News

POST TYPE

SATIRE

ဘကြီးစံ ပြန်လာပြီ
24-Feb-2018

ဘကြီးစံ ပြန်လာလေပြီ။

ဒီတစ်ခါတော့ ရိုးရိုးလာတာမဟုတ်။

ဂလောက် အခွန်ကောက်တဲ့အစိုးရကို ငါလည်း ခေါင်းလောင်းခွန် ရှယ်ယာပြန်ခွဲမယ်ဆိုပြီး လာခြင်း။

ဒီလို တီးလုံးတီးကွက်ဆန်းလေးတွေနဲ့ ပေါ်လာတတ်လို့လည်း မောင်ဗြိဟာ ဘကြီးစံရဲ့ အမာခံပရိသတ် ဖြစ်နေတာပေါ့။ မောင်ဗြိတို့ ငယ်ငယ်ကတည်းက ဒီခေါင်းလောင်းကြီးကို ဆယ်မည်ဆိုသည့်သတင်းတွေ ကြားခဲ့ရဖူးသည်။

သိပ္ပံနည်းအရ ဆယ်မည်ဆိုသည့် နိုင်ငံခြား သားတွေရော၊ ရိုးရာနည်းဖြင့် ဆယ်မည်ဆိုသော စာရေးဆရာတွေရော၊ အပ်ချည်ကြိုးဖြင့် ဆယ်မည်ဆိုသော နတ်ကတော်တွေပါ ကြိုးစားခဲ့ကြသည်။

သို့သော် အားလုံးက ဝေဝေဝေါးဝါး ...။

လွန်ခဲ့သည့်နှစ်တွေကတော့ မောင်ဗြိ၏ ဟီးရိုးကြီး ဘကြီးစံပေါ်လာသည်။ ဘကြီးစံကတော့ ခေါင်းလောင်းကို စောင့်ရှောက်နေသည့် မမြင်အပ်သော အစောင့်တွေကိုပင် ညှိထားပြီးပြီဟု ပြော၏။

သူကိုယ်တိုင်လည်း ခေါင်းလောင်းအစောင့် ဖြစ်ခဲ့ဖူးသည်ဟု ဆိုလာပြန်တော့လည်း ပိုယုံကြည်မိပြန်သည်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းဆိုတော့ ဝင်ရထွက်ရသည့် လမ်းကြောင်းများကို သူက ပိုသိနိုင်သည်။

လူလောကတွင်ပင် မဟုတ်၊ နတ်လောကတွင်လည်း ဒီလိုလမ်းကြောင်း အပေးအယူနှင့် ဝင်ထွက်တာမျိုး ရှိနိုင်သည်မဟုတ်လား။ မြန်မာပြည်ကနေ နတ်ဖြစ်သွားတဲ့သူတွေချည်းဆိုတော့ ဒီကိစ္စမျိုး ဘယ်ကင်းပါ့မလဲ။ ဒီတော့ ဘကြီးစံ နတ်တွေကို လိုင်းဝင်ထားလျှင် အဆင်ပြေနိုင်သည်။

အဲ့ဒီတုန်းက ဂျာနယ်တွေကလည်း ပွဲစကတည်းက ဘကြီးစံကို အားပေးကြသည်မှာ မြိုင်မြိုင်ဆိုင်ဆိုင်ပင်။

ဂျာနယ်တစ်စောင်ကဆိုလျှင် ကောင်းကင်ရှိ တိမ်များပင် ဘကြီးစံ၏ သီလသမာဓိအားတွေကြောင့် ခေါင်းလောင်းပုံပေါ်ပေးရသည်အထိ တိမ်များကို ခက်ခက်ခဲခဲ ဓာတ်ပုံသွားရိုက်ပြီး သတင်းတွေ ရေးဖော်ပြကြသည်။

ခေါင်းလောင်းကြီးအတွက် လှူကြတန်းကြသူတွေနှင့် သွားရောက် အားပေးကြသူတွေနှင့်ဆိုတော့ ဘာပဲပြောပြော ဘကြီးစံပရိသတ် မောင်ဗြိတို့ အားရသည်ပေါ့။

မောင်ဗြိတို့ မြန်မာလူမျိုးတွေကလည်း ဒီနေရာ ဆို လူလူချင်းသာ စေတနာမရှိရင်နေမည်။ နတ်တွေ၊ နဂါးတွေ၊ ဘီလူးတွေကိုတော့ တော်တော်စေတနာ ထားပုံရသည်။ ဒီခေါင်းလောင်းကြီးက ရှိမရှိသာ မသေချာတာ စန်းပွင့်ချက်ကတော့ အခုခေတ် ရုပ်ရှင်မင်းသားတွေ နားထားဆိုသည့်အမျိုး။

