News

POST TYPE

SATIRE

ပေါကား မကြိုက်သူ စိုပြေ
05-May-2018

အခုရက်ပိုင်း ပေါကားတွေ ခေတ်ထနေပေမယ့် သိပ်မရေးဖြစ်။ ရေးရမှာ ပျင်းတာရယ်။ အဲ့ပေါကားရိုက်တဲ့လူတွေကို အဖက်မလုပ်ချင်တာရယ်ကြောင့် ...။ 

အရင်တစ်နှစ်ကျော်က စိုပြေတို့ အပီအပြင် ဝုန်းခဲ့ဖူးတယ်။ ရေဒီယိုတွေ၊ သတင်းစာတွေမှာ အင်တာ ဗျူးတွေဖြေ။ အွန်လိုင်းမှာ အီဗန့်တွေ၊ ဂရုတွေထောင် ပြီးတော့ပေါ့။ 

အဲ့တုန်းကတော့ ဘာရယ်မဟုတ်ပါဘူး။ စိုပြေတို့က ပေါကားကြည့်လို့ ပေါကားလို့ ကောင်းစေချင်လို့ဆိုပြီး လုပ်တာမဟုတ်။ စိုပြေတို့ ကြည့်နေကျ နိုင်ငံခြားကားတွေကို အရောင်းပိတ်တာကြောင့် တင်းကုန်ကြတာ။ နိုင်ငံခြားကားတွေကို အရောင်းပိတ်တာကလည်း ရုပ်ရှင်သမားတွေက နိုင်ငံခြားကားတွေ ဈေးကြီးကြီးနဲ့ ဖြန့်မလို့ဆိုပြီး ပိတ်တာ။ ပြီးတော့ နိုင်ငံခြားကားတွေ ရှိနေတော့ သူတို့ပေါကားတွေကိုလည်း လူမကြည့်လို့ ဆိုလားပဲ။ 

စိုပြေတို့က ပေါကားလည်း အဖက်လုပ်တာ မဟုတ်။ ကြည့်လည်း မကြည့်။ ကောင်းကောင်း မကောင်း ကောင်း စိုပြေ့အပူမပါ။ သူတို့ဘာသာ မြောင်းထဲရောက်ရုံမက ချေးတွင်းထဲပဲကျကျ။ ဂရုကိုမစိုက်တာ။ 

အဲ့လိုပြောလို့ ပေါကားမကြည့်ဘူးလားဆိုတော့ မဟုတ်ပါဘူး။ ပေါကားတွေကို ကြည့်ဖြစ်ပါတယ်။ ခရီးသွားရင်ပေါ့။ အဝေးပြေးကားပေါ်မှာ ပေါကားတွေပြတယ်။ မကြည့်ချင်လည်း ကြည့်ရတယ်။ အသံတွေကို မကြားချင်လည်း ကြားနေရတယ်။ အရမ်း အကုသိုလ် များတယ်။ ဝဋ်ကြွေး ပါတာကြောင့်လို့ပဲ ဖြေသိမ့်ပါတယ်။ 

ရုပ်ရှင်ရုံမှာလည်း တခုတ်တရ သွားမကြည့်ဖြစ်ဘူး။ တန်မှမတန်တာ။ လင်မယားနှစ်ယောက် သွားကြည့်ရင် လက်မှတ်ခ၊ တက္ကစီခနဲ့ အပြန်မုန့်စားတာ အပါအဝင် တစ်သောင်းကျော်လောက် ကုန်မှာလေ။ အဲ့တော့ ပေါကားတွေကို တစ်သောင်းကျော် အကုန်ခံပြီး သွားကြည့်စရာလား။ စိုပြေ့ အပေါင်းအသင်းတွေလည်း အဲ့လိုပဲ။ ပေါကားကို ကြည့်သူရှားတယ်။ ပေါကားကြည့်တဲ့ မိတ်ဆွေသူငယ်ချင်း မရှိတာကလည်း မင်္ဂလာတစ်ပါးပါပဲ။ အဲ့တော့ ပေါကားကို ဘယ်သူတွေကြည့်လဲ ...။ 

ရပ်ကွက်ထဲက စကားနဲ့ပြောရရင် အာဝါဒါးတွေ ကြည့်တာ များတယ်။ တောသားတွေ ကြည့်တယ်။ အူ ကြောင်ကြောင်ကောင်တွေ ကြည့်တယ်။ ရည်းစားရ ခါစကောင်တွေ ဘယ်သွားရ ဘယ်လာရမှန်းမသိလို့ ရုပ်ရှင်ရုံဝင်တယ်။ ပေါကားကြည့်တဲ့လူတွေကို စစ်တမ်းကောက်လိုက်ရင် အဖြေတောင် ထွက်ဦးမယ်။ ဘယ်သူများ စပွန်ဆာပေးချင်လဲ မသိဘူး။ ပေါကားသုတေ သနလုပ်ပေးမယ်။ ဒါက ကြော်ငြာ။ 

အခုဆို ပေါကားရိုက်သူတွေက ပေါကားနဲ့ ဟာသကားတောင် မသဲကွဲဘူး။ ဟာသကားကို ပေါကားလို့ ပြောတာမဟုတ်။ ပေါတောတော သရုပ်ဆောင်၊ ပေါတောတော ဒိုင်ယာလော့ခ်၊ ပေါတောတောဆက်တင်၊ ပေါတောတောအမူအရာနဲ့ေ_ာက်ပေါတွေရိုက်တဲ့ ကားမို့ ပေါကားလို့ပြောတာ။ 

