News

POST TYPE

SATIRE

ရခိုင်ပြည်နယ်တွင် တိုက်ခိုက်မှုများပြန်စဟု ARSA အကြမ်းဖက်အဖွဲ့ထုတ်ပြန်၊ အကြမ်းဖက်အဖွဲ့ကို ကုလ၊ EU နှင့် နိုင်ငံတကာအဖွဲ့များ အားပေးအားမြှောက်မလုပ်ရန် အစိုးရသတိပေး
08-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၇

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဇန်နဝါရီလ ၅ ရက်နေ့က ဆွဲမိုင်းဖောက်ခွဲမှု လုပ်ဆောင်ခဲ့ပြီး တိုက်ခိုက်မှုများ စတင် လိုက်ပြီဟု ARSA အကြမ်းဖက်အဖွဲ့က လူမှုကွန်ရက် တွစ်တာမှတစ်ဆင့် ယနေ့ ထုတ်ပြန်လိုက်သည်။

ယင်းအပြင် မောင်တောမြို့နယ်မြောက်ပိုင်း တရိန်းကျေးရွာ အနောက်ဘက် တစ်မိုင်အကျော်ခန့်တွင် ဇန်နဝါရီ လ ၅ ရက်နေ့က တပ်မတော်သားများ လိုက်ပါလာသည့်ယာဉ်ကို ဆွဲမိုင်း ဖောက်ခွဲခဲ့သူမှာလည်း ၎င်းတို့ဖြစ်ကြောင်း ARSA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဆွဲမိုင်းတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်မတော်သားခြောက်ဦးနှင့် အရပ်သားဒရိုင်ဘာတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ARSA အဖွဲ့၏ ယင်းသို့ထုတ်ပြန်မှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ARSA က တိုက်ခိုက်မှုတွေ ပြန်လုပ်မယ့်အပေါ် လုံခြုံရေးကို အရင်ကထက် ပိုဆောင်ရွက်ထားတယ်။ ပြည်ထဲရေးက တာဝန်ရှိတဲ့သူတွေကို ညွှန်ကြားထားပြီး ဖြစ်တယ်။  အကြမ်းဖက်သမားတွေကို တုန့်ပြန်ရမှာဖြစ်တယ်”ဟု ပြောကြားသည်။

ယင်းကဲ့သို့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ၌ ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်ဆောင်ရွက်မှုများကို  မြန်မာနိုင်ငံအစိုးရအနေနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ နိုင်ငံတော်လုံခြုံမှု၊  ပြည်သူများ၏ အကျိုးစီးပွားနှင့် ဒေသတည်ငြိမ်ရေးတို့အတွက် အကြမ်းဖက်မှုကို ဥပဒေနှင့်အညီ ကိုင်တွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောဆိုသည်။

ယင်းအပြင် အကြမ်းဖက်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို ကုလသမဂ္ဂ၊ EU နှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေနှင့် အားပေးအားမြောက် လုပ်သကဲ့သို့ မဖြစ်စေရန်လိုကြောင်း ပြောဆိုသည်။

“အကြမ်းဖက် အဖွဲ့အစည်းကို အားပေးထောက်ခံရာ ရောက်စေတဲ့ အပြုအမှုတွေ ပြီးတော့၊ မီးလောင်ရာလေပင့်စေတဲ့ ပဋိပက္ခကို ပိုကြီးလာတဲ့ အနေအထား မရောက်အောင်၊ အကြမ်းဖက် အားပေးအနေအထားမျိုး မရောက်အောင် အားပေးကူညီမှုတွေမလုပ်ဖို့  ကျွန်တော်တို့က နိုင်ငံတကာ အသိုင်းအဝိုင်းကို မေတ္တာရပ်ခံချင်တယ်။ အကြမ်းဖက် အဖွဲ့အစည်းဆိုတာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှလက်မခံဘူး။ အကြမ်းဖက်ဝါဒီတွေ ပပျောက်ဖို့က တစ်ကမ္ဘာလုံး အရေးဖြစ်တယ်။ ဒါကြောင့် ဒီဟာကို အားပေးအားမြောက်မလုပ်ဖို့ ပြောချင်တယ်။ နိုင်ငံတကာအဖွဲ့ဆိုတာ ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေ EU အဖွဲ့တွေ ပါတယ်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

ARSA ၏ ထုတ်ပြန်ကြေညာချက်တွင် ရခိုင်မြောက်ပိုင်း၌ ရှင်းလင်းရေးလုပ်ငန်းစဉ်များ ၂၀၁၇ စက်တင်ဘာလ ၅ ရက်ကတည်းက ဆောင်ရွက်ပြီးသွားပြီဟု နိုင်ငံတကာအဖွဲ့စည်းများကို  ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြားလိမ်ညာ၍ ကြေညာခဲ့ကြောင်း စွပ်စွဲပြောကြားထားပြီး တပ်မတော်ကိုလည်း ဗမာအကြမ်းဖက် စစ်တပ်ဟု သုံးနှုန်းထားသည်။

အမှန်တကယ် မည်သို့ဖြစ်ပျက်နေသည်ကို နိုင်ငံတကာမှ သိမည်စိုးသောကြောင့် UN၊ IFFM၊ EU  အစရှိသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ NGO များနှင့် မီဒီယာများအား ဝင်ရောက်လေ့လာ ခွင့် စစ်ဆေးခွင့်များကို ပိတ်ထားကြောင်းလည်း စွပ်စွဲပြောဆိုထားသည်။

ယင်းကြောင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ မိမိကိုယ်ကို ကာကွယ်လိုသော မူဝါဒနှင့်အညီ ပြန်လည် ခုခံတိုက်ခိုက်ရုံသာ ရှိတော့သည်ဟုလည်း ဖော်ပြထားသည်။

ယင်းအပြင် ဘင်္ဂါလီ (မူရင်းအသုံး ရိုဟင်ဂျာ) များအနေနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် နိုင်ငံရေးအနာဂတ်ရှိစေမည့် လုပ်ငန်းစဉ်များထဲတွင် မဖြစ်မနေပါဝင် ဆုံးဖြတ်ခွင့်ရှိရမည် ဖြစ်ကြောင်း၊ ASRA အနေနှင့် မိမိတို့၏ တောင်းဆိုမှုများ မရရှိသေးသရွေ့ မိမိတို့၏ တရားဝင်သော လှုပ်ရှားမှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လက်ချင်းတွဲကာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ ကြေညာလိုသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

J-07/F-01


  • VIA