News

POST TYPE

SATIRE

သင်္ခါရ ငြိမ်းစုစီ
10-Mar-2018 tagged as ငြိမ်းစုစီ

ချစ်လှစွာသော တူမောင် အကောင်းစား လေး ရေ...

ဟိုတစ်နေ့က ငါ့တူကြီး မေးထားတဲ့ ငြိမ်းစုစီ ပြင်တဲ့ကိစ္စကို ဖြေပေးရမယ်ဆိုတော့ ဦးလေးဗြိမှာ ဘယ်နားနေနေ ငါးပိကြော်နံ့တွေ ရရနေတော့တာပဲ။

စပြောရမယ်ဆိုရင်ဖြင့် ငြိမ်းစုစီဆိုတာ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်၊ စီတန်းလှည့်လည်ခွင့် ဥပဒေကို အတိုကောက် ခေါ်ကြတာပဲကွယ်။တစ်နည်းအားဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လို့ ဆိုရသပေါ့။

ဒါလည်း မြန်မာပြည်မှာ ရတာကြာသလားဆိုတော့ ဆယ်စုနှစ်တစ်စုတောင် ကောင်းကောင်း မရှိသေးပါဘူး။ ဦးလေးတို့ခေတ်တုန်းကဆို လူငါးယောက် စုဝေးရင်တောင် နိုင်ငံတော် ပုန်ကန်မှုမြောက်နေလို့ ဖဲဝိုင်းတောင် ငါးအိမ်ဖြစ်နေရင် တစ်အိမ်ကို ဘေးထိုးခိုင်းပြီး လေးအိမ်တည်း ရိုက်ရတဲ့ခေတ်ကွဲ့။

ဒီလို ခေတ်ဆိုး၊ စနစ်ဆိုးကြီးကို တော်လှန်ခဲ့ကြတဲ့အထဲ အခု အစိုးရမင်းများရော၊ အမတ်မင်းကြီးများရော ပါသပေါ့ကွယ်။ ကိုယ့်ဆန္ဒကိုယ် လွတ်လပ်စွာ ဖော်ထုတ်တာ လူ့အခွင့်အရေးပဲ မဟုတ်လား။

ဒါနဲ့ပတ်သက်လို့ ရှင်ဘုရင်ခေတ်မှာ ကိုယ့်အခွင့်အရေး ကိုယ်ရဖို့ တိုက်ပွဲဝင်ခဲ့တဲ့ လူတစ်ယောက်အကြောင်း ဦးလေး ပြောပြရဦးမယ်။

ကုန်းဘောင်မင်းဆက်မှာ ပုဂံမင်းဟာ ချိုးတိုက်၊ ကြက်တိုက်ကလွဲပြီး ဘာမှ စိတ်မဝင်စားတဲ့ ဘုရင်တစ်ပါးကွဲ့။ သူ့လက်ထက်မှာ မြို့ဝန်ဘိုင်ဆပ်တို့အုပ်စုက ပြည်သူကို ညှဉ်းပန်းခဲ့ကြတာပေါ့။ သူ့ကိုဖြုတ်ချပြီး ပြည်သူ့အချစ်တော် မင်းတုန်းမင်း ဘုရင်ဖြစ်လာတယ်။ သိတဲ့အတိုင်း မြန်မာပြည်က မင်းတရားကြီးတွေဟာ တိုင်းပြည် ထူထူထောင်ထောင် မဖြစ်ခင် အရင် မြို့သစ်နန်းသစ်တည်ကြတာဆိုတော့ မန္တလေးမှာ နန်းသစ်တည်ပါလေရောလား။

နန်းတော်ကြီးကို လက်သမားတွေနဲ့ ဆောက်လုပ်နေကြတုန်း မင်းတုန်းဘုရင်နဲ့ တပင်တိုင်စုဖုရား မိဖုရားခေါင်ကြီးတို့က ထုံးစံအတိုင်း ကြည့်ရှုစစ်ဆေး လိုအပ်တာများ မှာကြားပေါ့။ အဲ့ဒီအချိန် နန်းတော်ကြမ်းခင်းက ပျဉ်ပြားကြီးပေါ်မှာ လုပ်အားခတွေ မရလို့ ဘုရင်ကို ဆဲတဲ့စာကို လက်သမားတစ်ယောက်က ရေးထားတာ သွားတွေ့တယ်။

