News

POST TYPE

SATIRE

ဖေ့ဘွတ်ခ် နိုင်ငံတော်သစ်ဆီသို့
06-Apr-2018 tagged as

ဒီအစိုးရက ပြည်သူ့အစိုးရမှန်း အစက မယုံခဲ့ဘူး။ အခုတော့ ယုံပြီ။ ပြည်သူတွေကို သိပ်ချစ်တာ။ ပြည်သူ့လုံခြုံရေးကို မျက်ခြည်အပြတ်မခံဘူး။ အမြဲစောင့်ကြည့်ပေးတယ်။ လမ်းတွေပေါ်မှာ လုံခြုံရေးပေးနေတာကတော့ မဟုတ်ဘူးပေါ့လေ။ အင်တာနက်ပေါ်မှာ စောင့်ကြည့်ပေးနေတာ။ လမ်းတွေပေါ်မှာတော့ အဆင်ပြေသလိုပေါ့။ အင်တာနက်ပေါ်မှာတော့ အစိုးရက ဂရုစိုက်ရှာပါတယ်။

ဟုတ်တော့လည်း ဟုတ်တယ်။ ခေတ်ကိုလည်း အင်တာနက်ခေတ်ကိုး။ အဲ့တော့ တစ်ခုခုဆို အင်တာနက်က စတာမဟုတ်လား။ မှုခင်းဆိုလည်း အင်တာနက်ပေါ်တင်မှ သိရတယ်။ ပြဿနာတွေဆိုလည်း အင်တာနက်ပေါ်မှာ။ ဘာပဲဖြစ်ဖြစ် အင်တာနက်ပါရတယ်။

ပြီးတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးကလည်း အင်တာနက်ပေါ် တက်လာရင် အရေးယူကြတယ်။ ကားသမားကို ဝိုင်းရိုက်တယ်ဆိုလည်း အင်တာနက်ပေါ် ကို တင်မှ။ အင်တာနက်ပေါ်ကို မတင်ရင် ရိုက်တဲ့လူ တွေကို ဖမ်းဖို့မလွယ်။ မုဒိမ်းမှုလည်း အင်တာနက်ပေါ်တင်မှ၊ လုယက်မှုလည်း အင်တာနက်ပေါ်မှာတင် မှ။ ကားပျောက်၊ ကားတိုက် အကုန်လုံး အင်တာနက် ပေါ်တင်ရင် အဆင်ပြေတယ်။ အင်တာနက်ပေါ်ကို မတင်ရင် အရေးယူတာနည်းတယ် မဟုတ်လား။

မသိရင် အင်တာနက်ကပဲ တရားရုံးလိုလို၊ ပြည်သူ့ ဟစ်တိုင်ကြီးလိုလို ဖြစ်နေတာ။ နောက်ပြီးတော့ အခုခေတ်မှာ အပြင်ထွက်ပြီး ဆန္ဒပြစရာ မလိုတော့ဘူး။ အင်တာနက်ပေါ်မှာ ဆန္ဒပြလို့ရပြီ။ မဲခွဲလို့ရပြီ။ အပြင် မှာဆန္ဒပြနေရင် ငွေကုန်တယ်။ နေပူတယ်။ အသားမည်းတယ်။ အခန့်မသင့်ရင် ဥပဒေအသစ်အရ ထောင်ထဲရောက်ဦး မယ်။ ဒီတော့ အင်တာ နက်ပေါ်မှာပဲဆန္ဒပြ ကြတော့တယ်။

ဒီတော့ အစိုးရကလည်း အင်တာနက်ကို စောင့် ကြည့်ဖို့ လိုပြီလေ။ အဲ့ဒါကြောင့် ကျပ်သိန်းပေါင်း ၆ သောင်းကျော် အကုန်အကျခံပြီးတော့ကို စောင့်ကြည့်တာ။ သိန်းပေါင်း ၆ သောင်းဆိုတာ နည်းတဲ့ငွေတော့ မဟုတ်ဘူး။ စိုပြေလို ကလေးအတွေးနဲ့ဆိုရင်တော့ သိန်းပေါင်း ၆ သောင်းကျော်နဲ့ ဖန်ဂေါ်လီတွေဝယ်ရင် အများကြီးရမှာ။ အဲ့ဖန်ဂေါ်လီတွေကိုသာ မြန်မာပြည်က ကလေးတွေကို ဝေပေးလိုက်ရင် တော်တော်ပျော်ကြမှာ။ ဒါပေမဲ့ အလကားပဲလေ။ ကလေးတွေက ဖန်ဂေါ်လီတွေကို ဆော့ရင်း ပျောက်ကုန်မှာပေါ့။

အခုလိုမျိုး အင်တာနက်ကို စောင့်ကြည့်တော့ အကျိုးရှိတယ်လေ။ အင်တာနက်ပေါ်မှာလည်း လူအစုံမို့လား။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး အစုံအလင်ကို ကျွမ်းကျင်သူတွေရှိတယ်။ ဝန်ကြီးတွေ၊ သမ္မတတွေထက်တောင် ကျွမ်းသေးတယ်။

အဲ့တော့ အစိုးရအနေနဲ့ ပြည်သူတွေကို စောင့်ကြည့်ရင်း ပညာရှင်တွေရဲ့စာတွေကိုလည်း ဖတ်လို့ရတာပေါ့။

