News

POST TYPE

SATIRE

အမှိုက်ခိုးတွေ ဆိုင်းပါလို့​ ငွေမိုးတွေရွာ
28-Apr-2018 tagged as


အခုတစ်လော မောင်ဗြိ နှာစေးနေတယ်။ ရာသီဥတု အပြောင်းအလဲကြောင့်လား၊ ဒါမှမဟုတ် အရက်တွေ သောက်ပြီး ပန်ကာလေတွေ ခံပစ်လို့လား။ မဟုတ်ရပေါင်ဗျာ။ နှာဘာလို့စေးလဲဆိုတော့ ဟို မီးလောင်တဲ့ အမှိုက်ပုံကြောင့်ပေါ့ဗျ။

အောင်မယ်လေး ... ဟိုးလှိုင်သာယာက အမှိုက်ပုံမီးလောင်တာ အလုံက ငတိက ဘာမဆိုင် ညာမဆိုင် နှာထစေးရတယ်လို့ဆိုလည်း မတတ်နိုင်ဘူး။ ဒီလိုပါဗျာ။

အမြင့် ဆယ်ပေကျော်ပြီး ဧကများစွာ ကျယ်တဲ့ အမှိုက်ပုံကြီးဗျာ။ ရန်ကုန်မြို့တော်စည်ပင်က ရင်ဝယ်သားအလား တယုတယ ထိန်းသိမ်းစောင့်ရှောက်ထားတာကြီးဗျာ။ ဒီအမှိုက်ပုံကြီး လောင်ပြီဆိုတော့ ဘေးနားက မြို့နယ်တွေ မီးခိုးမွှန်ကြတယ်။ မီးသတ်ရဲဘော်များခမျာ နွေနေပူပူတွင် ညစ်ပတ်နံစော်နေသော အမှိုက်ပုံကြီး ပေါ်တက်ကာ ပင်ပင်ပန်းပန်း မီးသတ်ကြရသပေါ့။

ဒါကို အချို့ကလည်း လက်ရှိအစိုးရကို ဝေဖန်ကြတယ်။ အချို့ကလည်း အရင်အစိုးရကို ဝေဖန်ကြတယ်။ အချို့ကလည်း အမှိုက်ပုံကြီး၏ မွေးစားဖခင် မြို့တော်စည်ပင်ကို ဝေဖန်ကြတယ်။ မြို့တော်စည်ပင်ကား အမှိုက်ပုံကြီး၏ မွေးစားဖခင်ဆိုလျှင် အမှိုက်ပုံကြီး၏ မိဘအရင်းကား မည်သူနည်း။ မောင်ဗြိတို့ အမှိုက်ပစ်သူ မိဘပြည်သူ ပေါင်းပင်မဟုတ်လား။

ဒီတော့ တချို့ကလည်း အမှိုက်တွေကို ဒီလောက် ပစ်ရသလားဆိုပြီး အချင်းချင်း ဆော်ကြပြန်လေရော။မောင်ဗြိ နင့်ကရော ... ဘာကို ဝေဖန်ချင်တုံးဟုဆိုလျှင်။

မောင်ဗြိကား ယခုနောက်ပိုင်းတွင် တရားဓမ္မတွေ နှလုံးသွင်းတတ်သောသူ ဖြစ်ချေပေပြီ။ အကြောင်း ကြောင့်ဖြစ်လာသည့် အကျိုးများအကြောင်း နားလည်ပေပြီ။

ဝဋ်ရှိလို့သာ ခံစားခဲ့ရတာ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ရက်တော့ပါ ဆိုသော R ဇာနည် သီချင်းကိုသာ ညည်းတွားတတ်လာပြီ။ ကိုယ်လည်း ဘာမှလုပ် မပေးနိုင်သည့်အတူ အမှိုက်ကစ ပြာသာဒ်မီးမလောင်ဖို့သာ အိမ်တွင်းအောင်း ဆုတောင်းနေရုံမှတစ်ပါး အခြားမရှိပေါ့။

ဒါပေမဲ့ ဟိုတစ်နေ့က ညနေမှာ မောင်ဗြိနေတဲ့ အလုံမြို့နယ်အထိ မီးခိုးငွေ့အချို့နှင့် ညှော်နံ့များ ရောက်လာပါလေရောလား။

