News

POST TYPE

SATIRE

ဂျင်းခေတ် နတ်ဆိုး
21-Jan-2018 tagged as

မနေ့က ဦးမျိုးလင်းကြီးနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ ဦးမျိုးလင်းကြီးဆိုတာ မထသတွေ YBS နာမည်ပြောင်းတော့ သူ့နာမည် မထော်မနန်းကြီးကိုလည်း မိုက်ကယ်လင်းလို့ ပြောင်းလိုက်တဲ့ ဘဲကြီးပေါ့။

“ဟိုရက်က ငါ... MPU မာရသွန်ပြိုင်ပွဲမှာ ဆုရလာတယ်။ မင်းလက်ဖက်ရည်ဖိုး ရှင်းလိုက်ကွာ”

ဟင်... ဘယ့်နှယ် ဆုရတဲ့သူက တိုက်ရမှာကို သူက ကျွန်တော့်လာတိုက်ခိုင်းနေတော့ ခက်ပြီပေါ့။

“မိုက်ကယ်လင်းကြီးကတော့ နောက်ပြီ ... ခင်ဗျားက ဆုရတာလေ...ဆုရတာနဲ့ တိုက်ပေါ့ဗျ”

“မဟုတ်ဘူး...ဟေ့ကောင်ရေ... ဆုရတာ ရတာပဲ... ငွေရှစ်ထောင် ရှုံးတယ်ကွ”

“ဟ...ခင်ဗျားဟာက ဘယ်လိုကြီးတုံး”

“ဒီလိုကွာ... ဟိုတစ်နေ့က သန်းသန်းဆင့်က ငါ့ကို အဲ့ဒီကြော်ငြာလာပြတယ်... မင်းသိတယ်မဟုတ်လား... အခု ဈေးထဲမှာ ငါချိန်နေတဲ့ မုန့်ဖတ်သည် တစ်ခုလပ်မ သန်းသန်းဆင့်လေကွာ...သူက...အစ်ကိုကြီး... ဒီအရွယ်အထိ ဆိုက်ကားနင်းနေတာ သန်ရဲ့လားလို့ ခဏခဏမေးနေတာ... ဒါနဲ့ငါလည်း သန် မသန်... ဒီမာရသွန်ပွဲမှာ ဆုယူပြလို့တောင်ရတယ်... ညီမကြီးရေလို့ ကြွားလိုက်တယ်...ဟုတ်တယ်လေ...သူ့ရဲ့ လိုအပ်တဲ့ကွက်လပ်ကလေးကို သန်မြန်သူပဲ ဖြည့်ပေးနိုင်မှာ မဟုတ်လား... အဲ့ဒါနဲ့ ငါလည်း ဆိုက်ကားနားပြီး စာရင်းသွားပေးလိုက်တာ... စာရင်းပေးတာနဲ့ ရှစ်ထောင်အရင်သွင်းရသဟေ့...တာယာလဲဖို့ ချန်ထားတဲ့ ပိုက်ဆံလေး သွင်းလိုက်တာပေါ့”

ဦးမျိုးလင်းက အဲ့ဒီလို။ အသက်ကသာ ၆၀ ကျော်နေတာ။ နောက်ဆုံး လေးယောက်မြောက် စမောကလေးနဲ့ လင်ခန်းမယားခန်း ပျက်သွားတာ မကြာသေး။ ကိုင်း... အခုကျ...လာပြန်ပြီ။ ဈေးထဲက မုန့်ဖတ်သည် လုံးကြီးပေါက်လှ မျှစ်စို့မကြီး သန်းသန်းဆင့်ကိုတဲ့။

“ဟာ...မိုက်ကယ်လင်းရာ...အဲ့ဒီလို ပြိုင်ပွဲတွေက အချိုရည်ကုမ္ပဏီတွေ၊ ဘဏ်တွေက စပွန်ဆာပေးထားတာဗျ...ခင်ဗျားတို့က ဘာလို့ ပိုက်ဆံသွင်းရတာလဲ”

“ငါလည်းမသိဘူး...ချဲထိုးသလိုပဲ မှတ်ပါတယ်ကွာ... ရှစ်ထောင်ရင်းပြီး ပန်းဝင်ရင် ဆုတံဆိပ်ဆွဲပြားလေးရ... အဲ့ဒီဆွဲပြားလေးက သန်းသန်းဆင့်ဆီ တင်ပြရမယ့် ငါ့ရဲ့ သန်တုန်းမြန်တုန်း အောင်လက်မှတ်ပဲလေကွာ”