အခုရက်ပိုင်းဆို ပိုတောင်ပွဲဆူသေးတယ် မဟုတ်လား။ အကယ်ဒမီကို ရသင့်တဲ့လူမရလို့ ပြောကြဆိုကြတာတွေ။ အတင်းတုတ်တဲ့ မင်းသား၊ မင်းသမီးသရုပ်ဆောင်တွေ။ အတင်းတုတ်လို့ ပြန်တောင်းပန်ရတာတွေ။ ပြီးတော့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် တက်လာတော့ မှ ခွေးလုံးလုံးဖြစ်သွားတဲ့အကြောင်းတွေ။ နိုင်ငံတော် ရဲ့ သမ္မတရွေးပွဲကိုတောင်ဂရုမစိုက်ဘဲ ပြန်ကြားရေး က မိုးကျရွှေကိုယ်တွေထိတော့မှ တစ်သက်လုံး မလုပ် ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ ထလုပ်တဲ့အကြောင်းတွေ။အစစအရာရာ အစုံအလင်ပါပဲ။ အဲ့ဒါတွေကို အစိုးရအနေ နဲ့ စောင့်ကြည့်နေပြီး ဖတ်တယ်၊ ကြည့်တယ်ဆိုရင်တောင် တော်တော်လေး ပညာရမယ်လို့ ထင်တယ်။

ဒါကြောင့်လည်း အစိုးရက အခုလို သိန်းပေါင်း ၆ သောင်းကျော်အကုန်ခံပြီး ပြည်သူတွေကို စောင့် ကြည့်တာပေါ့။ အဲ့လိုစောင့်ကြည့်တော့ တချို့ပြည်သူ တွေက စိတ်ညစ်ကြတယ်။ နိုင်ငံရေး၊ စီးပွားရေး ဝေဖန် ချက်တွေရေးနေတဲ့ လူတွေကတော့ စိတ်မညစ်ပါဘူး။ပျော်တောင်ပျော်ကြသေးတယ်။ ငါတို့ရေးတာ အစိုးရ တော့ သိတော့မယ်ဆိုပြီးတော့ပေါ့။

စိတ်ညစ်တာက အခုခေတ် ကလေးတွေပေါ့။ ကလေးတွေဆိုတဲ့အတိုင်း ရည်းစားတွေရှိကြမယ်။ ရည်းစားနဲ့ အပြန်အလှန် ပြောကြတာတွေ အစိုးရက စောင့်ကြည့်နေမလား။ ဟိုပေါ်ဒီပေါ်ပုံတွေကို အစိုးရက တွေ့သွားမလား။ အစိုးရက တွေ့သွားပြီး မိဘတွေ ကို သွားတိုင်မလား။ စိုးရိမ်ကြမှာပေါ့။

ဟုတ်တော့လည်း ဟုတ်တယ်။ အစိုးရက စောင့်ကြည့်တယ်ဆိုတာ ဘာကိုစောင့်ကြည့်မှန်း သေချာမသိရဘူး။ အကောင့်တွေကိုဟက်ပြီး ပြောဆိုတာတွေ ကို ကြည့်နေတာလား။ ဒါကလည်း ဖြစ်နိုင်တာပဲ။ အမေရိကန်မှာလည်း အဲ့လိုစောင့်ကြည့်ခဲ့ဖူးတယ်လေ။ အင်တာနက်ကိုရော၊ ဖုန်းကိုရော အကုန်စောင့်ကြည့်တာ။ အခုလည်း ကြည့်တုန်းပဲထင်တယ်။ မြန်မာလည်း အမေရိကန်ကို အားကျလို့နေမှာပေါ့။ အဲ့လို စောင့်ကြည့်နေတော့ သမီးရည်းစား အပြန်အလှန် ပုံပို့တာတွေ မြင်ရမယ်။ အိပ်ရာထဲမှာပြောတဲ့ စကားတွေကို ကြားရမယ်။ အခြားအရေးကြီးတာတွေလည်း ကြားရင်ကြားရမှာပေါ့။ ဒီအပတ် နှစ်လုံးဂဏန်း ဘာကောင်းတို့၊ ဖဲဝိုင်း ဘယ်နားကောင်းတယ်တို့ပေါ့။

ဘာပဲဖြစ်ဖြစ် အကျိုးရှိပါတယ်။ ကလေးတွေကို ဖန်ဂေါ်လီဝေပေးတာထက်စာရင် အများကြီး အကျိုးရှိတယ်။ ခက်တာက အစိုးရက စောင့်ကြည့်တယ်သာဆိုတာ ....။

ဘယ်သူတွေက စောင့်ကြည့်နေမှန်းမသိဘူး။ စောင့်ကြည့်နေတဲ့လူတွေက ပေါတောတောတွေလား၊ ငကြောင်တွေလားလည်း မသိ။ အရေးကြီးတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စတွေကို စောင့်မကြည့်ဘဲ...။

အပြာကားတွေစောင့်ပြီး ကြည့်တာတို့ ...။ အသည်းလေးတွေ တစ်ခုခုပြောသွားဆိုတဲ့ ... ပုံတွေ။ ဒီပုံကို ရှဲပါ။ ငွေတွေဝင်မယ်တို့။ အင်္ဂါသားသမီးတို့၏ ထူးခြားသော လက္ခဏာများတို့။ ထက်မြက်တဲ့ မိန်းမဆိုတာနဲ့ အစ ချီတဲ့စာတွေ။ စတဲ့...။ တစ်ရာဖိုး သုံးပုဒ်တွေကို စောင့် ကြည့်နေမယ်ဆိုရင်တော့ ...။

သိန်းပေါင်း ၆ သောင်းကျော်ကို ဖန်ဂေါ်လီတွေ ဝယ်ပြီး ကလေးတွေကို ဝေပေးလိုက်တာက ပိုအကျိုးရှိပါဦးမယ် ...။

စိုပြေ

  • TAGS