News

POST TYPE

SATIRE

မင်္ဂလာဆောင် နိုင်ငံတော်
14-Jan-2018

မနှစ်က စိုပြေ မင်္ဂလာဆောင်တယ်။

အခုဆို သူများမင်္ဂလာဆောင်တွေကြည့်ပြီး နောင်တရမိတယ်။ တကယ်တော့ မင်္ဂလာဆောင်တယ်ဆိုတာ အချိန်ကောင်းလိုတယ်မဟုတ်လား။ စိုပြေကတော့ အချိန်သိပ်မကောင်းချိန်မှာ ဆောင်လိုက်တော့ သိပ်မခမ်းနားလိုက်ဘူး။ 

အခုဆို သူများတွေ မင်္ဂလာဆောင်တာကြည့်ပြီး အားကျမိတယ်။ NLD ပါတီက ဦးဝင်းထိန်ရဲ့ သားမင်္ဂလာဆောင်ပေါ့။ နိုင်ငံတော်မင်္ဂလာဆောင်လို့တောင် ပြောလို့ရတယ်။ အစိုးရအကြီးအကဲ စုံစုံလင်လင် တက်ကြတာ။ 

မနာလိုတဲ့လူတွေကတော့ အပြစ်တွေ ပြောကြတာပေါ့လေ။ ပြည်သူတွေ ဆင်းရဲနေချိန်မှာ ဒီလို မင်္ဂလာဆောင်တွေ မလုပ်သင့်ဘူး။ အစိုးရလူကြီးတွေက တိုင်းပြည်အလုပ်မလုပ်ဘဲ မင်္ဂလာဆောင်တွေ ပတ်တက်နေရလား။ မင်္ဂလာဆောင်ကို ဖရီးလုပ်ပေးတဲ့လူတွေကို ဘာလုပ်ပိုင်ခွင့်တွေ ပြန်ပေးရမှာလဲ...။ ဘာညာ စုံလို့ပါပဲ။ 

စိုပြေကတော့ မပြောပါဘူး။ 

စိုပြေ့အဖေမှာ အာဏာရှိရင် စိုပြေလည်း အဲ့လိုပွဲလုပ်မှာပဲလေ။ အကုန်လုံး အလကားသာရလို့ကတော့ ဒီထက်တောင် ခမ်းနားအောင်လုပ်ပစ်လိုက်ဦးမယ်။ ဒါပေမဲ့ စိုပြေ့အဖေက သေပြီ။ ဒီတော့ အဖေ့ကို အားကိုးလို့မရတော့ဘူး။ အမေတော့ ရှိသေးတယ်။ 

အမေ့ကို ပါတီထောင်ခိုင်းပြီး အာဏာရှိအောင် လုပ်ခိုင်းရမယ်။ ဒါပေမဲ့ အမေကလည်း အသက်ကြီးပြီ။ လုပ်ပါတော့မလား မသိဘူး။ ကိုယ့်ဟာကိုယ်လည်း မလုပ်ချင်ဘူး။ ပျင်းတယ်။ 

အာဏာရအောင် လုပ်ရတာ တယ်ခက်တာ မဟုတ်လား။ နယ်တကာလှည့်ပြီး စကားပတ်ပြောရတယ်။ အာဏာရပြီးမှ လှည့်မကြည့်ချင် မကြည့်နဲ့...။ အာဏာ မရခင်လေးတော့ လျှောက်သွားပြီး ပေါက်ကရတွေ လျှောက်ပြောနေရတာပဲ။ 

အမေ့ကို အဲ့လိုမျိုးလည်း နယ်တကာလှည့်ပြီး လေလျှောက်မလိမ်ခိုင်းချင်ပါဘူး။ ဒီတော့ ပျင်းပေမယ့်လည်း စိုပြေဘာသာပဲ အာဏာရအောင်လုပ်တာ ကောင်းမယ်ထင်တယ်။ ဘယ်လိုအာဏာရအောင် လုပ်မယ်ဆိုတာတော့ မပြောပြဘူး။ ဒါလျှို့ဝှက်ချက်ပဲ။ သူများတွေသိကုန်ပြီး လိုက်လုပ်လို့ စိုပြေ အာဏာမရဘဲဖြစ် သွားဦးမယ်။ 

