News

POST TYPE

SATIRE

ဗိုလ်အောင်ထိန် ပြန်ပြီ
18-Mar-2018 tagged as



အစတုန်းကတော့ ဗိုလ်အောင်ဒင်ရယ်ပါ။ 

နောက်ပိုင်းနာမည်ပြောင်းလိုက်ပြီ။ ဒင်ဆိုတာ နောက်ပိတ်မို့ နိမိတ်မကောင်းဘူးလေ။ ထိန်ဆိုတော့ ထိန်ထိန်လင်းမယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဒီတော့ ဗိုလ်အောင်ထိန်ဖြစ်သွားတာ။ အခု ပြန်လာတာက ပင်နီလေးနဲ့ အရင်လိုဘောင်းဘီဝတ် သူပုန်ဓားပြမဟုတ်တော့ဘူးရယ်။

ဗိုလ်အောင်ဒင်ဘဝတုန်းက သူဟာ သူပုန်ဘက်က။ ဗိုလ်ကြီးရာထူးနဲ့။ နောက်တော့ သူပုန်တွေက ကန်ထုတ်လိုက်တယ်။ သူ့သူငယ်ချင်းတစ်ယောက်က သူပုန်တွေကို ပုန်ကန်လို့ဆိုလား။ ဒီတော့ ဗိုလ်အောင်ထိန်ဟာ သူပုန်တွေကို စိတ်နာတယ်။ သူပုန်တွေကို ကြည့်မရဘူး။ ကြည့်သာမရတယ်။ သူပုန်တွေပေးထားတဲ့ ဗိုလ်ကြီးဆိုတဲ့ ရာထူးကိုလည်း မစွန့်လွှတ်နိုင်။ ဒီတော့ ဗိုလ်အောင်ထိန်ဆိုပြီး ဖြစ်လာတာပေါ့။

အရင်တုန်းက ဗိုလ်အောင်ဒင်က ပိုက်ဆံမရှိလို့ ဓားပြတိုက်တယ်။ ဗိုလ်အောင်ထိန်လို့ နာမည်ပြောင်းပြီး နောက်ပိုင်းမှာတော့ သူဟာ ပိုက်ဆံကို ဂရုမစိုက်တော့ဘူး။ အဓိကက အာဏာပဲ။ အာဏာရှိရင် ကြိုက်တာလုပ်လို့ရတယ်ဆိုတာ ဗိုလ်အောင်ထိန်သိတယ်။ အဲ့တော့ အာဏာရအောင်လုပ်ရမယ်လို့ တွေးတယ်။

အာဏာရဖို့ဆိုတာ မလွယ်လှဘူး။ ဒါပေမဲ့ ဗိုလ်အောင်ထိန်ပဲ။ နပ်တာပေါ့။ ဘယ်သူက အာဏာပေးနိုင်လဲ။ အာဏာပေးနိုင်သူကို ကပ်တာပေါ့။

လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က သူပုန်တွေကို တော်လှန်ဖို့ မမဝင်းဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက် ပေါ်လာတယ်။ သူပုန်တွေကလည်း မမဝင်းကို ကြောက်တယ်။ မမဝင်းက တော်တယ်။ ထက်တယ်။ ပြည်သူတွေချစ်တယ်။ အဲ့တော့ ဗိုလ်အောင်ထိန်ဟာ မမဝင်းကို ပြေးကပ်တယ်။ မမဝင်းသာ အာဏာရရင် ငါလည်း နေရာကောင်းမှာပဲ ဆိုပြီးတော့ပေါ့။

ဒါပေမဲ့ ဗိုလ်အောင်ထိန်ဟာ ကံဆိုးတယ်။ သူပုန်တွေက ရွပ်ရွပ်ချွံချွံ ပေကပ်နေတာနဲ့ အာဏာရဖို့ နှစ် ၃၀ လောက်စောင့်လိုက်ရတယ်။ နောက်ဆုံးမှာ သူပုန်တွေ လက်နက်ချပြီး မမဝင်း အစိုးရတက်လာတယ်။ မမဝင်းအစိုးရတက်လာတော့ ဗိုလ်အောင်ထိန်လည်း နေရာရပြီပေါ့။

ဒါပေမဲ့ ဗိုလ်အောင်ထိန်ကို ရှေ့တန်းမထွက်ခိုင်းဘူး။ ဘာကြောင့်လဲဆိုတော့ ဗိုလ်အောင်ထိန်ဟာ သူပုန်ဘဝကလာသူမို့ ရိုင်းတယ်။ ဗိုလ်အောင်ထိန်ရဲ့ နာမည်ဝှက်ကေ_ာက်ရူးတဲ့လေ။ ဘာကြောင့်လဲဆိုတော့ ဗိုလ်အောင်ထိန် ဒေါသထွက်လာရင်ေ_ာက်ရူးေ_ာက်ရူး လို့ ခြောက်ခါ ကြွေးကြော်လေ့ရှိတာကိုး။