“ညှော်တယ်ဗျိုး”ဒီလိုလေးပဲ ပြောလိုက်မိပါ တယ်။

“မောင်ဗြိဆိုတဲ့ကောင်က ... သောက်ပိုတွေ သိပ် လုပ်တာပဲ ... အစိုးရကို အကြည်ညိုပျက်အောင် တမင် သောက်ပိုတွေ လုပ်နေတာ ... အစိုးရလည်း လုပ်နေတာပဲလေ ... မီးကလောင်နေတာ ... လေက အရပ်ရှစ်မျက်နှာ တိုက်နေတာ ... ညှော်မှာပေါ့ ... ဒါတောင်မသိဘူးလား သောက်ပိန်းကောင်ပဲ ... အလကား ဒီအစိုးရကို သက်သက် ကန့်လန့်တိုက်ဆန့်ကျင်နေတာ”

အလိုလေး ... ပတ်ဝန်းကျင်မှ အစိုးရထောက်ခံသည်ဆိုသည့် ဆရာများ၏အသံ။

ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းများတွင် ဖတ်ဖူးသလောက် ညှော်တယ်ဗျိုးဟုပြောပြီး အစိုးရကို ဆန့်ကျင်သူ မတွေ့စဖူး။ ယခုတော့ ... မောင်ဗြိကိုယ်တိုင် အစိုးရကို ဆန့်ကျင်သူကြီး၊ အကြည်ညို ပျက်စေသူကြီး ဖြစ်နေပါပေါ့လား။ ညှော်တယ်ဗျိုးသည် သူပုန်ပုဒ်မမြောက်ကြောင်း မောင်ဗြိ သိလေပြီ။

အစိုးရကို ပုန်ကန်မှုဆိုတာ သေဒဏ်အထိ ပေးလို့ရတဲ့ပုဒ်မပေပဲ။ ညှော်တယ်ဗျိုး တစ်လုံးတည်းနဲ့ သေဒဏ် ပေးခံရသည်ကတော့ မနှိပ်။ ဒီတော့ ညှော်မိတဲ့ ကိုယ့်နှာခေါင်းကိုယ်ပဲ ဘရိတ်အုပ်လိုက်ရသပေါ့။ဘယ့်နှယ် ပါမစ်မရ၊ လုပ်ကွက်မရဘဲနဲ့ အစိုးရကို ကန့်လန့်တိုက်တဲ့ သူပုန်ကြီး စာရင်းတော့ အဝင်မခံနိုင်ပေါင်။

ဒါနဲ့ မောင်ဗြိလည်း ပြောင်းအောက်ကြည့်မိတယ်။

“မညှော်ဘူးဗျိုး ... မညှော်ဘူး”

“အဲ့ဒါပဲ ... ဒီလောက် မြို့နယ် တော်တော်များများ ညှော်နံ့တွေရနေတာကို ... မညှော်ဘူးပြောတယ်ဆိုတော့ ... ဒီကောင် အစိုးရကို သက်သက်ဖားတာ အလကား လော်ဘီကောင် ပိုက်ဆံ ဘယ်နှပြားရထားတယ် မသိဘူး ... ပြည်သူတွေ ညှော်နေချိန်မှာ မညှော်ဘူးဆိုတဲ့ ငဖားကောင်”

မြတ်စွာဘုရား ဒီတစ်ခါကျတော့ အစိုးရကို စောင့်ကြည့်နေပါသည်ဆိုသည့် ဆရာများရဲ့ဆဲသံ။

မညှော်ဘူးဆိုတာနဲ့ပဲ မောင်ဗြိမှာ အော်တိုမစ် တစ် အစိုးရကိုဖားနေသည့် ငဖားကြီး ဖြစ်သွားရပြန်သပေါ့။ ပြည်သူနှင့်အတူ ရှိမနေသည့် မညှော်ကောင်ကြီး ဖြစ်သွားရပြန်ချေပြီ။ မညှော်ရမလားဆိုပြီး သောက်မြင် ကတ်ပုဒ်မဖြင့် ချောင်းရိုက်လျှင် ... မချောင်။

ကိုယ်လည်း ဘာမှ မကူပေးနိုင်ဘဲ ဘေးက လေပန်းနေရုံဖြင့် အချောင်တော့ အရိုက်မခံနိုင်။

ဒါကြောင့် အဲ့ဒီနေ့က ကိုဗြိ မညှော်ဘူးလားလို့ လူတွေလာမေးတိုင်း နှာစေးနေတယ်လို့ပဲ ဖြေရင်း တကယ် နှာစေးသွားတာဗျိုး။

