News

POST TYPE

SATIRE

ဥပွဲစား
27-Jan-2018 tagged as

စိုပြေ ပွဲစားလုပ်နေတာ ကြာပြီဆိုတာ အားလုံးအသိပဲ။ ဘာလို့ ပွဲစားလုပ်လဲဆိုတော့ ပွဲစားတွေကို စိတ်နာလို့ ပွဲစား လုပ်နေတာ။ ပွဲခတွေ ပေးရတာ များလွန်းလို့ စိတ်နာတာလေ...။ ပွဲစားဆိုတဲ့အတိုင်း အကုန်ပွဲစား လုပ်တာပဲ။ အိမ်၊ ကား၊ မြေ၊ ကျောက်ကအစ ဂိမ်းစက်တွေရော ရောင်းလို့ရသမျှ ရောင်းတာပဲ။ ငါးမျှားတံတောင် ပါသေးတယ်။ 

အခုလည်း လာပြန်ပါပြီ။ 

ဥတဲ့ ...။ 

ဥတစ်လုံး ၁၇ သိန်း တန်တယ်ဆိုလားပဲ။ စိုပြေကတော့ အဲ့လောက်တန်တဲ့ ဥအကြောင်း မကြားဖူးပါဘူး။ ဘဲဥတွေ၊ ကြက်ဥတွေပဲ ကြားဖူးတာ။ ဒေါင်းဥတောင် အဲ့လောက် မတန်ဘူးထင်တာပဲ။ နောက်မှသိတယ်။ တိရစ္ဆာန်တွေရဲ့ ဥမဟုတ်ဘူးတဲ့။ လူဥတဲ့ ...။ ဟင့် ...။ လူတွေက ဥမှ မဥတာ ...။ နောက်မှသိတယ်။ ယောက်ျားလေးတွေရဲ့ မရှိမဖြစ် ဥတဲ့။ 

လူ့ဥကို ၁၇ သိန်း ပေးဝယ်ပြီး ဘာလုပ်တာလဲဆိုတော့ စားတာတဲ့ ...။ အင်း ... ဘယ်လိုနေမလဲတော့ မသိဘူး။ ဝက်ဥတွေ၊ ဆိတ်ဥတွေကတော့ တယ်စားကောင်းဆိုပဲ။ ဈေးလည်းကြီးတယ်။ လူဥဆိုတော့ ပိုပြီး ဈေးကြီးတာ နေမှာပေါ့ ...။ 

ဘယ်သူတွေစားလဲဆိုတော့ တရုတ်တွေစားတာ ဆိုပဲ။ တရုတ်တွေက အစားသောင်းကျန်းသမို့ ဖြစ်နိုင် မယ်ထင်တာပဲ...။ ဒါပေမဲ့ တောက်တဲ့ဇာတ်လမ်းတွေ ကလည်း ရှိခဲ့တယ်မဟုတ်လား...။ 

အရင်တုန်းက တောက်တဲ့တွေကို သိန်းထောင် ချီပေးဝယ်တယ်ဆိုပြီး ခေတ်စားခဲ့သေးတယ်။ တကယ် လည်းရောင်းရော ဘယ်သူမှ မဝယ်ဘူး။ 

ဖြစ်ပုံက တောဘက်မှာ ပိုက်ဆံရှိတဲ့လူတွေကို ပစ်မှတ်ထား။ ပြီးတော့ တောက်တဲ့အကောင်ကြီးကြီး ရရင်ပြောပါ...။ သိန်းထောင်ချီ ပေးဝယ်မယ်ဆိုပြီး ပြော...။ မကြာခင်မှာပဲ အဲ့ရွာကို တောက်တဲ့ရောင်းတဲ့ လူတစ်ယောက်ရောက်လာမယ်။ တောထဲကပဲ ပြန်လာ သလိုလို... တောက်တဲ့ ပါလာတယ်ပေါ့။ တောက်တဲ့ကို ကြည့်တော့ သိန်းထောင်ကျော်တန်မယ့် တောက်တဲ့...။ အဲ့တော့ ရွာက ပိုက်ဆံရှိတဲ့လူတွေက တောက်တဲ့ကို သိန်းတစ်ရာလောက်နဲ့ ဈေးဆစ်ပြီးဝယ်...။ 

