကျွန်တော့်ကားရှိတယ်...ဒီမုန့်ဖိုးကတော့ အကြွေးမှတ်ထားပေါ့ဗျာ...ကားဆွဲမကောင်းသေး လို့” ဟု ပြန်ပြောတတ်သည်။

ကျွန်တော်က သူ့ကို စနောက်ချင်သဖြင့်

“ကိုဇော်ဝင်းမောင်ရယ် ... ရတဲ့ပိုက်ဆံ ခင်ဗျားဟာခင်ဗျား ဆီထည့်စမ်းပါဗျာ ... မုန့်က ကျွန်တော် အလကား ကျွေးတာပါ”

“မဟုတ်ဘူး ... ဆရာမသားလေးရဲ့ ... ကျွန်တော့်ကားက ဆီမလိုဘူး ... လေနဲ့မောင်းတာ ... ဇော်ဝင်းမောင် ကားက လေကား ... လေရှိရင် မောင်းလို့ရတယ် ... ဟားဟား”

လေကားကြီးမောင်းရင်း လမ်းပေါ်လျှောက်ပြေးနေသော ဇော်ဝင်းမောင်တစ်ယောက် တစ်ရက်တွင်တော့ ကားတစ်စီးက ဝင်တိုက်မိပြီး ရင်ခွဲရုံ ကျောက် ခုတင်ပေါ် ရောက်သွားရှာပါသည်။ လေကားကြီးခမျာ တကယ်ကားနှင့် တွေ့သွားရှာသည်။

ဇော်ဝင်းမောင်အကြောင်း တွေးမိတော့မှ ... ဟို ဝန်ကြီးသတင်းဖတ်ပြီး အမေ သူ့ကို ဘာလို့ သတိရသွားမှန်း ကျွန်တော်လည်း တွေးမိတော့သည်။

အရှိန်အဟုန်ဖြင့် မောင်းနှင်တော့မည့် မြန်မာ့စီးပွားရေး ဂျက်လေယာဉ်ကြီးဟုဆိုစဉ်က ကျွန်တော်တို့ အားတက်ခဲ့ကြဖူးသည်။ အခုတော့ လေယာဉ်က တက်ပင်မတက်သေး လေယာဉ်မှူးကြီးက ပြေးလမ်းပေါ်မှာတင် ပြုတ်ကျကျန်နေခဲ့ရှာပြီ။

ကျွန်တော်တို့၏ လေဖြင့်မောင်းသည့် ယာဉ်ကြီးက ဖွတ်ချက်ဖွတ်ချက်နေစဉ် နိုင်ငံခြားလေယာဉ်က အနိမ့်ပျံကာ ရွှေတိဂုံကိုပင် အနီးကပ် ဖူးမြော်သွား၏။ မြန်မာ့ဝေဟင်ကို ကာကွယ်မည့် ဖိုက်တာဂျက် လေယာဉ်ကြီးများကတော့ သိပင်မသိလိုက်။ ဘုရားဖူး လေယာဉ်ထင်ပြီး သာဓုခေါ်နေကြသည်ထင်။ 

ဝန်ကြီးပြောသွားဖူးသည့် စီးပွားရေးဂျက် လေယာဉ်ကြီးကတော့ လေနှင့်မောင်းသည့် ယာဉ်ကြီးလား၊ တကယ် မောင်းမည့်ယာဉ်ကြီးလား ကျွန်တော်လို အာပလာကောင်က မဝေဖန်ရဲပါ။

လေနှင့်မောင်းသည့် ဇော်ဝင်းမောင်တွေလက်သို့ တကယ့် မော်တော်ကား မအပ်သင့်တာတော့ သေချာပါသည်။ ဘာပဲဖြစ်ဖြစ် ဝူး ... ဝူး ဆိုပြီး လေကား မောင်းသည့် ကိုဇော်ဝင်းမောင်ကို သတိရသည်။

အခုဆို ... ဇော်ဝင်းမောင်ကြီး နောက်ဘဝတွင် လေယာဉ်မောင်းနေပြီလားမသိ။ 

ဗြိတိသျှကိုကိုမောင်