POST TYPE

SATIRE

ဆန်ရှင် အပွင့် ဈေးကွက်
18-Sep-2016 tagged as

“တစ်ဝက်ပဲ တတ်နိုင်တာဟ...ငါးဆယ်တော့ လုပ်လိုက်”

“မရဘူး ... ကိုမောင်မျိုး ... တစ်ရာပဲ ... တစ်ရာနဲ့ ပဲ ရောင်းတာ”

တိုက်ခန်း အရောင်းအဝယ်လား၊ မြေကွက် အရောင်းအဝယ်လား။

နိုး ... မဟုတ်ရပေါင်ဗျာ။

တညင်းသီး အရောင်းအဝယ်တဲ့။

ဘယ်မှာတဲ့တုံး။

အခုမောင်ဗြိ ရောက်နေတဲ့ အလုံ၊ ဆင်မင်းဈေး လမ်းကြားလေးထဲက ရပ်ကွက် အရက်ဆိုင် သုံးဆိုင်တွဲရဲ့ ဒုတိယမြောက် ဆိုင်လေးမှာလေ။

ဟုတ်တယ်ဗျို့ ။

ကြည့်မြင်တိုင် ညဈေးမှာ ကုန်ထမ်းတဲ့ ကိုမောင်မျိုးရယ်။

ဇေယျဝတီ အရက် တစ်ပိုင်းမှာပြီး တစ်လုံး တစ်ရာ ရောင်းတဲ့ အမြည်း တညင်းသီးကို ငါးဆယ်ဖိုး တစ်ခြမ်းခွဲ ရောင်းဖို့ ဆိုင်ပိုင်ရှင် ဒေါ်သေးတာကြီးဆီ ဈေးဆစ်နေတာလေဗျာ။

အလိုလေး ... ဒီလိုအဖြစ်မျိုးက မောင်မျိုးရယ် တင်လား။

ဒီဘက် အရှေ့ဝိုင်းကို ကြည့်။

ပုံနှိပ်စက် အလုပ်သမားဘဲကြီး ကိုသိန်းဇံတို့ဝိုင်း။ လူက ငါးယောက်နဲ့ ဇေယျဝတီ အရက်ဖြူ သုံးပုလင်း ကုန်နေပြီ။ ရှေ့က တစ်ပွဲ ငါးရာတန် ရှောက်သီးသုပ်လေးကို လက်ညှိုးလေးနဲ့ ကော်စားနေကြတာ မကုန်နိုင်သေးဘူး။

အေးဗျ။

တစ်ရက်မှ လုပ်အားခ နှစ်ထောင် ရတဲ့လူတွေအတွက် ရှောက်သီးသုပ် တစ်ပွဲ ငါးရာကို လူငါးယောက် စားလို့ တစ်ယောက် တစ်ရာ ကျတယ်လေ။ နှစ်ပွဲစား မိရင် တစ်ယောက် နှစ်ရာ။ နှစ်ရာဆိုတာ သူတို့ ညဘက် စီးပြန်မယ့် ကြည့်မြင်တိုင် - ပိတောက်ချောင်း အောက်ဆိုဒ် လိုင်းကားခ အပြီးပဲ။

အမြည်းများလို့ မမူး ... အရက်များမှ မူးတယ် ... အဓိကပန်းတိုင်ကို သင်သွားပါတဲ့။  ဒါက ကိုသိန်းဇံရဲ့ ပြောနေကျ သြဝါဒပဲ။

ဆိုင်ခေါင်းရင်းမှာ ရေးထားသလို အချိန်မှန် သောက် အိမ်ပြန်ရောက်ဖို့က သူတို့ တာဝန်ရယ်လေ။

“ဟာ ... မကြီးသေးတာကလည်းဗျာ ... အခု ... ဆန်ရှင်ပွင့်သွားပြီ ... ကျွန်တော်တို့လည်း အဆင်ပြေတော့မယ်ဗျ ... တစ်ခြမ်းရောင်းလို့ မရလည်း တစ်လုံးလုံး အကြွေးနဲ့ ရောင်းဗျာ''