စိုပြေသာ အာဏာရရင် မင်္ဂလာဆောင်တွေ ခဏခဏလုပ်မယ်။ စိုပြေ့သားသမီးတွေကလည်း အာဏာရှိတုန်း မင်္ဂလာဆောင်ပေးမယ်။ ဒါမှ စည်စည်ကားကား ခမ်းခမ်းနားနားနဲ့ အလကားခုံးဆင်းလို့ရမှာ မဟုတ်လား။ အာဏာမရှိရင် ဘယ်သူမှ လှည့်ကြည့်မှာမဟုတ်။ 

ပြီးတော့ စိုပြေလည်း မင်္ဂလာပြန်ဆောင်မယ်။ အာဏာရှိပြီဆိုတော့ စိုပြေ့မင်္ဂလာဆောင်ကတော့ လူစည်မှာပဲ။ ဝန်ကြီးချုပ်တိုင်းကို မင်္ဂလာဆောင်ဖိတ်မယ်။ ခရိုနီတွေ ခရိုပြာတွေ တိုက်ကွန်းတွေကိုလည်း မချန်ဘူး။ ရပ်ကွက်ထဲက အပေါင်ဆိုင် တရုတ်ကြီးကိုလည်း ဖိတ်မှာပဲ။ အဓိကကတော့ လက်ဖွဲ့များများပေးနိုင်သူတွေကို ဖိတ်မှာပေါ့။ 

အဲ့လို အာဏာရှိပြီဆိုရင်ဖြင့် မင်္ဂလာဆောင်ကို တစ်လတစ်ခါ လုပ်မယ်။ မင်္ဂလာဆောင်ကို တစ်လတစ်ခါ လုပ်မယ်ဆိုလို့ မော်ဒယ်လ်တွေ တစ်ယောက်ပြီးတစ်ယောက် ယူမယ်လို့ မထင်နဲ့။ မနှစ်တုန်းက မင်္ဂလာဆောင်ထားတဲ့ စိုပြေမိန်းမနဲ့ပဲ မင်္ဂလာပြန်ဆောင်မှာ။ နို့မို့ မိန်းမက သတ်လိမ့်မယ်။ ဒီကြားထဲမှာလည်း စိုပြေ့အမျိုးတွေရဲ့ မင်္ဂလာဆောင်တွေကို လုပ်ဦးမယ်။ 

ပြည်သူတွေကတော့ စိုပြေ့မင်္ဂလာဆောင်ကြည့်ပြီး တော်တော်ပျော်နေကြမယ်ထင်တယ်။ တီဗီရုပ်သံတွေမှာလည်း တိုက်ရိုက်ပြခိုင်းမယ်။ အဲ့တော့ ပြည်သူတွေလည်း စိုပြေ့မင်္ဂလာဆောင်ကို တစ်လတစ်ခါ မြင်ရမယ်။ ပြီးတော့ ရုပ်သံမှာလည်း ကြော်ငြာတွေထိုးဦးမယ်။ ကြော်ငြာခကတော့ ဈေးကြီးမှာပဲ။ 

ဘာလို့လဲဆိုတော့ အာဏာရှိသူကြီး စိုပြေရဲ့ မင်္ဂလာဆောင်ဆိုတော့ လူတိုင်းက စိတ်ဝင်စားပြီး တီဗီကိုကြည့်ကြမှာလေ။ အဲ့လို ကြော်ငြာခရရင်တော့ စိုပြေယူမယ်။ ပြီးတော့ တီဗီမှာလည်း စိုပြေ့ဘဏ်အကောင့်ကို ကြေညာပေးမယ်။ ပြည်သူတွေလည်း လက်ဖွဲ့ပေးချင်သူတွေ ရှိမှာပဲလေ။ အဲ့အခါ လွယ်လွယ်ကူကူနဲ့ ဘဏ်ကနေပဲ လက်ဖွဲ့လိုက်လို့ရတာပေါ့။ 