ခေါင်းလောင်းဆိုတာနှင့် လူတွေမှာ ကမ်းလုံးကျွတ် လာကြည့်ကြသည်။ အဲ့ဒီလို လာကြည့်တဲ့အထဲမှာမှ ခေါင်းလောင်းကြီးအတွက် တခုပ်တရ နဂါးစာတွေ ကျွေး၊ နဂါးတွေ ဝင်ပူးတာကလည်း မာတုဂါမ အကြီး အငယ်တွေ အများကြီး။

လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ပြီး ကုလားကားထဲက မြွေအကတွေ ကပြီး ခေါင်းလောင်းကြီးကို ကြိုကြဆိုသည်။ နဂါးမှန်ရင် အမျိုးသမီးပဲ သီးသန့်ဝင်ပူး ရမယ်လို့ သူတို့နဂါးပြည် အခြေခံဥပဒေက ပြဋ္ဌာန်းထား သည်လားမသိ။

ဘာပဲပြောပြော တစ်ပတ်အတွင်း ခေါင်းလောင်း ကြီးတော့ ပေါ်မည်ပေါ့.။.။

တကယ်တမ်းတော့ တစ်ပတ်လည်း ပေါ်မလာ၊ နှစ်ပတ်လည်းပေါ်မလာ။

မောင်ဗြိကတော့ ဘကြီးစံဟာ ခေါင်းလောင်းအစောင့်အရှောက်တွေကို ဂါသည့် လက်ဆောင် ပစ္စည်းများ နည်းသွားလို့လား၊ ဈေးများ ညှိမရလို့လား၊ ခေါင်းလောင်းစောင့်ပုဂ္ဂိုလ်အကြီးဆုံးကြီးက သယ်ယူ ခွင့်လက်မှတ်ထိုးဖို့များ ညစ်ထားလို့လား စသည်ဖြင့် တွေးမိပါသေးသည်။

သို့သော် မကြာမီပဲ ခေါင်းလောင်းကြီး ရှာတွေ့ပြီဆိုသည့်သတင်းကို သတင်းစာသမားများ အော်ရောင်း သံကြားရသဖြင့် ဝမ်းသာသွားရ၏။ ဒါမှ တို့ ဘဘစံကွ ဟုဆိုပြီး မောင်ဗြိ လက်ခမောင်းတွေပင် ထခတ်ပြီး သတင်းစာကို အပြေးအလွှား ဝယ်မိသည်။

ခေါင်းလောင်းပြန်ကြားရေးအဖွဲ့က ကြေညာချက်တွေ ဘာတွေနှင့် ကျကျနန ထုတ်ပြန်သည်ဆိုတော့ ဟုတ်လှပြီပေါ့ ...။ ဟုတ်တော့ ဟုတ်ပါသည် ...။ခေါင်းလောင်းကို တွေ့သော်လည်း ယူလို့မရသေးတဲ့ ...။ ရေအောက်မှာရှိတဲ့ ရွှေရောင်နဂါးမင်းကြီးက ခေါင်းလောင်းကြီးကို ဆီမီးတွေ အကြီးအကျယ် ပူဇော်နေပါသဖြင့်တဲ့ ...။

ဒီတစ်ခါတော့ ဘကြီးစံကို မောင်ဗြိ ပိုလေးစားသွားသည်။ နဂါးတွေနှင့် အဆက်အသွယ်ရသည်ဆိုသည်မှာ နည်းနည်းနောနော ပညာမဟုတ် ...။ လူ့ပြည်မှာတော့ အိမ်ပေါ်နှင့် အိမ်အောက်တောင် ဖုန်းခေါ်လျှင်တောင် ကောင်းကောင်းမရချင်။ အင်တာနက်၊ အီးမေးလ် ဆိုတာကတော့ ပြောမနေနှင့် ပက်ကျိကို အရက်တိုက်ထားသလို လည်တယ်တယ် နှေးတေးတေးရယ် ...။

ဒီတော့ နဂါးပြည်နှင့် လူ့ပြည်ကြားက ဆက်သွယ်မှု ကော်နက်ရှင်ကတော့ ကမ္ဘာ့အဆင့်မီဟုပင် ပြောလို့ရသည်။ သို့သော် နဂါးများ မီးပူဇော်သည့်ကာလက ကြာမြင့်လှချေသည်။ ရေအောက်မှာ နဂါးတွေ ခေါင်းလောင်းကြီးကို မီးပူဇော်ရင်း မီးထလောင်ရင်ဖြင့် ရန်ကုန်မြစ်ထဲက ငါးတွေ၊ ပုစွန်တွေတော့ မီးဘေး ဒုက္ခသည် ဖြစ်ကုန်မှာလား ...။