ကိုင်း ... မောင်မျိုး အသံ နားထောင်ကြည့်ပါ ဦးဗျာ။

ဆန်ရှင်တဲ့။

ဒီကောင် လူလည်ဗျ။ ဈေးထဲမှာ ကုန်ထမ်းနေရင် လူပြော သူပြောများတဲ့ အကြောင်းအရာတော့ သူသိပုံရတယ်။

ဒီတစ်လော ဒေါ်အောင်ဆန်းစုကြည် အမေရိကားကို သွားတဲ့ခရီးစဉ်မှာ အမေရိကန်သမ္မတ အိုဘားမား က မြန်မာနိုင်ငံအပေါ် အရေးယူထားတဲ့ ပိတ်ဆို့မှုတွေ ဖယ်ပေးမယ်လို့ ပြောခဲ့တယ်မဟုတ်လား။

မောင်မျိုးတို့များ ... ဂလိုဘယ်လိုက်ဇေးရှင်းကို တညင်းသီး ဘေလ်ရှင်းနဲ့ ချက်ချင်း ချိတ်ဆက်ပစ် လိုက်တာ။

ပိုင်ချက်။

အင်းလေ ... ဒီခေတ်ကလည်း နိုင်ငံရေးလေး ဘာလေး လေတစ်လုံး မိုးတစ်လုံး ပြောနိုင်မှ လူ အထင်ကြီးမယ့်ခေတ်ကိုဗျနော့။

“ဟရောင် ... ငမျိုး ... နားညည်းတယ်ကွာ ... လာ ... ဒီမှာ ပဲကြော်တစ်ခြမ်းရှိသေးတယ် ... အဲ့ဒါနဲ့ လာမြည်းချည်”

အောင်မယ် ... ဆိုင်ထဲက ဘက်ထရီမီးရောင် မှိန်မှိန်တောင် မကျတဲ့ ဟိုးအပြင်ဘက်ဝိုင်းမှာ ထိုင်နေတဲ့ ကိုချစ်ကို အသံရယ်။

ပဲကြော်ကျွေးတဲ့ ကိုချစ်ကိုလား။

သူက မုန့်ဖတ်ဒိုင်ကလေ။

မုန့်ဖတ်ဒိုင်ဆိုလို့ ပိုင်ရှင်တော့ မထင်နဲ့။ သူ့ ညီမဆိုင်မှာ သူက ရှကီကွဲကွဲနဲ့ ဟိုလုပ်ဒီလုပ် ကူပေးရတာ။ သူ့ညီမက မုန့်ဖတ်ရောင်းရင်း ပဲကြော်လေး ဘာလေးပါ တွဲရောင်းတော့ သူက ညနေဆို ဆိုင်က ပဲကြော် သုံးခုလောက် ယူလာပြီး ဒီဆိုင်ကို လာတဲ့လူ။

အခုတော့ သူက ဆန်ရှင် ပွင့်ပြီလို့ သတင်းပေးတဲ့ မောင်မျိုးကို ပဲကြော် တစ်ခြမ်းမျှပြီပေါ့။

မောင်မျိုးလား။ သူလည်း ဘယ်ခေလိမ့်မတုံး။ နှစ်ဆယ့်တစ်ပင်လုံလား ဘာလား တီဗီက တိုက်ရိုက်လွှင့်တဲ့ ဝေခြမ်းတောင်းဆိုရေး အစီအစဉ်တွေ ကြည့်ထားတာပဲ။

“မဟုတ်ဘူး ... ကိုချစ်ကို ... ကျွန်တော် ဒီဆိုင်မှာ သောက်လာတာကြာပြီ ... မယုံကျွန်တော့်မျက်နှာပဲ ကြည့် ... ဒီလောက် အတူတကွ သောက်သုံး လာကြပြီးမှ သူတို့ ဗဟိုကောင်တာက တညင်းသီး တစ်လုံးတောင် အကြွေး မရောင်းဘူးတဲ့လား”

