News

POST TYPE

SATIRE

မပု လွမ်းချင်း
12-May-2018 tagged as

“ရပ်ကွက်သာ နာမည်ပျက်တာ မပုကတော့ ရွှေတွေသီးလို့”

တစ်ချိန်တုန်းက သံတံတားရပ်ကွက်သား အချို့ ပြောလေ့ရှိသည့်စကား။

မပု။

တစ်ခေတ်တစ်ခါက စာတွေ ပေတွေထဲတွင်ပင် ထည့်ရေးရသည်အထိ လျှမ်းလျှမ်းတောက်ခဲ့သည့် အမျိုးသမီး။

မပု အခြေပြုရာက ရန်ကုန်မြို့၊ စမ်းချောင်းနှင့် ကြည့်မြင်တိုင် နှစ်မြို့နယ်၏ နယ်စပ် မီးရထားလမ်းကလေးအပေါ်တွင် ထိုးထားသည့် သံတံတားလေးဘေးမှ ရပ်ကွက်။

တိတိကျကျ ပြောရလျှင် ထိုသံတံတားလေးနှင့် ဇလွန်လမ်းကြားမှ ပျံကျကျူးကျော်တဲအိမ်တန်းကလေး။

မပုသည် ပြည့်တန်ဆာခေါင်း။

သူ့လက်အောက်ငယ်သား ကလေးမများနှင့် သူ့တဲစုလေးတွင် ထိုအလုပ်ကိုလုပ်သည်။ ဖောက်သည်တွေက လှုပ်တုပ်တုပ် သံတံတားကြီးကို ဖြတ်လာကြသည်။ သံတံတားကြီးကို အစွဲပြုပြီး သံတားမပုဟု ဘွဲ့ပင်ပေးလိုက်ကြသေး၏။

ခေတ်ပျက် ခေတ်ကျပ် ခေတ်တည်းကြီးထဲမှာ မပုကလည်း တန်ခိုးထက်လှသည်။ ဆိုင်ရာပိုင်ရာကို အိတ်ကပ်ထဲ ထည့်ထားနိုင်၏။ သူ့ကိုတိုင်မည့်တောမည့်သူကိုပင် ပြန်ပြီး အမှုဆင် ဖမ်းခိုင်းတာမျိုး လုပ်တတ်သည်။ မပု ဘိက လုံခြုံသည်။ စိတ်ချရသည်။ ဈေးသက်သာသည်။

ဒီတော့ ... ဖောက်သည်တွေ တစ်နေ့တခြား ပိုများလာသလို သံတံတားမပု၊ သံတံတား မပုဆိုလျှင် ဘာကို ဆိုလိုသည်ကို လူတိုင်းသိကြတော့သည်။ သဘင်ဇာတ်ခုံများ၊ ရုပ်ရှင်များ၊ စာအုပ်များထဲအထိ သံတံတားမပု ဆိုသည့် စကားကို သုံးနှုန်းကြတော့၏။

မပုကြီးကရော။

မနက်မနက်ဆိုလျှင် ရွှေတွေသီးနေအောင်ဝတ် ပြီး ဆိုက်ကားခေါင်းခန်းမှာ မြိန့်မြိန့်ကြီးထိုင်ကာ ဈေး ဝယ်ထွက်တတ်သည်။ လူက ခပ်ဝဝ၊ မျက်နှာကြောကြီးတင်းပြီး ထန်အပြည့် မာန်အပြည့်မပုကြီး။

မပုကြီးမှာ စီးပွားဖြစ်လာသလောက် သူ့နာမည်နှင့်တွဲလျက် သံတံတားနားနေသူများခမျာ အချောင် နာမည်ပျက်ရတော့သည်။ မူးမူးရူးရူး ဖောက်သည်တွေ အိမ်မှားဝင်တာကတစ်မျိုး၊ မပုတပည့်ကလေးမတွေ အချိန်မတော် ရန်ဖြစ်ကြတာကတစ်ဖုံ စသဖြင့် ပတ်ဝန်းကျင်က ခံစားရရှာသည်။

အဆိုးဆုံးက သံတံတားနားနေတယ်လို့ ပြောမိလျှင် သံတံတားမပုနာမည်နှင့်တွဲပြီး လှောင်ခံရခြင်းပင်။ မပုကြီးကတော့ သူ့ခေတ်သူ့အခါက ပိုင်ရာဆိုင်ရာများကို ပသကာ သူ့ပါဝါဖြင့် ထိုအလုပ်ကို လုပ်မြဲ။

