News

POST TYPE

SATIRE

အိမ်ဦးနတ်သခင် ကွီးဖြိုး
21-Apr-2018

အခုမှပဲ စိတ်အေးသလိုလို ရှိတော့တယ်။ ကိုကြီးဖြိုးမင်းသိန်းက ရန်ကုန်ရဲ့ အိမ်ထောင်ဦးစီးတဲ့ ...။ မနေ့ကတုန်းက UMFCCI မှာ ပြောခဲ့တာ ...။ တော်သေးတာပေါ့ သူကယ်လို့။ နိုမို့ဆို စိုပြေတို့ လင်မယားမှာ အိမ်ထောင်စုစာရင်းတောင် ရှိမှာမဟုတ်ဘူး။ 

စိုပြေတို့ လင်မယားမှာ ပြဿနာ တစ်ခုရှိတာ ကြာပေါ့။ မင်္ဂလာဆောင်ပြီးကတည်းကပဲ။ ဘယ်သူ အိမ်ထောင်ဦးစီး လုပ်မလဲဆိုတာပေါ့။ စိုပြေလည်း ငွေရှာတယ်။ မိန်းမကလည်း ငွေရှာတယ်။ သူကတောင် ပိုများသေးတယ်။ နောက်ပြီး နှစ်ယောက်စလုံးကလည်း ဦးဆောင်နိုင်တဲ့လူတွေချည်းပဲ။ အဲ့တော့ အိမ်ထောင်ဦးစီး ဘယ်သူလုပ်မလဲဆိုတာ ဝေခွဲမရဘူး။ 

ပုံမှန်အားဖြင့်တော့ အိမ်မှာ လူကြီးမိဘတွေ၊ ယောက်ျားတွေက အိမ်ထောင်ဦးစီး လုပ်လေ့ရှိကြတယ်။ ဒါပေမဲ့ စိုပြေကတော့ သဘောမကျဘူး။ ယောက်ျား၊ မိန်းမ တန်းတူ အခွင့်အရေး ရနေတဲ့အချိန်မှာ ယောက်ျား တွေကပဲ အိမ်ထောင်ဦးစီး မလုပ်သင့်ဘူးလေ ...။ ဒါပေမဲ့ မိန်းမကို အိမ်ထောင်ဦးစီး ပေးလိုက်ပြန်ရင်လည်း ပြောစရာဖြစ်ဦးမယ်။ အမျိုးတွေကြားမှာ အတင်းပြောကြမယ်။ အပေါင်းအသင်းတွေက ဟားကြမယ်။ 

သူကလည်း အိမ်ထောင်ဦးစီး လုပ်ချင်တယ်လို့ မပြောပေမယ့် လုပ်ချင်နေပုံပဲ။ မိန်းမကလည်း ငွေများများရှာတော့ သူ့ကို အားနာရတယ်မဟုတ်လား။ 

ဒီတော့ အိမ်ထောင်စုစာရင်းကို မခွဲရသေးဘူး။ အိမ်ထောင်ဦးစီး လုပ်မယ့်လူ မရှိတာနဲ့ ...။ သူကလည်း အခုထိ သူ့မိဘသန်းခေါင်စာရင်းမှာပဲ။ စိုပြေကလည်း ဦးလေးသန်းခေါင်စာရင်းမှာပဲ။ 

အခုဆို ပြေလည်သွားပြီ။ ကိုကြီးဖြိုးမင်းသိန်းက အိမ်ထောင်ဦးစီးဆိုတော့ အေးဆေးပဲ။ သန်းခေါင်စာရင်းခွဲတော့မယ်။ 

အိမ်ထောင်ဦးစီးနေရာမှာ ဦးဖြိုးမင်းသိန်းဆိုပြီး ထည့်မယ်။ ပြဿနာက တော်စပ်ပုံပဲ။ အိမ်ထောင်ဦးစီးနဲ့ ဘယ်လို တော်စပ်လဲဆိုတာ ရေးရဦးမယ်။ 

အချို့တွေကတော့ သူတို့အမေတွေကို ကိုကြီး ဖြိုးမင်းသိန်းနဲ့ ပေးစားကြတယ်။ ပြီးတော့ ကိုကြီးဖြိုးမင်းသိန်းကို အဖေတော်လိုက်ကြတယ်။ ပထွေး တော်လိုက်ကြတယ်။ တချို့ကတော့ သူတို့ အစ်မတွေ၊ အဒေါ်တွေကို ကိုကြီးဖြိုးမင်းသိန်းနဲ့ ပေးစားပြီး ဦးလေးတွေ၊ အဒေါ်တွေ လုပ်ကြတယ်။ 

စိုပြေကရော ဘယ်လိုလုပ်ရမလဲ။ အမေနဲ့ပဲ ပေးစားပြီး ကိုဖြိုးမင်းသိန်းကို အဖေတော်ရမလား ...။ အစ်မတွေနဲ့ ပေးစားပြီး အစ်ကိုကြီး တော်ရမလား ...။ စဉ်းစားမရဘူးရယ် ...။ 

ဒီအတိုင်း ထည့်လိုက်ပြန်ရင်လည်း စိုပြေ့ မိန်းမကို သူ့ပေးနေရသလို ဖြစ်သွားဦးမယ်။ ဒါမှမဟုတ် စိုပြေက သူ့မိန်းမဖြစ်သွားဦးမယ်။ လန့်စရာ ...။ မဖြစ်သေးဘူးရယ်။ 