နောက်ဆုံးတော့ မောင်မျိုးပြောတဲ့ ဗဟို ကောင်တာကပဲ အလျှော့ ပေးလိုက်ပါတော့တယ်။

အလျှော့ ပေးလိုက်တယ်ဆိုတာ တညင်းသီး တစ်လုံးကို အကြွေးနဲ့ ရောင်းတာ မဟုတ်ဘူးဗျ။ တညင်း သီးတစ်ခြမ်းကို ငါးဆယ်နဲ့ ပေးလိုက်တာ။

တစ်ခြမ်းသော ပဲကြော်နဲ့ တစ်ခြမ်းသော တညင်းသီးကို လက်ဆုပ်လက်ကိုင် ရသွားပြီဆိုတော့ မောင်မျိုးလည်း ကိုချစ်ကိုဝိုင်းကို အရက်ခွက်လေး ကိုင်ပြီး သွားထိုင်တယ်။

“ဟရောင် ... ငမျိုး ... မင်း ခုနပြောသလို ဆို အမေရိကန်က ငါတို့ကို ဆန်ရှင်ဆိုတာ ဖွင့်ပေးပြီလား”

“ဟုတ်တယ်အစ်ကို ... မနက်က ကျွန်တော့်ပွဲရုံ က ဘောစိ ကိုလင်းကိုယ်တိုင် ပြောတာ။ အမေစုကိုယ်တိုင် အမေရိကန်ကို သွားပြောတာတဲ့”

“ဟေ ... အဲဒါဖွင့်တော့ ငါတို့တွေ ပိုက်ဆံပိုရ ပြီလား ငမျိုး”

ဒါကတော့ ကိုသိန်းဇံတို့ ဝိုင်းထဲက တစ်ယောက် မေးလိုက်တဲ့ အသံဗျ။

“မသိဘူးဗျာ ... ကောင်းတယ်ဆိုတော့လည်း ကောင်းတာပေါ့ ... အရေးကြီးတာ ... ဒါလေးကိုင်ပြီး တစ်နေကုန် ပင်ပန်းသမျှ ပြေသွားဖို့ပဲ”

မောင်မျိုးက ပြောရင်းဆိုရင်း ဖန်ခွက်ကို မပြီး မော့လိုက်တယ်။

မောင်မျိုး ခါးပုံစထဲမှာ တစ်ထောင်တန် သုံးရွက် ရှိတယ်။ အဲဒါက ဒီနေ့ တစ်နေ့စာ သူ့ချွေးတွေ နဖူးက ခြေမကို ခရီးထွက်ခ။ ပြီးတော့ သူ့ကျောကုန်း ပွန်းခ။ အရိုးအဆစ် ကိုက်ခဲခ။

တညင်းသီးကို ငါးဆယ်ဖိုးဆစ်တဲ့ အကြောင်းလား။

တစ်ထောင်တန် နှစ်ရွက်က မနက်ဖြန် သူ့အိမ်သူ လှလှရွှေဆီ အပ်ရမယ့် အိမ်စရိတ်။

ကလေးတွေ ထမင်းချိုင့် ထည့်ရမယ်။ အကြီးမက ရှစ်တန်း ရောက်ပြီ။ ထမင်းဘူးကို ကော်ချိုင့်နဲ့ ထည့်ပြီး လက်သုတ်ပဝါ စည်းသွားရတာ ရှက်တယ်တဲ့။ ဒီကလေးမက စတီးချိုင့် ပူဆာနေပြီ။ သူ့အမေက ပူညံ ပူညံ။

မောင်မျိုး ကျန်တဲ့ တစ်ထောင်တန် တစ်ရွက်ထဲက ဈေးသစ်၊ ပိတောက်ချောင်း - လှိုင်သာယာလို့ အော်နေတဲ့ ကားခက နှစ်ရာ။