အဲ ... အမှိုက်မီးကိစ္စလေး ဆက်ရဦးမယ်။

လွန်ခဲ့တဲ့ လေးနှစ်က ဆောင်းပါးတစ်ခုရေးဖို့ အဲ့ဒီ ဆယ်ပေကျော် အမှိုက်ပင်လယ်ကြီးပေါ် မောင်ဗြိ ရောက်ခဲ့ဖူးသပေါ့။ ရောက်သာ ရောက်တာပါ။ အမှိုက်ပုံကြီးကို တယုတယပိုးမွေးလို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ စည်ပင်ဝန်ထမ်းတွေကဖမ်းပြီး အတင်းပြန်ဆင်းခိုင်းတာနဲ့ ဆင်းလာခဲ့ရပါတယ်။ အမှိုက်ပုံပေါ် တက်ချင်ရင် အဆင့်ဆင့် စာတင်ရမယ်လို့လည်း ဆိုပါတယ်။

အမှိုက်ပုံပေါ်သွားတာတောင် ရည်းစားစာပေးသလို အဆင့်ဆင့် လုပ်နေရမှာမို့ မောင်ဗြိလည်း တပ်ခေါက်ပြီး ပြန်လာလိုက်ပါတယ်။ စည်ပင်က ဒီအမှိုက်ပုံကြီးကို ဘယ်မီဒီယာသမား၊ ဘယ်သုတေသနသမားမှ ခွင့်ပြုချက် အဆင့်ဆင့် မတင်ဘဲ တက်ခွင့်မပြုခဲ့ဖူးရယ်။

ခုတော့ ... အဲ့ဒီလို ... နှစ်ပေါင်းများစွာက စုထား ဆောင်းထားတဲ့ အမှိုက်ပုံကြီး မီးလောင်ပြီ။

မီးခိုးငွေ့တွေ၊ ညှော်နံ့တွေနဲ့ လူတွေစိုးရိမ်နေကြချိန်မှာ အမှိုက်ပုံကြီးပေါ်က မီးသတ်သမားတွေခမျာလည်း စွန့်စွန့်စားစား လုပ်ကြတာပါပဲ။

မိုးတွေမှ မရွာခင် ပြည်သူလူထုတွေရော၊ သရုပ်ဆောင်တွေရော၊ လုပ်ငန်းရှင်တွေရော အမှိုက်ပုံကြီးဆီသွားပြီး မီးသတ်သမားတွေ လိုအပ်တဲ့ ရေ၊ စားစရာတွေ သွားကူကြတာလည်း အားရပါးရကြီး။

အောင်မယ်...ချောက်ထဲကျရန် လက်တစ်လုံး အလိုဆို ရောက်ရောက်လာတတ်တဲ့ ကယ်တင်ရှင်ကြီး တွေတောင်ပါသေး။ တချို့လူတွေကလည်း ခက်တယ်။ ဒီလောက် အမှိုက်ပုံကြီးမီးလောင်နေတာကို အိမ်ထောင် ဦးစီးကြီးကို အပြစ်ပုံချချင်ကြတယ်။ အမှိုက်ပုံကြီးက သူ့ဟာသူ မီးလောင်တာလေ။

မောင်ဗြိတို့ရဲ့ အိမ်ထောင်ဦးစီးကြီးက ဘာလုပ်လို့ လဲ။ ဘာမှမလုပ်ဘူးလေ။ သူ့ဟာသူ အိမ်ရှေ့က ဟိုဘုရား က ဆံတော် ဒီဘုရားကို ပင့်၊ ဒီဘုရားက ဆံတော် ဟိုဘုရား ကိုပင့်နဲ့ သာသနာအကျိုး သယ်ပိုးနေတာလေ။

အခု အမှိုက်ပုံမီးလို တငွေ့ငွေ့ လောင်နေတဲ့ လူတွေရဲ့ဒေါသ၊ မောဟတွေ ကင်းဖို့ တရားပွဲတွေ ကျင်းပပြီး တရားနာနေတာလေ။ အိမ်ထောင်ဦးစီးကြီးက ဘာလုပ်လို့လဲ။ ဘာမှ မလုပ်ဘူးလေ။ ဒါကိုများ အမှိုက်ပုံ မီးလောင်တာနဲ့ပဲ မောင်ဗြိတို့ရဲ့ အိမ်ထောင်ဦးစီးကြီးကို ပြောချင် ဆိုချင်နေကြတယ်။