“အဲ့ဒါနဲ့ အခု ဆုရလာတယ်ပေါ့”

“အေးကွာ...သတ်မှတ်ထားတဲ့အချိန် ပန်းတော့ဝင်ပါရဲ့... ဒါပေမဲ့ ဆုမပေးဘူး”

“ဟင်...ခင်ဗျားပြောတော့ ခုန ဆုရလာတယ်ဆို”

“သူတို့ စင်ပေါ်မှာထားတဲ့ဆုတွေက စပွန်ဆာပေးတဲ့သူတွေနဲ့ အနုပညာရှင်တွေအတွက်ဆိုလားကွာ... ငါလည်း သိပ်တော့နားမလည်ဘူး... ငါတို့က ပန်းဝင်တာပဲ... ဆုတော့ပေးရမှာပေါ့... ဒါနဲ့... ငါတို့လည်း ဝိုင်းအော်ကြတာပေါ့... ဘယ့်နှယ်... တကယ်ပြေးတဲ့သူတွေက ဆုမရဘဲ... စပွန်ဆာနဲ့ အနုပညာရှင်ဆိုသူ တွေက ဓာတ်ပုံအရိုက်ခံပြီး ဆုရမယ်ဆိုတော့ကွာ”

“အဲ့ဒီလို ဝိုင်းအော်တော့ ဆုပေးရောလား”

“အေးကွ... ခဏနေတော့ ဆုတံဆိပ်တွေ ရောက်လာတယ်...ဒါပေမဲ့...ဆုတွေက အလောသုံးဆယ်သွား ဝယ်လာတယ်တူပါရဲ့ကွာ... ဘာပြိုင်ပွဲ... ဘာဆုဆိုတဲ့ စာသားလေးတောင်မပါဘူး... ငါလည်း ဘာဖြစ်ဖြစ် သန်းသန်းဆင့်ပြလို့ရ ပြီးတာပဲဆိုပြီး ယူလာလိုက်တယ်”

“သန်းသန်းဆင့်က ဘာပြောတုံး”

“လခွမ်း... ဘာပြောရမှာလဲကွာ... ဦးမျိုးလင်းကြီးက လာနောက်နေတယ်တဲ့... ဒီလို ဘာစာသား၊ ဘာတံဆိပ်မှမပါတဲ့ဆုမျိုးက ရွှေဂုံတိုင်ကဆိုင်တွေမှာ ပိုက်ဆံပေးဝယ်လို့ရတယ်တဲ့ ကျွန်မကို လာမနှပ်ချပါနဲ့ဆိုပြီး ငါ့ပြောလွှတ်လိုက်တယ်ကွာ”

“ဟား...ဟား...မိုက်ကယ်လင်းကြီး ခံလိုက်ရပြီဟေ့”

ဦးမျိုးလင်းရဲ့ မာရသွန်အဖြစ်ကို ကျွန်တော် သဘောတကျရယ်နေတုန်း တစ်ဖက်ဝိုင်းက သန်းမြိုင်က သတင်းစာကိုင်ပြီး ထလာတယ်။ သန်းမြိုင်ဆိုတဲ့ ငတိက သိတဲ့အတိုင်း ဟိုစပ်စပ် ဒီစပ်စပ် ပေါက်တတ်ကရကောင်...။

“မိုက်ကယ်လင်းကြီးအဖြစ်က ကျုပ်တို့နိုင်ငံက လူငယ်တွေအဖြစ်နဲ့ သွားတူနေပြီပေါ့”

ကိုင်း...တွေ့လား။ သန်းမြိုင်ဟာ အဲ့ဒီလိုကောင်။ မာရသွန်ပွဲနဲ့ လူငယ်နဲ့ ဘာဆိုင်လို့တုံး။

“ဟေ့ကောင်... သန်းမြိုင်... မင်း မဆိုင်တာတွေ လာမပြောနဲ့ကွာ... ဒီမှာ ညစ်နေရတဲ့အထဲ”