စာက နည်းနည်း ရိုင်းပေမယ့် မူရင်းအတိုင်းပဲ ရေးလိုက်ပါ့မယ်။

“ပေးရင် ပေးရော့ ... မပေး ပြေးရော ... “ -ီး ” ”တဲ့။

ဆိုလိုတာက ပေးရင် ပေး၊ မပေးရင် ဆက်မလုပ်ဘဲ ထွက်ပြေးတော့မယ်ဆိုပြီး နောက်ကနေ သူ့ဖွားဖက် တော်နဲ့ ခိုင်းနှိုင်းပြီး ဒဲ့ (တည့်) ဆဲထားတာ။ ဒါကို ရှင်ဘုရင်မြင်တော့ သူ့ကို ဆဲရမလားဆိုပြီး ဒေါခွီးပါလေရောလား။

ဘေးကပါလာတဲ့ နန်းကံကျွေးဝန်လို့ခေါ်တဲ့ အလုပ်သမားရေးရာ အရာရှိတို့၊ တခြား တည်ဆောက်ရေး အရာထမ်းတွေကလည်း ဟာ ဒီကောင် ဘာကောင်လဲ ... ဘယ်သူလဲ ... ဘုရင်ကို ဘာညာဆိုပြီး ဝိုင်းပင့်ပေးတာပေါ့။

အဲ့ဒီအချိန်မှာ မိဖုရားခေါင်ကြီးက ရှင်ဘုရင်ကို ချွေးသိပ်ရတယ်။ သူ တကယ် အခက်အခဲရှိလို့ မတတ်သာလို့ သေဘေးကို မကြောက် ရေးရတာ ဖြစ်မှာပါပေါ့။

ကဲ ... ငယ်ကျွန်တစ်ယောက် မြေဖြူယူပြီး အဲ့ဒီစာဘေးမှာ ဒီ့နှယ့်ရေးစမ်းဟဲ့ ဆိုပြီး မိဖုရားခေါင်ကြီးက ရွတ်ပြတယ်။

“မနက်ဖြန်ရမည်...“ -ီး ” ”တဲ့။

ဦးလေးရေးတာ နည်းနည်းရိုင်းတယ် ထင်ရပေမယ် ... ဒီ့နှယ်ရေးမှ အဆင်ပြေမှာမို့ တဆိတ်တော့ ခွင့်လွှတ်ကွဲ့ ...ငါ့တူ။

ရှင်ဘုရင်လည်း ဒီလို ပြန်ဆဲလိုက်ရမှ စိတ်ကျေနပ်သွားပြီး အမှုထမ်းတွေကို ခေါ်စစ်တော့ အဆင့်ဆင့် ဗုန်းကြပြီး လက်သမားတွေခမျာ တကယ် လုပ်အားခ မရ ကြရှာဘူးတဲ့။

အဲ့ဒါနဲ့ တာဝန်ရှိသူတွေကို အရေးယူပြီး လက်သမားတွေကို နောက်တစ်နေ့မှာ လုပ်အားခတွေ အကုန် ရှင်းပေးလိုက်သတဲ့။ ဆိုလိုချင်တာက ... ပုဂံမင်း ... မကောင်းလို့ ... ကောင်းတဲ့ မင်းတုန်းမင်းကြီး တက်လာလည်း ကိုယ်မကျေနပ်တာ၊ မကြိုက်တာရှိရင် ပြောရမှာပဲ။ ဟိုလက်သမား ... ပျဉ်ချပ်ပေါ် ရေးသလို ရေးလို့ ရတဲ့နေရာက ရေးနေရမှာပဲ ...။

မင်းတုန်းမင်းကြီးပဲဟယ် ... သူ့ခမျာ သူပုန် သူကန်ဘဝ ဆင်းဆင်းရဲရဲကနေ ဘုရင် ခုမှဖြစ်တာ ... မရတဲ့ လက်သမားခလေး တောင်းမနေတော့ပါဘူးဆို သွားပြီပဲ။ တစ်ခါတလေ အုပ်စိုးသူ အစိုးရမင်းများ ဆိုတာကလည်း ပြည်သူနဲ့ တိုက်ရိုက်တွေ့ဖို့ တယ်ခက်သကိုးကွဲ့။