ဗိုလ်အောင်ထိန်ဟာ မမဝင်းကို ဘယ်လိုကပ်ရမလဲဆိုတာသိတယ်။ ကပ်နည်းအမှန်ကတော့ ဖားတာပဲ။

“မမဝင်း နားကပ်လေး လှလိုက်တာ။ ဒီနေ့ဝတ်တဲ့ချိတ်လေးက လန်းတယ်နော်။ ဟို တဘက်လေးရော မခြုံတော့ဘူးလား။ ဟိုစိန်ကလေးက မမဝင်းနဲ့ အရမ်းလိုက်တယ်” ဆိုတာတွေဟာ ဗိုလ်အောင်ထိန်ရဲ့ ဖားလုံးတွေပဲ။ အဲ့လို ဖားလွန်းအားကြီးတော့ ဗိုလ်အောင်ထိန်ဟာ ဖားကြီးနဲ့ တူလာတယ်။ ဖားတောင်မှ စားဖားမဟုတ်။ ပါးအစ်အစ်နဲ့ ဖားပြုတ်ကြီးနဲ့တူတာ။

အဲ့လိုတွေဖားတော့ မမဝင်းကလည်း သဘောကျတယ်။ သဘောကျတော့ ဗိုလ်အောင်ထိန် အရေးပေးခံရတာပေါ့။ မောင်လေးထိန်ထိန် ဘာလုပ်လုပ် အပြစ်မပြောရှာဘူး။ ဒီတော့ ဗိုလ်အောင်ထိန်ဟာ သူကြည့်မရသူတွေကို ရာထူးတွေက ဖြုတ်တယ်။ သူ့ကို ဝေဖန်သူတွေကို ဖမ်းခိုင်းတယ်။

ဗိုလ်အောင်ထိန်ဟာ ဘာနဲ့တူလာလဲဆိုတော့ ကုန်းဘောင်ခေတ်က ဘိုင်ဆပ်နဲ့တူလာတယ်။ ဘိုင်ဆပ်ကလည်း ဘုရင်ကို ကြိုးကိုင်နိုင်တယ်။ သူ့စိတ်ကြိုက် တိုင်းပြည်ကိုလုပ်တယ်။ လူသုံးထောင်လောက် သတ်ပစ်တယ်။ ကြည့်မရသူတွေ အကုန်လုံးကိုဖမ်းတယ်။ နောက်ဆုံးတော့ ဘိုင်ဆပ်လည်း သေတာပါပဲ။

အခု ဗိုလ်အောင်ထိန်လည်း ဒီလိုပဲ။ အများဆန္ဒတွေ ဘာတွေ ဂရုစိုက်မနေဘူး။ သူ ကြည့်မရရင် ပြုတ်။ ဖြုတ်။ သူ့ကို တည့်အောင်ပေါင်းနိုင်ရင် ရာထူးရ။ အဲ့တော့ လူတွေက ဗိုလ်အောင်ထိန်ကို ကြောက်လာကြတယ်။ ဗိုလ်အောင်ထိန်ကို ဒုတိယဘဘရွှေလို့တောင် တင်စားသူတွေ ရှိလာတယ်။ ဗိုလ်အောင်ထိန် စာဖတ်နေသည် မနှောင့်ယှက်ရ။ ကြည့်မရရင် ဝန်ကြီးရော၊ ဝန်ကြီးချုပ်ရော နားမလည်ဘူး။ အကုန်ဖြုတ်ပစ်မယ်။

အခုဆို သိုင်းလောကမှာ စကားလုံးတစ်ခုတောင် ခေတ်စားနေတယ်။ Bo Aung Htein Approved တဲ့။ ဗိုလ်အောင်ထိန်သာ ခွင့်ပြုလိုက်ပြီဆိုရင် ပွဲပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဗိုလ်အောင်ထိန်အထက်မှာ ဘယ်သူမှ မရှိဘူး။ ဘာလုပ်လုပ် ဗိုလ်အောင်ထိန် ခွင့်ပြုဖို့လိုတယ်။ ဗိုလ်အောင်ထိန် အပရုပေါ့။