ဦးမျိုးလင်းကြီးက ပိတ်ဟောက်လိုက်တယ်။

“ဟ... ဆိုင်ပါသည်ကော...မိုက်ကယ်လင်းရဲ့ စဉ်းစားကြည့်... အခု ဦးမျိုးလင်းတို့ဖြစ်တာက တကယ်တမ်း မောကြီးပန်းကြီး ပြေးရတော့ ခင်ဗျားတို့... အဲပွဲ စီစဉ်သူတွေပေးမယ့် ဆုတံဆိပ်ကျတော့ ခင်ဗျားတို့အတွက် အရေးမကြီးဘူး။ ဘာတဲ့ သူတို့ကို စပွန်ဆာပေးတဲ့သူတွေနဲ့ ဖျော်ဖြေရေးသမား အနုပညာရှင်တွေအတွက် အဓိက မဟုတ်လား”

“အေးလေ... အဲ့ဒါပြောတာ ကျုပ်တို့နိုင်ငံမှာဗျာ... အခုထိ ပွဲစီစဉ်သူ နိုင်ငံရေးသမားတွေက ဝင်ပြိုင်ဆို... လူငယ်တွေမှာ လမ်းပေါ်ထွက်ပြီး ပြေးတန်ပြေး...ပြတယ်ပြနေကြတာပဲ... ကိုင်း... အောင်မြင်ပြီး ပန်းဝင်သွားတော့ အဲ့ဒီလူငယ်တွေအတွက် ဘာများရလဲ... ဆုတံဆိပ်တွေ...အခွင့်အရေးတွေက အဲ့ဒီလူငယ်တွေ ခံစားရလား... ဝေးပါတယ်ဗျာ... ပွဲစီစဉ်သူတွေကို ငွေထောက်ပံ့ပေး၊ နာမည်ကြီးအောင်လုပ်ပေးခဲ့တဲ့ စပွန်ဆာတွေလို၊ အနုပညာရှင်တွေလို လူတွေပဲ ဦးစားပေး ရကြတာမဟုတ်လား... ရခိုင်မှာဖြစ်တဲ့ကိစ္စလည်း ဒီမာရသွန်ပြေးပွဲလိုပဲ... ပြေးလမ်းပေါ်တက်ခဲ့တဲ့ လူငယ်တွေ ကျည်ဆန်ဆုရကုန်ကြတာပဲကြည့်... ဒီခေတ်မှာ ပွဲစီစဉ်သူတွေက အသာစီးကချည်းပဲ... သေသွားမှ သူရဲကောင်းဖြစ်တာနဲ့ ခလုတ်မထိ ဆူးမငြိဘဲ နောက်ပွဲ စီစဉ်ပေးပြီး သူရဲကောင်းဖြစ်တဲ့သူ ဘယ်သူက အကျိုးအမြတ်ရှိမယ်ထင်လဲ...ဟားဟား”

ကျွန်တော် မပြောဘူးလား။ သန်းမြိုင်ဆိုတဲ့ကောင်က အလာကြီးပဲလို့။

“သန်းမြိုင်ရာ...မင့် နိုင်ငံရေးတွေ ငါနားမလည်ဘူး...လာပြီး နားမညည်းစမ်းပါနဲ့... ဒီမှာ သန်းသန်းဆင့်ကိစ္စ အဆင်မပြေလို့ စိတ်ညစ်နေရတဲ့အထဲ”

“ကဲ...ဒါဆို မိုက်ကယ်လင်းနဲ့ မပြောဘူး...ကိုဗြိက စာတွေဘာတွေရေးတယ်ဆိုတော့ နည်းနည်းဆွေးနွေးမယ်ဗျာ”

ရော်... ကျွန်တော့်ဘက် လှည့်လာပြီရော။

“ကိုဗြိ...စဉ်းစားကြည့်ပါဦး...ကျွန်တော်တို့ နိုင်ငံက ပြည်ထောင်စုကြီး ပြိုကွဲသင့်သလား”

အောင်မယ်...ဒင်းလောက်ကတော့ ကျွန်တော်ကလည်း ဘယ်ခေလိမ့်မတုံး။ သုံးလေးတန်းလောက်ကတည်းက ဖင်ပြဲအောင် ကျက်လာခဲ့ရတဲ့ စာတွေ အလွတ်ရွတ်ပြလိုက်တယ်။