နောက်တော့ တောက်တဲ့ဝယ်မယ်ဆိုတဲ့ လူကို သွားရောင်း...။ အဲ့အခါ တောက်တဲ့ ဝယ်မယ်ဆိုတဲ့လူက ဝယ်လက်ပဲ မလာသေးသလိုလို...။ တရုတ်ပြည်ပဲ သွား ရောင်းရမလိုလိုလုပ်။ အဲ့လိုနဲ့ ရွာက လူလက်ထဲမှာ သိန်းတစ်ရာတန်တောက်တဲ့ကြီး သောင်တင်နေရော...။ တကယ်လည်း ဘယ်သူမှ မဝယ်ဘူး။ ဝယ်မယ်ဆိုတဲ့ လူနဲ့... တောက်တဲ့ကို လာရောင်းတဲ့လူက ပေါင်းကြံ တာပဲ...။ 

အခုလည်း ဥကိစ္စက အဲ့လိုပဲလို့ ထင်မိသား...။ ဒါပေမဲ့ ခက်တာက ယောကျာ်းတိုင်းမှာ ဥတွေရှိတာ မဟုတ်လား...။ ဘယ်နားသွားရောင်းရမှန်း မသိဘူး။ အဲ့လိုတွေးနေတုန်းပဲ ရှိသေးတယ်။ စိုပြေ့ သူငယ်ချင်း တွေက ဖုန်းဆက်လာတယ်။ 

“ဟရောင် စိုပြေ... ဥတွေ ရောင်းလို့ရတယ်ကြား တယ်ကွ...။ ငါ့ဥလေး ရောင်းပေးပါလားကွာ...။ ကလေး ကလည်း နှစ်ယောက်ရှိပြီဆိုတော့ မြန်မြန်ထုတ်ချင်ပြီ ကွာ။ မင်းကို ပွဲခပေးပါမယ်” ဆိုပြီး အေးမင်းဆိုတဲ့ သူငယ်ချင်းက...။ 

ဆက်တယ်။ နောက်ထပ် ကိုဖုန်းမြင့်ဆိုတဲ့လူက လည်း 

“ငါက လူပျိုကြီးလုပ်မှာဆိုတော့ အဲ့ဒါကြီးမလို ဘူးကွာ...။ ဒီတော့ မင်းရောင်းပေး...။ ပွဲခ ကောင်း ကောင်းပေးမယ်”

အဲ့လိုနဲ့ စိုပြေ့ကို ဥရောင်းပေးဖို့ ချိတ်တဲ့လူက ခြောက်ယောက်လောက်ရှိတယ်။ သုံးယောက်က တော့ သူငယ်ချင်းအရင်းကြီးတွေ။ ကျန်သုံးယောက် ကိုတော့ မသိဘူး...။ ဖုန်းနံပါတ်တွေ့လို့ ဆက်လိုက် တာဆိုပဲ...။ ဘယ်ကောင်ချွန်လိုက်လဲမသိဘူး။ 

ဟုတ်တော့လည်း ဟုတ်သဗျ။ ဥမရှိလည်း ဘာမှ မဖြစ်ပါဘူး။ ကလေးမရတော့တာပဲရှိတာ...။ ဟိုကိစ္စ၊ ဒီကိစ္စ လုပ်လို့ရသေးတာပဲ မဟုတ်လား ...။ ဒီတော့ လူပျိုကြီးတွေ၊ ကလေးတွေ များများရှိတဲ့လူတွေကတော့ အပိုဝင်ငွေလေးရအောင် ထုတ်ချင်ကြမှာပေါ့။ ဒါကြောင့် စိုပြေလည်း ဥကိစ္စကို သိပ်မယုံပေမယ့် ပွဲခရမယ်ဆိုတော့ စုံစမ်းရပြီပေါ့။ 