အမေ့ယောကျာ်းဖြစ်သူ အဖေက သေသွားပြီဆိုတော့ အမေနဲ့ပဲ ပေးစားတာပဲကောင်းမလား ...။ အဲ့ဒါမှ ပြဿနာ ...။ ကိုကြီးဖြိုးမင်းသိန်းမှာက မိန်းမရှိတယ်။ အခုဆို အခြားသူတွေကလည်း ပေးစားနေကြတာ နည်းတာမဟုတ်ဘူး။ 

စိုပြေ့ အမေကိုလည်း ကိုဖြိုးမင်းသိန်းနဲ့ ပေးစားရင် ...။ တစ်သက်လုံး နောက်ယောက်ျားမယူခဲ့တဲ့ အမေဟာ ကိုဖြိုးမင်းသိန်းရဲ့ မယားငယ်ဖြစ်ဦးမယ်။ အခြားလူတွေလည်း သူတို့ အမေတွေ၊ အစ်မတွေကို အရင်ဆုံး ပေးစားနေတာ ဆိုတော့လေ ...။ ဒီကြားထဲ မျိုးစောင့်ဥပဒေဆိုတဲ့ တစ်လင် တစ်မယား ဥပဒေကလည်း ရှိသေးတယ်။ ကိုဖြိုးမင်းသိန်းရဲ့ မယားကြီးကသာ အမြင်ကပ်ပြီး တရားထစွဲလိုက်ရင် တစ်အုပ်ကြီး ထောင်ထဲ ရောက်ဦးမယ်။ 

ဒီတော့လည်း မဖြစ်သေးဘူး ...။ ကိုကြီးဖြိုးမင်း သိန်းကို အမေနဲ့ မပေးစားဘူး။ ဘယ်သူနဲ့မှလဲ မပေးစားဘူး။ မွေးစားအစ်ကိုပဲ တော်လိုက်တော့မယ်။ 

အိမ်ထောင်ဦးစီးနေရာမှာ ... ဦးဖြိုးမင်းသိန်း ... ။ အောက်မှာတော့ စိုပြေတို့ လင်မယား နာမည်ပေါ့။ တော်စပ်ပုံကတော့ အစ်ကိုကြီးပေါ့လေ။ 

ဘာပဲဖြစ်ဖြစ် အဲ့လို ကိုကြီးဖြိုးမင်းသိန်း နာမည်ကိုထည့်တာ အဆင်ပြေလိမ့်မယ်။ ဒါမှလည်း လဝက တွေက လွယ်လွယ်ကူကူ လုပ်ပေးမှာ။ နိုမို့ဆို မှတ်ပုံတင်၊ သန်းခေါင်စာရင်း လုပ်ရတာ ဘယ်လောက်ခက်လဲ သိကြတယ်မဟုတ်လား ...။ 

ပြဿနာတစ်ခုတော့ ရှိတယ်။ အဲ့ဒါက ...။ အိမ် ထောင်စုစာရင်းမှာ သူပါတယ်ဆိုပြီး ကိုကြီး ဖြိုးမင်းသိန်းက စိုပြေတို့အိမ်မှာ လာနေမှာကိုပဲ ...။ အဲ့ဒါဆိုရင်တော့ သွားပြီ။ စိုပြေ တကယ် ကြောက်တယ်။ 

ကြောက်ဆို သူက ရန်ကုန်ကို စီမံခန့်ခွဲနေသူကြီး မဟုတ်လား ...။ ကွမ်းယာဆိုင်တွေ၊ မာဆတ်၊ ကေတီဗီတွေက အစ ... ဘတ်စ်ကားကြီးတွေနဲ့ ကွန်တိန်နာတွေ အလယ် ...။ အခုဆို မြတ်စွာဘုရားရဲ့ ဆံတော်တွေကိုတောင် စီမံခန့်ခွဲနေတာ ...။ သင်္ကြန်ကိစ္စ ဘာညာကတော့ ထားလိုက်ပါတော့ ...။ သူလုပ်တိုင်း ဘယ်လို ကသောင်းကနင်းဖြစ်လဲဆိုတာ အားလုံးအသိ ...။ 

အဲ့ဒါကို သူက အိမ်ထောင်ဦးစီးပါဆိုပြီး စိုပြေတို့အိမ်ကိုလာ ...။ ပြီးရင် ... အိမ်နောက်က အိမ်သာကို အရှေ့ရွှေ့ ...။ ဘုရားစင်ကို မီးဖိုချောင်ပို့ ...။ အိမ်ထဲမှာ လမ်းမလျှောက်ရအောင် ဘတ်စ်ကားတွေ ပြေးနေရင် ဒုက္ခရောက်မှာ ...။ သိတဲ့အတိုင်း သူလုပ်ရင် ကသောင်းကနင်းဖြစ်တာဆိုတော့ ...။ စိုပြေ့အိမ်မှာ ကသောင်း ကနင်းဖြစ်ကုန်ရင် မလွယ်ဘူး ...။ အဲ့လိုမဟုတ်ဘဲ စိုပြေ့အိမ်မှာ ဘတ်စ်ကားတွေ၊ မြို့သစ်ကြီးတွေနဲ့ လာ ဆော့ရင်လည်း ရှုပ်တယ်။ 

မဖြစ်သေးဘူး ...။ အရင်အတိုင်း အိမ်ထောင်စု စာရင်းမရှိတာဘဲ ကောင်းတယ်။ 

စိုပြေ