ဒီတော့ မပုကြီး ကိုယ်မှာ ရွှေတွေ သီးလာလေ ရပ်ကွက် နာမည်ပျက်လာလေလေ ကိန်းဆိုက်တော့၏။ မပုသမိုင်းကြောင်းကို ကျွန်တော် ဋီကာချဲ့ရေးနေသည်မှာ အခြားမဟုတ်။

အခုတစ်လော ကြားနေရသည့် စစ်ပွဲများ ရပ် ဆိုသည့် ဆန္ဒပြပွဲများကိစ္စနှင့် နယ်စပ်ပတ်လည်တွင် တဂျိမ်းဂျိမ်း ချလျက်ရှိသော တိုက်ပွဲများသတင်းကို ဖတ်ရသဖြင့် မပုဆီ အတွေးရောက်သွားခြင်းဖြစ်သည်။ စစ်ပွဲတွေနဲ့ မပု ဘာဆိုင်လဲဟု မေးအံ့။ ရေးရင်း ရေးရင်း ကျွန်တော်ရှင်းပါမည်။

လွတ်လပ်ရေးယူစဉ်ကာလက ဗြိတိန်လွှတ်တော်တွင် ဝင်စတန်ချာချီက မြန်မာဟာ ပြဿနာတွေ အတော် ရှုပ်ထွေးတော့မယ့်နိုင်ငံဟု နိမိတ်ဖတ်ခဲ့၏။ ထိုခေတ်က မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များသည် ထိုစကားကို အလွန်ပင် နာကြသည်။

နာလည်း နာစရာပင်။ မှန်ကလည်း မှန်နေသည်ကို။ ထီခနဲဆို အချင်းချင်း ဆော်ကြသည်က လွတ်လပ်ရေးနှင့်အပြိုင် ဝါဒအချင်းချင်း စစ်ပြိုင်ကြသည့် တစ်ခေတ်မှာ နိုင်ငံက ဖွတ်ဖွတ်ကြေသည်။ နောက်တော့ လူမျိုးစွဲ၊ ဒေသစွဲဖြင့် စစ်ပြိုင်သည့်ခေတ် ဖြစ်လာ၏။

ပြည်တွင်းစစ်က ကျွန်တော်တို့၏ နာတာရှည် တစ်ခုလိုဖြစ်လာသည်။ ခဏနားပြီး အင်အားဖြည့်လိုက်။ ပြန်တိုက်လိုက်ဖြင့် ကြားထဲက ဒေသခံမှာ အထိနာကြသည်။ စစ်ပွဲတွေရပ်ဆိုသည့် ဆုတောင်းပွဲတွေ၊ ဆန္ဒပြပွဲတွေ မြို့ပေါ်က ပြုလုပ်သူက ပြုလုပ်သည်။ ခွင့်ပြုချက်မရှိဘဲ မလုပ်ရဆိုပြီး ဖမ်းသူက ဖမ်းသည်။

ငြိမ်း စု စီဥပဒေကြီးကြောင့် ထောင်ကျသူလည်း ကျကုန်၏။ ခက်တာက စစ်ပွဲနှင့်ပတ်သက်ပြီး ဆန္ဒပြမည်ဆို ခွင့်ပြုချက်က မကျ။ စစ်ပွဲတွေ ရပ် ဆိုလျှင်ပင် အဖမ်းခံရတော့မလားဟု လူတွေ စိုးရိမ်ကြသည်။

ကျွန်တော်ကိုယ်တိုင်လည်း ဒီဆောင်းပါးထဲ စစ်ပွဲတွေရပ်ဟု မရေးရဲ။ တော်ကြာ ခွင့်ပြုချက် မတင်ဘဲ စစ်ပွဲတွေရပ်ဟု ရေးသည်ဆိုကာ လာဖမ်းလျှင်အခက်။

အင်းစိန်ထောင်ထဲတွင် ဟင်းချက်ကျွေးခဲ့သည့် ဖထီးတို့လည်း ထောင်က လွတ်သွားပြီမို့ ဒီတစ်ခါ ဆိုလျှင်တော့ တာလဘောနှင့် ညားမည့်ကိန်း။