ကားစီးတဲ့အခါ လမ်းမှာ အကျပ်အသိပ် အတိုး အဝှေ့ ခံနိုင်ဖို့အတွက် သောက်ရတဲ့ ဆေးဝါး ဇေယျဝတီ အရက်သန့်က တစ်ပိုင်းက သုံးရာ။ 

ဟိုအကြီးမ စတီးချိုင့်အတွက် တစ်ရက် နှစ်ရာတော့စုဖို့ ရည်စူးထားတာ။

တစ်ရက် နှစ်ရာ၊ ဆယ့်ငါးရက် သုံးထောင်ဆို စတီးချိုင့် ခပ်ပေါပေါတစ်လုံး ကျိန်းသေရတာ မောင်မျိုး သိတယ်။

ဒါကြောင့် သေးတာမဆီမှာ အမြည်းအတွက် တညင်းသီး တစ်ခြမ်းကို ငါးဆယ်နဲ့ ပေးရောင်းဖို့ မရမက ဆစ်နေတာ။

သြော် ပိုတဲ့ နှစ်ရာ့ ငါးဆယ်လား ... မလုပ်နဲ့ မနက်ကျ ဆေးလိပ်လေး ငါးဆယ်ဖိုး ဖွာပြီး နှစ်ရာတန် မြို့ပတ်ကား စီးလာရဦးမှာ။

အခုတောင် ဆန်ရှင် ကယ်လို့ ဒီတညင်းသီးလေး ငါးဆယ်နဲ့ မြည်းရတယ် မဟုတ်လား။

မောင်မျိုး ... အရက် တစ်ကြိုက်၊ တညင်းသီး တစ်ကိုက်နဲ့ ဇိမ်ခံရင်း ဆိုင်မျက်စောင်းထိုးက သုံးထပ် အဆောက်အအုံ ကေတီဗီကြီးကို ငေးကြည့်လိုက် တယ်။

“နိုင်ငံခြားက ဈေးကွက်တွေ လုလာရင် ဂျီဒီပီ ထိုးကျသွားမှာကွ”

“ဆန်ရှင်ဖယ်ရင် ဝင်းဒိုးကအစ လိုင်စင်နဲ့ သုံးရတော့မှာ မင်းတို့ နားလည်လား”

“ဒါကြောင့် ပြောတယ် ... မင်းတို့တွေ ပြည်ပ အားမကိုးနဲ့ ... မျိုးချစ်စိတ် ရှိကြ … ဂေ့”

အသံတွေက တအား ကျယ်သည်။

အသံကျယ်သူ တစ်စု ကားမောင်းထွက်သွားတော့ မျက်စောင်းထိုး အရက်ဖြူဆိုင် တဲကုပ်လေးထဲက မောင်မျိုးက သူ့ကျောကုန်းလေးကို ပွတ်ရင်းတွေး သည်။

“ဆန်ရှင်ပွင့်တာချင်း အတူတူ ငါကျ ကျောစုတ် အောင်ထမ်းမှ သုံးထောင် ... ဟိုရှေ့က ထိုင်စောင့်ပေးတဲ့လူက သုံးထောင် ... အင်း ... ဆန်ရှင် ... ဆန်ရှင်”

တကယ်တော့ ဆန်ရှင်ပွင့်တယ် ဆိုခြင်းကို ထို တဲကုပ် အရက်ဆိုင်လေးမှ လူအားလုံး ဘာဆို ဘာမှ သေချာမသိ။

ဒီတော့ ... နောက်နေ့များတွင်လည်း ထိုတဲကုပ် အရက်ဆိုင်လေးထဲ အခြား သတင်းများကို မောင်မျိုးက ထပ်ယူလာမည်ကတော့ အသေအချာ။

ဗြိတိသျှကိုကိုမောင်

  • TAGS