ဒီလိုနဲ့ သတင်းလိုက်ရင်း ရောက်ဖူးတဲ့ ကြယ်ဂေါင် ဘက်က တရုတ်မြန်မာသူဌေးတွေကို လှမ်းစုံစမ်းတယ်။ သူတို့လည်း သိပ်မသေချာဘူးတဲ့ ...။ အဲ့လိုသာရောင်း လို့ရရင် ရှမ်းပြည်မြောက်ပိုင်းမှာ ဘယ်သူမှ ဥတွေရှိတော့မယ် မထင်ဘူးတဲ့။ 

ဒီတော့ ကူမင်းဘက်မှာ ရောက်နေတဲ့ မြန်မာတွေကို လှမ်းစုံစမ်းရပြန်တယ်။ အဲ့လူတွေကလည်း ယူနန်နယ်ဘက်မှာတော့ ဝယ်လက်မရှိဘူးတဲ့။ ပြည်မကြီးထဲက ဖြစ်မယ်တဲ့။ ပြည်မကြီးထဲတော့ စိုပြေလည်း မသိဘူးရယ် ...။ ဒီတော့ ကူမင်းက လူတွေကိုပဲ စုံစမ်းခိုင်းရတယ်။ 

မကြာပါဘူး ပြန်ဆက်သွယ်တယ်။ ဝယ်လက် ရှိသတဲ့ ...။ ဈေးကရောဆိုတော့ ... ဥကောင်း ဥသန့်ဆို တစ်လုံးကို ယွမ် ၂၅၀၀၀ ပေးသတဲ့ ...။ 

တစ်စုံကို ယွမ်ငါးသောင်းဆိုပဲ ...။ 

အဲ့တော့ ယွမ်ဈေးကို စုံစမ်းပြီး ကြည့်လိုက်တော့ ...။ ယွမ်ငါးသောင်းဆို မြန်မာငွေနဲ့ သိန်းတစ်ရာလောက် ပေါက်နေပြီ။ ဥကို ဘာလို့စားလဲတော့ မေးမနေတော့ဘူး။ ဆေးဖက်ဝင်လို့ ဖြစ်မှာပေါ့လေ ...။ 

တရုတ်ဝယ်လက်ကို ချိတ်တယ်။ WeChat ကနေပေါ့။ စိုပြေလည်း တရုတ်လိုတော့ မတတ်ပါဘူး။ ဒါပေမဲ့ ဂိုဂဲလ် ထရန်စလိတ်ရှိနေတော့ အဆင်ပြေတယ်။ အဲ့တရုတ်က ပြောတယ်။ ရှန်ဟိုင်းကို လာခဲ့တဲ့ ...။ ဒါမှမဟုတ် ကူမင်းမှာ ဆုံကြမလားတဲ့။ စိုပြေကတော့ ကူမင်းပဲ ချိန်းလိုက်တယ်။ ကူမင်းမှာဆိုရင်တော့ ဈေးနည်းနည်းလျှော့မယ် ပြောတယ်။ 

ရှန်ဟိုင်းဆို လေယာဉ်တွေ ဘာတွေစီးရမှာ ...။ ကြောက်တယ်။ 

အဲ့ဒါနဲ့ စိုပြေလည်း တွက်ကြည့်လိုက်တယ်။ လူက ခြောက်ယောက်ရှိတယ်။ ဒါတောင် ဥပွဲစားလုပ်မယ်လို့ သတင်း မလွှင့်ရသေးဘူး။ ဥပွဲစားလုပ်မယ်လို့ သတင်းသာ လွှင့်လိုက်ရင် မြန်မာပြည်မှာ ဥရောင်းမယ့်လူတွေ မနည်းဘူး။ 

