News

POST TYPE

SATIRE

အစိုးရကို ကြည်ညိုပါ
03-Mar-2018 tagged as

စိုပြေကတော့ မနက်ဖြန် ဓာတ်ပုံတွေစုပြီ။ မော်ဒယ်လ်ပုံတွေ မဟုတ်ဘူး။ အစိုးရဓာတ်ပုံတွေ စုမှာ။ ဘာလုပ်ဖို့လဲဆိုတော့ အားရင် ထိုင်ရှိခိုးဖို့လေ။ 

အရင်ခေတ်တုန်းက အစိုးရဆိုတာက နိုင်ငံတော်နဲ့တွဲတွဲပြီး သုံးတယ်။ နိုင်ငံတော်အစိုးရ ဘာညာပေါ့။ ပြည်သူတွေကို မုန့်ကျွေးမယ်ဆိုရင် အစိုးရက ကျွေးတာ။ ပြည်သူတွေကို တုတ်ကျွေးမယ် ဆိုရင်တော့ အဲ့ဒါ နိုင်ငံတော်။ နိုင်ငံတော် ပုန်ကန်မှုတို့၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့။ 

အခုကတော့ ရှင်းတယ်။ နိုင်ငံတော်တွေ ဘာတွေ ထည့်မနေတော့ဘူး။ အစိုးရပဲ။ ဟုတ်လည်း ဟုတ်တယ်။ နိုင်ငံတော်က နိုင်ငံတော်လေ...။ 

အစိုးရဆိုတာ အစိုးရ။ နိုင်ငံတော်ထဲမှာ အစိုးရ ရှိတာ။ 

အရင်အစိုးရတုန်းကလည်း နိုင်ငံတော်အစိုးရ ကို အကြည်ညိုပျက်စေမှုနဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့် ထောင်ထဲ ရောက်သွားတယ်။ အခြားလူတွေလည်း အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ ရောက်တာအများကြီးပဲ။ 

ဦးဆန်းဆင့်ကတော့ မှတ်မှတ်ရရပေါ့လေ။ သူက လူကြီးကိုး...။ 

ဦးဆန်းဆင့် ထောင်ကျသွားတော့ စိုပြေလည်း တော်တော် လန့်သွားတယ်။ ဦးဆန်းဆင့် ထောင်ကျတာက နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ကို။ 

အဲ့တုန်းကဆို စိုပြေ့မှာ မြန်မာနိုင်ငံ မြေပုံကြီးနဲ့ အစိုးရအဖွဲ့ကို ခဏခဏ ထိုင်ကန်တော့ ဖြစ်တယ်။ မကြည်ညိုဘူး ထင်မှာစိုးလို့။ 

အဲ့လိုနဲ့ စိုပြေ ကြည်ညိုတဲ့ အစိုးရလည်း မဲရှုံးပြီး လစ်သွားတယ်။ 

အင်း ...။ ပြဿနာက အဲ့မှာ စတာပဲ။ 

စိုပြေကြည်ညိုတဲ့ အစိုးရ ပြုတ်သွားတယ် ဆိုတော့ ...။ 

အခု အစိုးရဟာ စိုပြေ မကြည်ညိုတဲ့ အစိုးရ ဖြစ်မသွားဘူးလား ...။ 

တကယ်တော့ မဟုတ်ဘူးရယ်။ 

စိုပြေက အရင်အစိုးရကို ကြည်ညိုတယ်ဆိုတာ နောက်တာ။ တကယ် မကြည်ညိုဘူး။ ကြည်ညိုချင် ယောင်ဆောင်တာ။ အခုအစိုးရကို တကယ်ကြည်ညိုတာ။ အရင်အစိုးရကို ကြည်ညိုချင်ယောင်ဆောင်တာထက်ကို ကြည်ညိုတယ်။ 

မကြည်ညိုလို့လည်း မရဘူးလေ။ 

သတင်းစာထဲမှာ ခဏခဏ ရေးနေတာ။ အစိုးရ ကို အကြည်ညိုပျက်အောင်လုပ်ရင် ထောင် ၂ နှစ် ချမယ် ဆိုတာကြီးပဲ။ တကယ်ကို လန့်စရာကောင်းတယ်။ 

အစိုးရက ထုတ်နေတဲ့ အစိုးရသတင်းစာမှာ သူတို့ကို မကြည်ညိုရင် ထောင်ချမယ်ဆိုတာ ခြိမ်းခြောက်နေတာလို့ ခင်ဗျားတို့ ထင်ကြမယ်။ 