“ဟေ့ကောင်... ထင်းဆိုတာ တစ်ချောင်းချင်းချိုးရင် ကျိုးတယ်...အစည်းလိုက်ချိုးရင် မကျိုးဘူးကွ...ဒါကြောင့် ငါတို့အားလုံး စုစည်းနေရင် ဘာမှမဖြစ်တဲ့...အက်ဆစ်သီချင်းတောင်ရှိသေး”

“အောင်မယ်လေး... ကိုဗြိရယ်... ထင်းအစည်းလိုက်ကြီးကို ချိုးတာ အရူးပဲ ချိုးမှာပေါ့... ကျွန်တော်ဆို တစ်ချောင်းချင်းဆွဲထုတ်ပြီ မီးဆိုက်ပစ်မှာ...ဟဟ”

“နေပါဟေ့ကောင်ရာ...မရူးမကောင်းနဲ့ ဘာတွေလာပြောနေမှန်း မသိဘူး...လစ်လစ်”

“နေပါဦးကိုဗြိရဲ့ နောက်ဆုံးမေးခွန်းတစ်ခု မေးကြည့်မယ်ဗျာ ကဲ...ကျွန်တော်တို့ ပြည်ထောင်စုကြီး ပြိုကွဲသွားရင် ဘာအရင်ဖြစ်မလဲ...သိလား”

“ဟ...နွားကွဲရင် ကျားဆွဲမှာပေါ့ကွ”

“ကျားဆွဲတာနောက်မှဗျ...တကယ်လို့ ပြည်ထောင်စုကြီး ပြိုကွဲသွားလို့ နိုင်ငံတွေများလာရင် ဆီးဂိမ်းမှာ နိုင်ငံတွေ အများကြီးဖြစ်သွားမယ်။ ဘောလုံးပြိုင်ပွဲဆို အရင်က အုပ်စုနှစ်စုကနေ အုပ်စုလေးစုတို့ဘာတို့ ဖြစ်လာမယ်။ ကျုပ်တို့လည်း ဘောလုံးပွဲတွေ အကြာကြီး ကြည့်ရမယ်...ပြီးတော့ ...”

“ဟေ့ကောင်... တော်တော့...တော်တော့...မင်း လုပ်တာနဲ့ ငါပါ ပြည်ထောင်စုဖြိုခွဲမှုနဲ့ ထောင်ထဲလိုက်မဝင်နိုင်ဘူး...လစ်ပြီ...လစ်ပြီ...ကဲ...မိုက်ကယ်လင်းရေ...ခင်ဗျားဖို့ပါ ရှင်းခဲ့ပြီနော်”

အဲ့ဒါပဲ...ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ။

မိန်းမတစ်ယောက်ထပ်ရဖို့ မာရသွန်ပြိုင်တဲ့သူနဲ့။ ပြည်ထောင်စုကြီးပြိုကွဲရင် ဆီးဂိမ်းအသင်းတွေ ပိုများလာမယ်ဆိုတဲ့ မဟာသုံးသပ်ချက်ပေးတဲ့ကောင်နဲ့...။

သောက်ကျိုးနည်း ရပ်ကွက်ကြီးပါဗျာ။

အဲ... ဒါပေမဲ့... ဟိုအကောင် သန်းမြိုင်ပြောသလို ကိုယ်တွေလည်း နောက်ဆို ပွဲစီစဉ်သူတွေကို ယုံမှတ်ပြီး ဂျင်းထည့်တဲ့ မာရသွန်တွေ ဝင်မပြိုင်မိအောင် သတိထားရတော့မယ်။

နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အားလုံးမှာပေါ့ဗျာ။ ခေတ်ကိုက ဂျင်းခေတ်။

ဆရာကြီး ဦးသိန်းဖေမြင့်စာအုပ်မှာ ကာလသားရောဂါကို တက်ခေတ်နတ်ဆိုးလို့ တင်စားသလိုမျိုး အခု...ဂျင်းခေတ်မှာလည်း ပွဲစီစဉ်သူ ဂျင်းခေတ် နတ်ဆိုးတွေကလည်း ပေါပါဘိသနဲ့။

သတိထားပြီး ရှောင်ကြပေါ့ဗျာ...နော့။

ဗြိတိသျှကိုကိုမောင်

  • TAGS