လောလောဆယ်တော့ ခြောက်ယောက်နဲ့ပဲ စလိုက်မယ်။ ခြောက်ယောက်ဆိုတော့ ၁၂ ဥ။ တစ်ယောက်ကို ယွမ်ငါးသောင်းဆို ခြောက်ယောက်အတွက် ယွမ်သုံးသိန်း။ မြန်မာငွေနဲ့ဆို သိန်းခြောက်ရာလောက်ရှိမယ်။ တစ်ယောက်ကို သိန်းငါးဆယ်ပဲ ပေးဦး။ ခြောက်ယောက်မှာ သိန်းသုံးရာ။ စိုပြေ့အတွက် အသားတင် သိန်းသုံးရာ ကျန်မယ်။ ငါးဆယ်ရာခိုင်နှုန်း ပွဲခရမယ့်ဥပဲ။ 

ဒီမှာဖြစ်နေတဲ့ ပေါက်ဈေးအတိုင်းသာ တွက်ပေးလိုက်ရင်တော့ စိုပြေ ပွပြီ။ 

အဲ့တော့ ဥရောင်းမယ်ဆိုတဲ့ လူတွေကို ဆက်သွယ်တယ်။ သူတို့လည်း အံ့ဩသွားတယ်။ တကယ်လားတဲ့ ...။ လူတွေကလည်း သိတဲ့အတိုင်း တကယ်တမ်း ဝယ်မယ်လည်းဆိုရော ... မိန်းမနဲ့ တိုင်ပင်မယ့်လူနဲ့ ...။ မိဘနဲ့ တိုင်ပင်မယ့်လူနဲ့ ...။ နောက်ဆုံး လေးယောက်ပဲ ကျန်တယ်။ စိုပြေ့ သူငယ်ချင်း နှစ်ယောက်ကတော့ တကယ် ရောင်းမှာ ...။ 

ကျန်တဲ့ နှစ်ယောက်ကလည်း တကယ်ရောင်းမှာ ...။ အဲ့တော့ ဘယ်လိုလုပ်မလဲ ...။ အများခေါ်နေတဲ့ ခွေမင်းဆိုတဲ့ ကူမင်းကို သွားကြရုံပေါ့။ ဟိုက တရုတ်ကို ချိန်းလိုက်ရုံပဲ ...။ 

ခက်တာက ပိုက်ဆံ ...။ 

စိုပြေ့မှာ ပိုက်ဆံ မရှိဘူးရယ်။ ဟို ဥရောင်းမယ်ဆိုတဲ့ လေးယောက်ကလည်း ပိုက်ဆံမရှိဘူး။ ပွဲခကိုတောင် ဥရောင်းပြီးမှ ပေးမှာဆိုတဲ့။ တော်သေးတယ်။ 

နိုင်ငံခြားအလုပ် သွားလုပ်မယ်ဆိုပြီး ပတ်စပို့တွေ ဘာတွေ လုပ်ထားလို့။ မလုပ်ထားလည်း ကိစ္စမရှိပါဘူး။ ကူမင်းလောက်ကတော့ ခိုးဝင်လည်း ရတာပဲဟာကို ...။ 

ပြဿနာက သူတို့ဥကို ရောင်းပေးမယ်ဆိုကတည်းက စိုပြေ့မှာ သူတို့ကို တာဝန်ယူရတော့တာပဲ။ သူတို့က ပြောသေးတယ်။ ပွဲစားဆိုတာ ပစ္စည်းကို ကိုင်ထားရတယ်ဆိုပဲ။ တော်သေးတယ်။ ကျောက်ပွဲစား လုပ်ခဲ့တုန်းကလို သူတို့ဥကို ထမ်းပြီး ပွဲမတိုက်ရတာပဲ ကျေးဇူးတင်ဖို့ ကောင်းနေပြီ။ အဲ့တော့ စိုပြေလည်း သူတို့ကို တာမွေထဲမှာနေတဲ့ ဆရာတစ်ယောက်အိမ်မှာ ထားရတယ်။ စိုပြေ့အိမ်မှာလည်း ထားလို့မဖြစ်ဘူး။ 