တကယ်တော့ မဟုတ်ဘူး။ 

သတိပေးနေတာ။ 

ဘာပဲဖြစ်နေ ဖြစ်နေ ကိုယ့်အစိုးရကိုတော့ ကြည်ညိုသင့်တယ်။ 

ဘာလို့လဲဆိုတော့ အခုတစ်လော လူတွေကို ကြည့်ရတာ အစိုးရကို သိပ်မကြည်ညိုသလိုပဲ။ အားနေရင် အစိုးရကို ဆဲနေကြတဲ့လူတွေက များတယ်။ 

ဒီအစိုးရကို ထောက်ခံခဲ့လူတွေတောင် အခု နောက်ပိုင်း အစိုးရကို ဆဲလာကြတာတွေ့တယ်။ 

မထောက်ခံတဲ့လူတွေဆို ပိုဆိုး။ 

အဲ့လိုဆဲတာကို အစိုးရကို အကြည်ညိုပျက်စေ တာပေါ့။ 

ဝန်ထမ်းတွေကို ကြည့်မလား...။ 

တော်တော်များများ အစိုးရကို ဆဲကြတာပဲ။ လခက မတိုး၊ ငွေကြေးက ဖောင်းပွ၊ ကုန်ဈေးနှုန်းက တက်၊ ဌာနလူကြီးက တစ်မျိုး၊ အမတ်က တစ်ဖုံ၊ ဝန်ကြီးက တစ်သွယ်နဲ့ စိတ်ကူးတည့်ရာ အမျိုးမျိုးလုပ်တော့ ဝန်ထမ်းတွေလည်း စိတ်ညစ်။ 

အဲ့တော့ သိမ်းကျုံးပြီး အစိုးရကို ဆဲ။ 

ဒါ အကြည်ညိုပျက်စေတာပဲ။ 

ကျောင်းသားတွေရော ဘာထူးတုံး။ အစိုးရ ပြောင်းတော့ ပညာရေးစရိတ်တွေ တိုးမယ်ထင်တယ်။ မတိုးတော့ ဆန္ဒပြတယ်။ ဆန္ဒပြတော့ ကျောင်းထုတ်တယ်။ အဲ့တော့ ကျောင်းသားလည်း ဆဲပြီလေ။ 

ပြည်သူတွေကရော ...။ 

အရင်ကဆို ဆိုက်ကားတွေမှာ ခွပ်ဒေါင်းအလံ လေး တလူလူနဲ့။ 

အခုတော့ မတွေ့တော့ဘူး။ လမ်းတွေက ပိတ်၊ ဆန်ဈေးကကြီး၊ ကုန်ဈေးနှုန်းက တက်၊ အလုပ်အကိုင် က မကောင်း။ အဲ့တော့ လက်ဖက်ရည်ဆိုင်မှာ သွား နားထောင်ကြည့်လိုက်။ ဆယ်ဝိုင်းရှိရင် ကိုးဝိုင်းက အစိုးရကိုေ_ာက်သုံးမကျဘူးဆိုပြီး ဆဲကြတယ်။ ကျန် တဲ့တစ်ဝိုင်းက တစ်ယောက်တည်းမို့။ 

သူကလည်း အခြားလူတွေလာရင် အစိုးရကို ဆဲတော့မှာ။ 

အရင်ကဆိုရင်တော့ အစိုးရကို ကာကွယ်ပေးတဲ့ လက်ဖက်ရည်ဝိုင်းက တစ်ဝက်လောက်ရှိတယ်။ အခု တော့ အဲ့လူတွေ လက်ဖက်ရည်ဆိုင်ကို မလာရဲတော့ဘူး။ ဖာပေး၊ ကာပေးတဲ့လူတွေကိုပါ ဝိုင်းဆဲပစ်လိုက်လို့။ ဆဲသူတွေ များလာတဲ့သဘော။ 

နောက်ပြီး ဗုဒ္ဓဘာသာတွေလည်း အစိုးရကို ဆဲတယ်။ ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး ပျော့ပျောင်းလွန်းတယ်လို့ ဆိုပြီးတော့...။