ကဲ...အကောင်းဘက်က လှည့်တွေးကြည့်ပါဦး။

စင်ကာပူတို့၊ ဒူဘိုင်းတို့လို နိုင်ငံတွေက မိုးအတု ရွာတဲ့ နည်းပညာတွေ ဘာတွေ ရှိတယ်မဟုတ်လား။

မောင်ဗြိတို့ဆီမှာက နွေခေါင်ခေါင်ကြီး မြို့ထဲ မြူခိုးမင်းလွင်တွေ မှိုင်းမှိုင်းဝေနေတဲ့ မြူအတုတွေ ဖန်တီးနိုင်တာ ဒီအမှိုက်ပုံကြီးမီးလောင်ရာက ဖြစ်လာ တဲ့ နည်းပညာတွေမဟုတ်လား။

ဘာပဲဖြစ်ဖြစ်... အမြော်အမြင်ရှိတဲ့ သက်ဆိုင်ရာ လူကြီးတွေကလည်း ဒီအမှိုက်ပုံကြီး မီးငြိမ်းမယ့် နည်းလမ်းကို ပြောလိုက်ပါပြီ။ မိုးရွာမှ မီးငြိမ်းမယ်တဲ့။

အိုကေလေ ... မောင်ဗြိတို့နိုင်ငံမှာ မိုးရွာစေတဲ့ နည်းပညာတွေက ပေါမှပေါ။ အုန်းပွဲ ငှက်ပျောပွဲတွေ ထိုးပြီး ငါးရံ့မင်းပရိတ် ရွတ်ကြမလား။ ဒါမှမဟုတ် ပြည်သူတွေ လူခွဲပြီး လွန်ဆွဲကြမလား။ တရားပွဲလုပ်ပြီး ဗြောက် အိုးဖောက်ကြမလား။ နည်းပညာတွေမှ အများကြီး။

ကဲ ... အခုတော့ အဲ့ဒီနည်းပညာတွေမလို တကယ် မိုးရွာပါပြီဗျာ။

ဪသာ်...မေ့လို့။ မိုးမရွာခင် အမှိုက်ပုံကို မောင်ဗြိတို့ အိမ်ထောင်ဦးစီးကြီး လာသွားတယ်ဗျ။ မေမေဆူလို့ ဆိုလား ဘာလားပေါ့။

တကယ်တော့...မောင်ဗြိ သိလိုက်ပါပြီ။ အိမ်ထောင် ဦးစီးကြီးဟာ အမှိုက်ပုံမီးလောင်နေချိန်မှာ အမှိုက်ပုံကြီး ဆီမလာသေးဘဲ သာသနာရေးကိစ္စတွေ လုပ်နေတာ အကြောင်းရှိပါတယ်။

သာသနာရေးဆိုင်ရာတွေ လုပ်တော့ နတ်ပြည်က သိကြားမင်းက မနေသာဘဲ လူ့ပြည်ကို ဆင်းလာရပါတယ်။ ဒီတော့ သိကြားမင်းနဲ့အတူ မိုးက ပါလာပါလေရောလား။

ကိုင်း ... မိုးရွာလိုက်တော့ ... အခု မီးငြိမ်းပြီလေ။

ဒါကြောင့်ပြောတာ လူ့ပြည်က အိမ်ထောင်ဦးစီး ဘုန်းကြီးတော့ ... နတ်ပြည်က အိမ်ထောင်ဦးစီးက မနေသာတော့ဘူးလေ။

ဒါကြောင့်ပြောပါတယ် ... ကျုပ်တို့ အိမ်ထောင် ဦးစီးဆရာကြီးကို ပေါ့သေးသေး မမှတ်ပါနဲ့လို့။

အခုတော့ အမှိုက်ခိုးတွေ မှိုင်းပါလို့ ... ငွေမိုးတွေ ရွာ ... ရွှေဘုန်းတော် တိုးပါလို့ ... ရွှေမိုးတွေ ရွာပြီမဟုတ်လား။

ဘာပဲဖြစ်ဖြစ် ဒီစာဟာ အိမ်ထောင်ဦးစီးကြီးကို ပေါ်တင်ဖားတယ်မှတ်ပါလေ ... ငိ။

ဗြိတိသျှကိုကိုမောင်

  • TAGS