စိုပြေ့ ဆရာသမားက လူပျိုကြီးဆိုတော့ တစ် ယောက်တည်းနေတာ။ ဒါကြောင့် လူပျိုကြီး ဆရာသမားကို အိမ်ငှားခ စိုက်ပေးပါမယ်ဆိုပြီး ထားရတာပေါ့လေ။ ဥရောင်းမယ့်လူတွေက သူတို့အိမ်ကို ဘယ်လို ပြောခဲ့လဲတော့ မသိဘူး။ 

အဝတ်တစ်ထည် ဖုန်းတစ်လုံးနဲ့ ဆင်းလာကြတာ။ ပိုက်ဆံလည်း မပါကြဘူး။ ညတိုင်း အရက်က တိုက်ရသေးတယ်။ ထမင်းကလည်း ကျွေးရသေးတယ်။ ၈၀၀ တန်ဆိုင်တွေရှိလို့ တော်သေးတယ်။ ဖုန်းဘေလ်ကလည်း ဖြည့်ရသေးတယ်။ ဥရောင်းတော့မယ့် အကြောင်း ဖေ့စ်ဘွတ်ခ်မှာ ကြွားချင်လို့တဲ့။ 

အဲ့လိုနဲ့ လေးရက်လောက်ကြာတော့ တရုတ်ဝယ်လက်က ဖုန်းဆက်တယ်။ နောက်သုံးရက်လောက်နေ ရင် ကူမင်းကို အရောက်လာခဲ့တဲ့။ ဥစားမယ့်လူတွေက ကူမင်းကို ခေါ်ခဲ့မယ်တဲ့။ ဒီတော့ စိုပြေလည်း တွက်လိုက် တယ်။ မူဆယ်ကိုက တစ်ရက်။ ကူမင်းကိုက တစ်ရက်။ အဲ့တော့ နောက်တစ်ရက်ထွက်မယ်ပေါ့။ သူတို့ လေးယောက်ကိုလည်း မှာရသေးတယ်။ 

အဆင်သင့်လုပ်ထားဖို့။ အဆင်သင့် လုပ်ထားရအောင် အဝတ်တစ်ထည် ဖုန်းတစ်လုံးပဲ ရှိတာဆိုတော့ အားသွင်းကြိုးတွေပဲ ပြင်ထားကြပေါ့။ ညဘက် အရက်တွေ ဘာတွေတိုက်ပြီး သူတို့နေတဲ့ တိုက်ခန်းကို လိုက်ပို့တယ်။ 

ပြီးတော့ စိုပြေလည်း အိမ်ပြန်လာပြီး အဝတ်အစားတွေ ပြင်ဆင်။ ည ၁၂ နာရီလောက်လည်းကျရော ဥရောင်းမယ့်လူတွေကို ထားတဲ့အိမ်က စိုပြေ့ ဆရာသမားက ဖုန်းဆက်တယ်။ 

“ဟရောင် စိုပြေ လာပါဦးကွ ...။ အိမ်ကို ရဲတွေ ရောက်နေတယ်။ ငါ့ကိုဖမ်းမယ် ပြောနေတယ်” 

ဟင့်...။ ဘယ်လိုလုပ် ရဲတွေက ရောက်လာတာ တုံး ...။ ဒါနဲ့ သေချာအောင် ဥရောင်းမယ့် စိုပြေ့ သူငယ်ချင်းကို ဖုန်းဆက်လိုက်တယ်။ 