ဟာသကားတွေကို ပေါကားလို့ မပြောပါဘူး။ ဒရမ်မာပေါကား၊ အက်ရှင်ပေါကား၊ စစ်ပေါကား စသည်ဖြင့် ပေါကားတွေက အစုံအလင်ပါပဲ။ ပေါကားတွေ ရပ်ချင်ရင် လွယ်လွယ်လေး။ 

ပထမဆုံး ဘယ်ဟာ ပေါကားလဲ ဆိုတာတော့ သွားကြည့်ရမယ်။ ပြီးရင် အဲ့ပေါကားအကြောင်း ရီဗျူးရေးမယ်။ အရင်က စဉ်းစားဖူးတယ်။ ပေါကားသွားကြည့်ပြီး ဂျာနယ်မှာ ရီဗျူးရေးမလားလို့။ ဒါပေမဲ့ ငါသာ အဲ့လိုရေးရင် စာမူခတော့ရပါရဲ့ ...။ ဒါပေမဲ့ တော်တော်ဝဋ်ကြွေးကြီးမှာ။ ပြီးတော့ ပေါကားတွေ အမြဲကြည့်ရင်း စိုပြေပါ ငပေါကြီးဖြစ်သွားရင် ခက်မယ်လို့တွေးပြီး မလုပ်ဖြစ်တာ ...။ 

အစကတည်းက ပေါတောတော ဆိုတော့ အဲ့လို သာလုပ်ရင် ရူးပါသွားမယ်ထင်တယ်။ ဒီတော့ ပေါကားရပ်ဖို့ဆိုရင် ပေါကားဟုတ် မဟုတ် အတည်ပြု၊ ပြီးရင် ရီဗျူးရေး။ ရီဗျူးကို ပေါက်အောင်ဖြန့် ...။ 

နောက်တစ်ခုက ပေါကားကြည့်သူတွေဟာ ငတုံး၊ ငအ၊ အာဝါဒါးတွေဖြစ်ကြောင်း သတင်းလွှင့်။ ပေါကားကြည့်ရင် ကြည့်တဲ့လူပါ ပေါလာကြောင်း။ ရပ်ကွက်ထဲက ငပေါတွေကိုကြည့်ရင် ပေါကား အမြဲကြည့်ကြောင်း သက်သေပြ။ 

နောက်တစ်ဆင့်ကတော့ ပေါကားဆန့်ကျင်သူတွေက ရုပ်ရှင်ရုံပေါက်ဝကိုပိတ်ပြီး ဆန္ဒပြ။ ပေါကားတွေ ဆက်လက်မထုတ်ဖို့ ဝိုင်းဝန်း ကူညီကြပါ။ ပေါကားတွေ မကြည့်ပါနဲ့ ... ဘာညာဆိုပြီး အပေါက်ဝပိတ် ဆန္ဒပြလိုက်။ ဒါဆို ပေါကားကြည့်သူတွေ တော်တော် နည်းသွားမယ်။ 

အဲ့ဒါကျပြန်တော့လည်း လူတွေက ဘာကား ကြည့်မတုံး။ ပေါကားမရှိတော့လည်း ဇာတ်ကားကောင်းတွေ ထွက်တာမှမဟုတ်တာ။ ပေါကား ပရိသတ်ကလည်း ပေါကားကို ကြည့်ချင်မှာပဲလေ။ ဒါကလည်း သူတို့အခွင့်အရေး မဟုတ်လား။ 

စိုပြေတို့ အရင်က ပြောခဲ့သလိုပဲ ပေါကားနဲ့ရော ကမ္ဘာကို ဖောက်လို့မရဘူး။ ရတာပေါ့။ တရုတ်၊ ကိုရီးယား၊ ထိုင်း၊ အိန္ဒိယတွေဟာလည်း သူတို့နည်းနဲ့ ကမ္ဘာကို ဖောက်တာပဲ။ အောင်မြင်ကြတာပဲ။ 

အဲ့တော့ မြန်မာတွေလည်း မြန်မာနည်းနဲ့ ပေါကားတွေထုတ်။ ပြီးရင် ကမ္ဘာကို ဖြန့်လို့ရတာပေါ့။ ဘာလို့လဲဆိုတော့ ကမ္ဘာမှာလည်း ငပေါတွေ အများကြီးပဲ။ အဲ့ငပေါတွေလည်း မြန်မာပေါကားကို ကြည့်ချင်ကြည့်မှာပဲ။ 

မြန်မာပေါကားကို ကမ္ဘာကကြည့်ဖြစ်လို့ အကြိုက် တွေ့သွားရင် ထောပြီလေ။ အဲ့တော့ မြန်မာပြည်အနေနဲ့ အဆင့်မြင့်ကားတွေ၊ ရှယ်ကားတွေ ထုတ်လုပ်နေတာ ပင်ပန်းတယ်။ ပေါကားသာ ဆက်ရိုက်။ အဲ့ပေါကားကို မားကက်တင်း ကောင်းကောင်းနဲ့ဖြန့်။ ကမ္ဘာပေါ်က ငပေါတွေကြားမှာ ပေါက်မယ်။ 

အဲ့တော့ နောက်ဆိုရင် ... ကမ္ဘာ့ရုပ်ရှင်လောကမှာ ...။ 

တရုတ်ဆို သိုင်း၊ ကုလားဆို အက၊ ကိုရီးယားဆို အစား၊ ထိုင်းဆို သရဲ၊ မြန်မာဆို ပေါကား ဆိုပြီး နာမည် တင်ကျန်နေတာပေါ့။ 

ဒါကြောင့် ပေါကားများ ဆက်လက်ထုတ်ဖို့ ဝိုင်းဝန်းကူညီအားပေးစို့ ...။ 

စိုပြေ