မွတ်ဆလင်တွေကလည်း အစိုးရကို ဆဲတာပဲ။ ရိုဟင်ဂျာတွေကို ဖိနှိပ်လို့တဲ့။ 

အဆိုးဆုံးက ဖေ့စ်ဘွတ်ခ်ပေါ်က လူတွေပဲ။ အားနေရင် အစိုးရကို ဆဲမယ်၊ လှောင်မယ်၊ ပြောင်မယ်၊ ဝိုင်းဟားမယ်။ 

ဘယ်သူတွေ ဘယ်လိုဆဲလဲတော့ မရေးတော့ဘူး။ အဲ့ဒါက ရှော့ခ်ရှိတယ်။ ဆက်ရှင်မရှိဘူး။ နိုက်မရဘူး။ 

ဒါတွေကို အစိုးရဟာ မသိဘဲ မနေဘူး။ 

သိတယ်။ 

ဒါကြောင့် အစိုးရကို အကြည်ညို မပျက်ကြလေအောင် သတင်းစာကနေ အမြဲလိုလို သတိပေးနေတာပေါ့။ သတိပေးတာတောင် နောက်ကျနေသေးတယ်။ 

လွန်ခဲ့တဲ့ ခြောက်လလောက်ကအထိ အစိုးရကိုဆဲရင် တရားစွဲ ထောင်ချတုန်းပဲ။ အစိုးရကစွဲတာတော့ မဟုတ်ဘူး။ အစိုးရကို အကြည်ညိုလွန်နေတဲ့ ပြည်သူတွေက တရားစွဲတာပေါ့။ 

အခုဆို ဘာပဲဖြစ်ဖြစ် အစိုးရကိုယ်တိုင်ကတောင် ကြည်ညိုကြဖို့ သတိပေးနေပြီဆိုတော့ ...။ 

ပြည်သူတွေ ကြည်ညိုသင့်ပြီ။ 

အရင်က မကြည်ညိုခဲ့ရင် မေ့လိုက်။ အရင်က ဆဲခဲ့တာတွေကို ပြန်တောင်းပန်လိုက်။ ဒီနေ့ ဒီအချိန်ကစပြီး ကြည်ညိုကြတော့ ...။ 

အဲ့ဒါကြောင့် စိုပြေလည်း အစိုးရဓာတ်ပုံတွေကို စုနေတာ။ အစိုးရဓာတ်ပုံတွေကို ဗီနိုင်းကြီးနဲ့ ထုတ်မယ်။ 

ပြီးရင် အိမ်မှာချိတ်မယ်။ အားတိုင်း ထိုင်ရှိခိုးမယ်။ ကြည်ညိုတာကိုဗျ။ 

နောက်ပြီး အစိုးရကို မကြည်ညိုတဲ့လူတွေနဲ့လည်း အပေါင်းအသင်း မလုပ်တော့ဘူး။ သူတို့နဲ့ပေါင်းလို့ အစိုးရကို မကြည်ညိုစိတ်တွေ ဝင်လာရင် မကောင်းဘူး။ 

ပြီးတော့ အရင်အစိုးရ လက်ထက်တုန်းကတော့ နိုင်ငံတော် ကြည်ညိုပွဲဆိုပြီး လုပ်ခဲ့ဖူးသေးတယ်။ အခု အစိုးရလက်ထက်မှာလည်း နိုင်ငံတော် ကြည်ညိုပွဲဆိုပြီး လုပ်မှဖြစ်မယ်။ တစ်နှစ်တစ်ခါလောက် လုပ်ရုံနဲ့ မသင့်တော်ဘူး။ တစ်လတစ်ခါလောက် ရပ်ကွက်တိုင်း၊ လမ်းတိုင်းမှာ လူတွေ စုပေါင်းပြီးတော့ အစိုးရကြည်ညိုပွဲ လုပ်တော့မယ်။ 

တရားပွဲတွေ လုပ်သလိုပေါ့။ 

အစိုးရ ဓာတ်ပုံတွေကို ချိတ်။ ပြီးရင် ဦးသုံးကြိမ်ချ။ ပြီးရင် အစိုးရကို ကြည်ညိုပါတယ်၊ ကြည်ညိုပါတယ်၊ ကြည်ညိုပါတယ်ဆိုပြီး သုံးကြိမ်သုံးခါ ဟစ်ကြွေး ...။ 

ခက်တာက နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အစိုးရဟာ ဘယ်သူမှန်း ပြည်သူတွေ ရှင်းရှင်းလင်းလင်း မသိတာပဲ။ 

စိုပြေ

  • TAGS