“ဟေ့ရောင် ရဲတွေ ရောက်နေတယ်ဆို ဘာဖြစ် တာတုံးဟ”ဆိုတော့ ...။ 

“အေး ...။ ဟုတ်တယ်ကွ ...။ လူကုန်ကူးတဲ့ ရဲတွေ ဆိုလားပဲ ...။ ငါတို့ကို ကုန်ကူးတော့မလား မသိဘူး။ ငါ့မိန်းမလည်း ပါလာတယ်” 

တကယ်တော့ လူကုန်ကူး တားဆီးရေး ရဲတပ်ဖွဲ့ ဖြစ်ပါလိမ့်မယ်။ ဟိုကောင်မသိဘဲ လျှောက်ပြောနေတာနေမယ်။ 

“သေချာမေးပါဦးဟ ဘာဖြစ်တာလဲလို့” 

အဲ့တော့မှ စိုပြေလည်း သေချာသိတယ်။ စိုပြေ့ သူငယ်ချင်းမိန်းမက တိုင်လိုက်တာတဲ့ ...။ သူ့ယောက်ျားကို တရုတ်ပြည်ကို လူကုန်ကူးခံရတော့မယ် ဆိုပြီးတော့ တိုင်လိုက်တာတဲ့ ...။ အဲ့ကောင်ကလည်း သူ့မိန်းမကို မနက်ဖြန်သွားတော့မယ်ဆိုပြီး ဖုန်းဆက်တော့ သူ့ မိန်းမကလည်း သူ့ယောက်ျားဥပျောက်မယ့်အရေးကို စိုးရိမ်ပုံရတယ်။ 

တောက် ...။ စားရခါနီးမှကွာလို့ စိုပြေလည်း ရေရွတ်မိတယ်။ ဟုတ်တယ်လေ လူလေးယောက်ဆို စိုပြေ့အတွက် အနည်းဆုံး သိန်းနှစ်ရာလောက် ကျန်မှာမဟုတ်လား ...။ အခုတော့ ရဲဝင်ဖမ်းသွားပြီဆိုတော့ သွားပြီ ...။ 

နောက်ထပ် ပြဿနာက သူတို့ကို ရဲပြန်လွှတ်ပေးမှာ ...။ စိုပြေ့ကိုပဲ ဖမ်းကြမှာ ...။ ပြီးရင် သတင်းခေါင်းစဉ်မှာ ပါလာဦးမယ်။ 

“တရုတ်ပြည်မှာ ဥသွားရောင်းမည့် ဥပွဲစားကို အချိန်မီဖမ်းမိ”ဆိုပြီးတော့ စိုပြေ့ ဓာတ်ပုံကြီးတွေနဲ့ ...။ 

ဒီတော့ စိုပြေလည်း လစ်ပြီလေ။ ကိုယ့်ဆရာသမား ဘာဖြစ်ဖြစ် ...။ ဘယ်လစ်မလဲ ...။ ခဏခဏ လစ်လွန်းလို့ လစ်စရာနေရာက ကုန်ပြီ။ ဒီတော့ စိုပြေလည်း စဉ်းစားတယ်။ မထူးတော့ဘူး။ တရုတ်ပြည်ပဲ လစ်တော့မယ်။ 

ဟိုလေးယောက်ရဲ့ ဥကို မရောင်းရတော့လည်း စိုပြေ့ ဥကိုပဲ ရောင်းလိုက်တော့မယ်။ ဘာပဲဖြစ်ဖြစ် သိန်းတစ်ရာလောက် ရမှာဆိုတော့ မဆိုးဘူးလေ ...။ 

အဲ့ငွေကို အရင်းတည်ပြီး တရုတ်ပြည်မှာ ထိုင်ပြီးတော့ပဲ ဥပွဲစား လုပ်တော့မယ်။ 

ခင်ဗျားတို့ အခုစာကို ဖတ်နေချိန်မှာ မောင်စိုပြေတစ်ယောက် တရုတ်ပြည်ကိုရောက်ပြီး ဥစားခံလိုက်ရပြီသာမှတ်ပေတော့ ...။ 

စိုပြေ

  • TAGS