မတော်တဆ မီးက ရေပြင်ပေါ်တက်လောင်ရင် ခေါင်းလောင်းရှာသည့်အဖွဲ့တွေဆီ မီးများကူးကုန် မလားဆိုပြီး မောင်ဗြိ၏ ဟီးရိုးကြီး ဦးစံလင်းနှင့် အဖွဲ့အတွက် စိုးရိမ်မိသေးသည်။

နဂါးတွေပဲ မီးပူဇော်လို့ မပြီးနိုင်သည်လား။ အစောင့်နတ်တွေနှင့်ပဲ ဦးစံလင်းတို့ အပေးအယူ မတည့်လိုလားမသိ ...။

ခေါင်းလောင်းကြီးက ပေါ်မလာ ...။

ခေါင်းလောင်းကြီးခမျာလည်း ဟိုတစ်ခေတ်တစ်ခါက မြန်မာပြည်သားများအား နိုင်ငံခြား သွားရမည်ဟုလိမ်ပြီး ပြည်တွင်း လေယာဉ်ပေါ် တင်ပေးလိုက်တဲ့ကိန်းမျိုး ကြုံနေရှာသည်။

သူ့ခမျာ အစက ပေါ်တူဂီသွားရမလိုလို၊ ဂိုအာ ဆိပ်ကမ်းကို သွားရမလိုလိုနဲ့ ဒီဒေါပုံမြစ်ဝထဲ ပလုံစီပြီး ပတ်ခွေနေရတာ နှစ်ပေါင်းရာနဲ့ချီကြာခဲ့ပြီမဟုတ်လား။

ဟော့... အခုတော့ မေ့လောက်သင့်ချိန်မှာ တော့ ဘကြီးစံ ပြန်ပေါ်လာလေပြီ။

ဒီတစ်ခါတော့ နှယ်နှယ်ရရမဟုတ်။ သူ့ခေါင်း လောင်းရှာပုံတော်မှာ အစိုးရတစ်ဖွဲ့လုံး ရှယ်ယာထည့် ရမည်တဲ့။ ဒေါ်အောင်ဆန်းစုကြည်က သိန်းငါးထောင် ခွဲတမ်းကျသည်။ သမ္မတတို့၊ ဒုသမ္မတတို့လည်း လစာတွေ ပေးရမည်။ လွှတ်တော်အမတ်တွေလည်း လစာတွေ ပေးရမည်တဲ့။

သို့သော် ... ဘကြီးစံကား လူနပ်။ ဟိုအဖွဲ့ဆီကတော့ ခွဲတမ်းမတောင်းရဲ။ သူ ခွဲတမ်းတောင်းမှ ဟိုက ခေါင်းလောင်းပိုင်မြစ် မကျူးကျော်ရဆိုပြီး ဆိုင်းဘုတ် လာချိတ်လျှင် သူ ခွင်ပျက်မည်ကိုတော့ သိသည်။

ဘာပဲဖြစ်ဖြစ် ဘကြီးစံ ခေါင်းလောင်းရှာနေသမျှ သမ္မတကတော်တို့၊ လွှတ်တော်အမတ်ကတော်တို့ကတော့ သူတို့ယောက်ျားတွေ လစာပြန်အပ်မည် မဟုတ်ဟုဆိုကာ စိတ်ပူနေရော့မည်။

ခေါင်းလောင်းခွန်ကောက်သော ဘကြီးစံကို အစိုးရအနေနှင့် စိတ်မဆိုးသင့်။ နောက်ထပ်တစ်ခါ ဘကြီးစံ ပျောက်သွားလို့မဖြစ်။ ဒီခေါင်းလောင်း ပရောဂျက်ပြီးလျှင် ဘကြီးစံထံ နောက်ထပ် အပ်စရာ ပရောဂျက်များ ရှိသေး၏။

လွန်ခဲ့သည့် တစ်နှစ်ကျော်က နေပြည်တော် ပရဆေး ဥယျာဉ်နားတွင် ပျောက်သွားသည့် လူတစ်ယောက်ကို ဘကြီးစံကို ရှာခိုင်းသင့်ပါသည်။

ထို့နောက်တွင်တော့ ဟိုဆရာဝန်ကြီးပြောသည့် ရန်ကုန်မြို့အောက်မှ ပျောက်သွားသည့် မစင်များကို ရှာရန် အလှည့်ပေါ့။

ဗြိတိသျှကိုကိုမောင်