နောက်ဆို

No men above the Bo Aung Htein

(ဗိုလ်အောင်ထိန်အထက်မှာ ဘယ်သူမှ မရှိ) တို့။

Bo Aung Htein is State. State is Bo Aung Htein

(နိုင်ငံတော်သည် ဗိုလ်အောင်ထိန်ဖြစ်သည်) ဆိုတဲ့ စကားတွေတောင် ပေါ်လာနိုင်တယ်။

တကယ်တော့ အပေါ်မှာရေးထားတာတွေ အကုန်လုံး အထင်မှားတာ။ ဗိုလ်အောင်ထိန်က အဲ့လိုမဟုတ်ဘူး။ သူ့မှာ ရည်မှန်းချက်တစ်ခုပဲရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ သူ့သားသမီးတွေကို မင်္ဂလာကောင်းကောင်းဆောင်ပေးဖို့ပဲ။ အဲ့ဒါကြောင့် ဗိုလ်အောင်ထိန်ဟာ အာဏာရှိတာနဲ့ သားသမီးတွေကို မင်္ဂလာဆောင်ပေးတယ်။ ဗိုလ်အောင်ထိန်ကျင်းပတဲ့ မင်္ဂလာဆောင်ဆိုတော့ နိုင်ငံတော်က အကြီးဆုံးတွေ အကုန်တက်ရတယ်။ နိုင်ငံတော် မင်္ဂလာဆောင်တောင် ဖြစ်သွားသေးတယ်။ ဗိုလ်အောင်ထိန်ကလည်း နိုင်ငံတော်ပဲကိုး...။

အခုဆို ဗိုလ်အောင်ထိန်ရဲ့ ရည်မှန်းချက်တွေ ပြည့်သွားပြီ။ အဲ့တော့ ဗိုလ်အောင်ထိန်ဟာ အာဏာကိုစွန့်လွှတ်တယ်။ ပါဝါတွေကို စွန့်လွှတ်တယ်။ ပြီးတော့ တောထွက်သွားပြီ။ ဒါပေမဲ့ တောတွေက မြန်မာပြည်မှာမရှိတော့ တောရှိတဲ့နိုင်ငံကို ထွက်သွားတယ်။ အခုဆို ဗိုလ်အောင်ထိန်ဟာ မဟာမြိုင်တောင်ရောက်နေပြီလား မသိဘူး။

ဗိုလ်အောင်ထိန်မရှိတော့ လူတွေက တော်တော်ပျော်ကြတယ်။ အထူးသဖြင့် ဗိုလ်အောင်ထိန့် အောက်ကလူတွေပေါ့။ ဗိုလ်အောင်ထိန်ရှိတုန်းက မလှုပ်ရဲဘူး။ စကားလည်း မပြောရဲကြဘူး။ ဒါပေမဲ့ ဗိုလ်အောင်ထိန်လည်းမရှိရော စကားတွေလည်းပြော၊ လှုပ်တာမှ ထတောင်ကကြတယ်ဆိုပဲ။ အခုဆို ဗိုလ်အောင်ထိန်မရှိတော့ လွှတ်တော်ကြီးတောင် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာတယ်။ အခြားလူတွေလည်း အသက်ရှူချောင်ကုန်တယ်။

ဗိုလ်အောင်ထိန်ရှိတုန်းက အဖြုတ်ခံခဲ့ရတဲ့လူတွေကလည်း အခုဆို မျှော်လင့်ချက်တွေ ရှိလာပြီ။ အရင်လိုနေရာတွေ ပြန်ရဖို့ မျှော်လင့်ကုန်ကြတယ်။

ဒါပေမဲ့ သတင်းထောက်တွေကတော့ မပျော်ဘူး။ ဗိုလ်အောင်ထိန်ကို လွမ်းနေကြတယ်။ ဗိုလ်အောင်ထိန်ရှိတုန်းက ဘာပဲဖြစ်ဖြစ် သတင်းတွေရသေးတယ်။ ဗိုလ်အောင်ထိန်ကိုယ်တိုင်က နိုင်ငံတော်ဆိုတော့.... နိုင်ငံတော်နဲ့ပတ်သက်တဲ့ သတင်းတွေရတယ်။ အခုဆို ဗိုလ်အောင်ထိန်မရှိတော့ သတင်းတွေလည်း မရတော့ဘူး။ အခြားလူတွေကလည်း ဗိုလ်အောင်ထိန့်လို မပြောရဲဘူး။ အဆိုးဆုံးကတော့ စာမူခတွေ နည်းသွားတာပဲ။

အရင်ကဆို ဗိုလ်အောင်ထိန် ဘာပြောပြော သတင်းဖြစ်တယ်။ စိုပြေလည်း ဗိုလ်အောင်ထိန်ပြောတာတွေကို သရော်စာရေးတယ်။ အခုဆို ဗိုလ်အောင်ထိန်ကလည်း ဘာမှမပြောတော့ ဘာမှလည်း ရေးမရတော့ဘူး။ ဒါကြောင့် ဗိုလ်အောင်ထိန်နဲ့ ပတ်သက်သမျှ ဒီတစ်ပုဒ်ဟာ နောက်ဆုံးပဲ။

စိုပြေ

  • TAGS