လက်သမားကလည်း ဪ ... ဌာနတွင်း ခြစားမှုတွေ ရှိနေလို့လား၊ အဆင့်ဆင့် ခေါင်းပုံဖြတ်နေတာလား ဘာတွေ ညာတွေ တွေးနေမှာ မဟုတ်ဘူး ... သူ့ လုပ်ခမရရင် သူ့ကိုခိုင်းတဲ့ အစိုးရမင်း ရှင်ဘုရင်ကို တန်းဆဲမှာပဲ။

ဒီလက်သမားရေးလို့လည်း ဘုရင်က သူ့အောက်က ငတိတွေ မကောင်းတာ သိသွားရတာ။ ဒါတောင် ပညာဉာဏ်ပြည့်စုံတဲ့ မိဖုရားခေါင်ကြီး ပါနေလို့။ အောက်ကကောင်တွေ ဝိုင်းတွန်းသလိုသာ လုပ်ရင် ရေးတဲ့လက်သမားလည်း ဇက်ပြုတ်၊ ဘုရင်လည်း လူမုန်းခံရမှာပဲ။

ဒါကတော့ ဦးလေး ဖတ်မိသလောက် မြန်မာ့သမိုင်းမှာ ပြည်သူရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကိစ္စပဲ။

နို့ ... ဦးလေးရယ် ... ဒါကတော့ ရှေးခေတ်မို့ ထားပါတော့။ အခုခေတ်က ... ပိုက်ဆံယူပြီး ဆန္ဒပြတဲ့သူတွေ များနေလို့ ဒီဥပဒေကို ပြင်ရပါတယ်လို့ မင်းက ဆိုချင်ပြန်သလား။

ဦးလေးဖြင့် အဲ့ဒီဥပဒေကို ဖတ်ကြည့်မိတယ်။

“မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားကို ပျက်ပြားစေရန် အကြံဖြင့်ဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းပြု အောင်လှုံ့ဆော်ခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ တိုက်တွန်းခြင်းတို့ပြုကြောင်း ပြစ်မှုထင်ရှားလျှင် သုံးနှစ်ထက် မပိုသော ထောင်ဒဏ် သို့ ငွေဒဏ် ချမှတ်နိုင်သည်”တဲ့ကွယ်။

ဒီလိုဆိုတော့ ဦးလေး ဆုတောင်းမိတာ ဒီဥပဒေထဲမှာ နောက်ကြောင်းပြန် အရေးယူရမည်လို့ ပါရင်များ ခက်ပြီကွယ်လို့။

မင်း စဉ်းစားကြည့်လေ။ မြန်မာပြည်မှာ ဟိုး ကိုလိုနီခေတ်ကတည်းက သပိတ်တွေ၊ ဆန္ဒပြပွဲတွေ ဖြစ်နေတာပဲ။ ကိုလိုနီအစိုးရရော၊ ပါလီမန်အစိုးရရော၊ မဆလအစိုးရရော၊ နဝတအစိုးရရော၊ သွားလေသူ အစိုးရရော အစိုးရအဆက်ဆက်ကတော့ လမ်းပေါ်ထွက် ဆန္ဒပြတဲ့ပြည်သူမှန်သမျှ သူ့ကို အာရုံနောက်အောင် လုပ်တယ်လို့ ယူဆကြတာချည်းပဲကွဲ့။

အစိုးရဖြစ်သွားပြီဆို ... သူ့မကောင်းပြောတဲ့သူ မှန်သမျှ နိုင်ငံတော်တွေ၊ တရားဥပဒေတွေ၊ တည်ငြိမ်အေးချမ်းရေးတွေ ဖျက်ဆီးတဲ့ ငမိုက်သားအဖြစ် သတ်မှတ်တော့တာပဲ မဟုတ်လား။

အခုလည်း ဆန္ဒပြအောင် လှုံ့ဆော်တဲ့လူတွေကို အရေးယူမယ်ဆိုရင်ဖြင့် “မီးတုတ် မီးတုတ် ရှို့ရှို့” ဆိုတဲ့ အာဠာဝက သခင်ဖိုးလှကြီးတို့၊ “မြင်းခွာတစ်ချက် ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်”ဆိုတဲ့ သခင် ဗဟိန်းကြီးတို့လည်း အခုခေတ်ဆို ထောင်သုံးနှစ်တော့ အသာလေးပဲ မောင်။