ဘာပဲဖြစ်ဖြစ် အဲ့လို မင်္ဂလာတွေကိုတော့ ခရိုနီတွေကတော့ သိပ်ပျော်မှာပဲ။ လာဘ်ထိုးဖို့နေရာကောင်းကြီးလေ။ အခြားအချိန်တွေမှာ သွားပေးရင် လာဘ်စားမှု တိုက်ဖျက်အဖွဲ့တွေနဲ့ တွေ့သွားနိုင်တယ်။ မင်္ဂလာဆောင်မှာဆိုတော့ အေးဆေးပဲ။ 

အဲ့တော့ စိုပြေလည်း လာဘ်မစားကြဖို့ ပြောမယ်။ စိုပြေ့ကို အခြားအချိန်တွေလည်း လာဘ်လာမထိုးနဲ့။ လာဘ်ထိုးချင်ရင် မင်္ဂလာဆောင်ကိုသာလာခဲ့။ 

အခြားအစိုးရအဖွဲ့တွေကိုလည်း မှာရမယ်။ လာဘ်မစားကြနဲ့။ ငါတို့အစိုးရအဖွဲ့ဟာ လာဘ်စားမှုကင်းစင်တဲ့ အစိုးရဖြစ်ရမယ်။ ဘာညာပေါ့။ ခင်ဗျားတို့တွေ လာဘ်စားချင်ရင် ဝင်ငွေကောင်းကောင်းရချင်ရင် သားသမီးတွေ များများမွေးစားပြီး မင်္ဂလာဆောင်တွေလုပ်။ 

အဲ့လိုမဟုတ်ရင်လည်း စိုပြေ့ကို ဥပမာယူပြီး အစိုးရအဖွဲ့ဝင်တွေလည်း ကိုယ့်မိန်းမနဲ့ မင်္ဂလာဆောင်တွေ ခဏခဏလုပ်ကြ။ အကြောင်းပြချက်ကတော့ ချစ်လွန်းလို့ မင်္ဂလာဆောင် ခဏခဏပြန်လုပ်တာပေါ့လေ။ 

အဲ့တော့ စိုပြေသာ အာဏာရရင် စိုပြေကလည်း တစ်လတစ်ခါ မင်္ဂလာဆောင်မယ်။ အစိုးရအဖွဲ့ဝင်တွေလည်း ခဏခဏမင်္ဂလာဆောင်လုပ်မယ်။ တီဗီမှာလည်း ပြမယ်။ စိုပြေ့အမျိုးတွေကိုလည်း မင်္ဂလာဆောင်ပေးဦးမယ်။ 

ဒီတော့ စိုပြေတို့ မြန်မာနိုင်ငံတော်ကြီးဟာ မင်္ဂလာတွေ ခဏခဏဆောင်ပြီး မင်္ဂလာရှိတဲ့ နိုင်ငံကြီးဖြစ်ပြီပေါ့။ 

တစ်ခုတော့ရှိတယ်။ မင်္ဂလာတွေ ဆောင်လွန်းတော့ စပွန်ဆာတွေ ပေးရတာနဲ့ ဟိုတယ်တွေ၊ ပိုးထည်တိုက်တွေ၊ ခရိုနီတွေလည်း စိတ်တော်တော်ညစ်မယ်ထင်တယ်။ ပြဿနာမရှိပါဘူး။ ခရိုနီတွေကိုလည်း လက်ဖွဲ့အနည်းအများပေါ်ကိုကြည့်ပြီး လုပ်ပိုင်ခွင့်တွေ ချပေးလိုက်မှာပေါ့။ 

ကဲ...။ 

စိုပြေ အကြံမပိုင်ဘူးလား ...။ 

စိုပြေ့မိန်းမကတော့ တစ်လတစ်ခါ မင်္ဂလာဆောင်အတွက် ဝတ်စုံရွေးရတာနဲ့တင် ဝိတ်လျှော့စရာမလိုဘဲ ပိန်နေတော့မှာ မြင်ယောင်သေးတယ်။ 

စိုပြေ