ဟိုတစ်ရက်က ကချင်ဒေသကို လိုက်ပါသတင်းယူခွင့်မရသည့် မီဒီယာတွေဆီက အသံတွေ ထွက်လာသည်။ ဝန်မင်းက ပဋိပက္ခကို ဓာတ်ဆီလောင်းမယ့် သတင်းဌာနမျိုးကို မရွေးချယ်ဘဲ Peace Journalism ကို ကျင့်သုံးတဲ့ မီဒီယာကိုပဲ ဦးစားပေးခေါ်သည်ဟု ရှင်းသည်။ ခေါ်သွားသည်က အစိုးရပိုင် သတင်းစဉ်၊ ဂျပန်နှင့် တရုတ်သတင်းဌာနများ။

မနက်ခင်း ဂျာနယ်ဆိုင်တွင်တွေ့ရသည့် ပြည်တွင်းဂျာနယ်များကိုကြည့်ကာ ဝန်မင်း၏ စကားကို သတိတရဖြင့် ဪ ... ဒါ ဂျာနယ်မဟုတ်ဘူး ... ဓာတ်ဆီတွေပါလားလို့တောင် တွေးမိသွား၏။

ဝန်မင်းဟာ မှော်ဆရာသာ မဟုတ်တယ်။ ဂျာနယ်တွေကိုတော့ ဓာတ်ဆီဖြစ်အောင်တော့ လုပ်တတ်သားပေါ့။

ဒီတော့ ဂျာနယ်လစ်တောင် ငြိမ်းချမ်းရေးဦးတည်မည့်သူများကိုမှ အစိုးရက ရွေးခေါ်သည်ဆိုလျှင် ယခုငြိမ်းချမ်းရေးလိုလားသည့် ကဗျာဆရာတွေ ဘာတွေကိုလည်း အကျဉ်းထောင်မှ ရွေးခေါ်သွားတာ မဆန်း။

ငြိမ်းချမ်းရေးအော်လျှင် အော်သလောက် ကျွန်တော်တို့ ပြည်တွင်းစစ်သည် နှစ်ကာလ ရှည်ကြာ ပြီ။ ပြည်တွင်းစစ်ကြီးတိုက်ရင်း စီးပွားပျက်သွားသည့် လက်နက်ကိုင်ခေါင်းဆောင်ဟု ရှာမတွေ့။ စီးပွားဖြစ်သွားသူတွေသာ တွေ့နေရ၏။

ပြည်တွင်းစစ်ကြီးကြောင့် ဘဝတွေပျက်၊ စီးပွားတွေပျက်၊ အသက်ထွက်သွားသည့် အောက်ခြေငယ်သားနှင့် ပြည်သူတွေသာ မိုးဦးကျဖားလို တပြုတ်ပြုတ်။ ကမ္ဘာ့အလယ်တွင် ပြည်တွင်းစစ် အရှည်ကြာဆုံး တိုင်းပြည်အဖြစ် နာမည်ကလည်း ပျက်ပြီးရင်း ပျက်ရသည်။

ဘယ်အစိုးရတက်တက် ငြိမ်းချမ်းရေးကလည်း ဖြစ်လိုက် ပျက်လိုက်ဖြင့် သင်္ခါရသဘောထဲ လုံးလည်နေ၏။ ပြည်တွင်းစစ်ကိုမှီပြီး အလုပ်ဖြစ်သူတွေက ဖြစ်ကုန်ကြသည်။

“ရပ်ကွက်သာ နာမည်ပျက်တာ မပုကြီးကတော့ ရွှေတွေသီးလို့” ဆိုသည့် သံတံတားရပ်ကွက်သားတွေ အကြောင်းလည်း မဆီမဆိုင် တွေးမိသေးသည်။

ကျွန်တော်သာ ထိုခေတ်ထိုအခါက သံတံတား ရပ်ကွက်သားဖြစ်ခဲ့လျှင် “မပုရယ် ရွှေတွေသီးလို့ ချမ်းသာနေပြီပဲ ... ရပ်ကွက်နာမည်ပျက်မယ့် အလုပ်တွေ ဆက်မလုပ်ကြပါနဲ့”ဟု သွားပြောဖြစ်အောင် ပြောမည်ဟု စဉ်းစားမိသည်။

အဲ ... မပုကိုပဲ ပြောရဲပါသည်။

စစ်ပွဲတွေ ရပ်ဟုတော့ မပြောရဲပါ။

တာလဘောဟင်းကို ကျွန်တော် မကြိုက်ပါခင်ဗျ။

ဗြိတိသျှကိုကိုမောင်

  • TAGS