မအပ်မရာ နှိုင်းတာတော့ မဟုတ်ပါဘူး။ အခုခေတ် ငွေရပြီးရော အချောင်ပွဲလှန့်နေတဲ့ကောင်တွေလည်း ရှိတော့ရှိသပေါ့။ သို့ပေမယ့် ... သူတို့တွေ ငွေ ဘယ်လောက်ပေးပြီး ဆန္ဒပြခိုင်းပြခိုင်း ဦးလေးတို့ ပြည်သူတွေက အထာနှပ်နေပါပြီကွယ်။ ဝန်းရံသင့်၊ မဝန်းရံသင် သိကြသပေါ့။ ပြည်သူကို ဂျင်းထည့်လို့ရတဲ့ခေတ် မဟုတ်တော့ဘူး။

ဒါပေမဲ့ ငါ့တူရယ် ...။

ဦးလေးက ပြောရင်း ပြောရင်း ဘရိတ်က လွတ်သွားတတ်သော သတိထားရသေးတယ်။ တစ်လောကလေးကပဲ ပြန်ကြားရေးဝန်ကြီးဌာနက အစိုးရ အကြည်ညိုပျက်စေတဲ့ အရေးအသား၊ အပြောအဆိုတွေဆိုရင် ထောင်ဘယ်လောက်ချမယ်ဆိုလား ကြော်ငြာကြီးလည်း မျက်စိထဲ တဝဲလည်လည် မြင်ယောင်လာတယ်။

ကဲပါလေ ... ဒါတွေဟာ တရားသဘောတွေပါပဲ။ တခြားမကြည့်နဲ့။

ဦးလေးဗြိ ဆို ဘတ်စ်ကားစီးလို့ နေရာမရဘဲ မတ်တတ်ရပ်စီးရတဲ့အခါ ထိုင်ခုံမှာ ထိုင်နေတဲ့လူတွေကို အားကြီး သောက်မြင်ကပ်တာ။

အဲ ... ကိုယ်လည်း ခုံနေရာရရော ... ကိုယ်ထိုင် နေတဲ့ဘေး ဒူးနဲ့ လာထောက်တဲ့ကောင်၊ ကိုယ့်အပေါ် အုပ်မိုးထားတဲ့ မတ်တတ်ရပ်စီးနေတဲ့သူတွေကို ပြန်သောက်မြင်ကပ်တော့တာပဲ။ ဒါကလည်း ထိုင်ခုံရဲ့ သဘာဝကိုးကွယ်။

ဖြစ်ပြီးရင်ပျက်တတ်တဲ့ သင်္ခါရသဘောတွေထဲ ဒီငြိမ်းစုစီဆိုတာကြီးလည်း ပါတယ်လို့ မှတ်လိုက်ပါတော့ကွယ်။ ဒီလောက်ဆိုရင်ဖြင့် တူမောင်ကြီးလည်း ကျေနပ်လောက်ပြီ ထင်ပါတယ်။

ဪ ... ဒါနဲ့ ... တူမောင့်ကို သတိပေးရဦးမယ်။ ဦးလေး ရှစ်တန်းကျောင်းသားဘဝက မော်နီတာ လုပ်ဖူးတယ်။ ကိုယ်က အတန်းခေါင်းဆောင်ဆိုတော့ ဆရာမက ကြိမ်လုံး ဝယ်ခိုင်းရင် ဖားယားပြီး ရိုက်လို့ကောင်းမယ့် အလုံးတုတ်တုတ်၊ ရှည်ရှည်တွေ ဝယ်လာခဲ့ပေးဖူးတယ်။ မကြာပါဘူး စာမကျက်လာမိတဲ့နေ့တော့ မော်နီတာကြီးလည်း ကိုယ် ဝယ်လာတဲ့ကြိမ်နဲ့ ကိုယ် ပြန်အဆော်ခံရတော့တာပါပဲ။ အဲ့ဒီလို ဖြစ်နေမှ ဟုတ်ပေ့ ဖြစ်နေမယ် ငါ့တူရေ။

အနိစ္စ၊ သင်္ခါရ မမြဲခြင်းတရားတွေကို သဘောပိုက်နေတဲ့ ...

ဦးလေးဗြိ

ဗြိတိသျှကိုကိုမောင်