News

POST TYPE

SATIRE

ချွေတာရေး နိုင်ငံတော်
07-Jan-2018

ရောမမြို့ကြီးအား တစ်ရက်တည်းနှင့် တည်ဆောက်ခဲ့သည်မဟုတ်။

အလားတူ ကျွန်ုပ်တို့ ချွေတာရေးနိုင်ငံတော်ကြီးသည်လည်း တက်ရောက်လာသော အစိုးရအဆက်ဆက် စကားတစ်ခွန်းတည်းနှင့် တည်ဆောက်ခဲ့ကြသည်မဟုတ်။ စကားလုံးများစွာဖြင့် တည်ဆောက်ခဲ့ကြခြင်းပင်။

ယခုမှတ်တမ်းတင်မည့် အကြောင်းအရာကား ကျွန်ုပ်တို့ ချွေတာရေးနိုင်ငံတော်ကြီး၏ ချွေတာသော မဟာတော်လှန်ရေးကြီး၏ သမိုင်းအဆင့်ဆင့်ပေတည်း။

ကျွန်တော်တို့ ချွေတာရေးနိုင်ငံတော်မှ လူကြီးမင်းအဆက်ဆက်သည် နိုင်ငံတော်ကို တိုးတက်လိုသည့် စိတ်ဇောအဟုန် စေတနာထက်သန်ခဲ့ကြသည်။

အိမ်နီးချင်း ပေါက်ဖော်နိုင်ငံတွင် တစ်ချိန်က အုန်းအုန်းကျွက်ကျွက်ဖြစ်ခဲ့သော မဟာယဉ်ကျေးမှု တော်လှန်ရေးကဲ့သို့ပင် ရာဇဝင်တွင်မည့် ချွေတာရေးနိုင်ငံတော်၏ အတွေးအခေါ်တော်လှန်ရေးကာလဟု ယခုကာလများကို မှတ်ယူသင့်ပါသည်။

ဒုတိယကမ္ဘာစစ်အပြီး ပြာပုံဘဝမှ အာရှကျား ဖြစ်လာသော ဂျပန်များ ပင်လယ်မှ အလကားရသည့် ရေညှိများစားကာ ချွေတာခြင်းဖြင့်လည်းကောင်း၊ ရေချိုပင် လုံလုံလောက်လောက်မရှိသည့် ကျွန်းနိုင်ငံလေး စင်ကာပူကို စီးပွားရေးနိုင်ငံဖြစ်လာစေသည့် ချွေတာခြင်းဖြင့်လည်းကောင်း အစိုးရအဆက်ဆက်မှ ကျွန်တော်တို့ပြည်သူများကိုလည်း ချွေတာလိုစေကြသည်။ ကျွန်တော်တို့လည်း ချွေတာခဲ့ကြပါသည်။

ပေါက်ဖော်ပြည် ယဉ်ကျေးမှုတော်လှန်ရေးကဲ့သို့ပင် ချွေတာရေးတော်လှန်ရေးကလည်း အဆင့်ဆင့် ဆင်နွှဲသွားရသည့် တော်လှန်ရေးတစ်ခုဖြစ်လေသည်။

၂၀၁၀ အလွန်ကာလများတွင် ပထမအဆင့်အနေနှင့် ပြည်သူတို့သည် ရေအားလျှပ်စစ်စီမံကိန်းကြီး အခု ၂၀ ခန့်အား တီဗီနှင့် သတင်းစာထဲတွင်သာ လည်ပတ်သည့် လုပ်ငန်းများအဖြစ် အသိအမှတ်ပြုလိုက်ပြီး ဖယောင်းတိုင်များ ပျော်ပျော်ကြီးထွန်းကာ ချွေတာပေးခဲ့ကြသည်။

ပြင်သစ်ပြည် စိန့်မြစ်ကမ်းနံဘေးရှိ စားသောက်ဆိုင်များတွင် ပီဇာနှင့် ဝိုင်နီကို ရှေ့ချလျက် ဖယောင်းတိုင်မီးလေးများထွန်းကာ လွန်စွာမှ ရိုမန့်တစ်ဖြစ်လှသော ကန်ဒယ်လိုက် ညစာစားပွဲတစ်ပွဲသည် ဗြိတိသျှငွေ ပေါင် ၅၀ ခန့် တတ်နိုင်မှသာ ခံစားနိုင်ကြသည့် အရသာဖြစ်သည်။

ကျွန်ုပ်တို့ပြည်သူများမှာက ချွေတာရေးသီဝရီကောင်းမှုဖြင့် ဖယောင်းတိုင်မီးလေးထွန်း၊ ဘဲဥကြော် တစ်ချပ်၊ ထမင်းကြမ်းတစ်ခဲ၊ သောက်ရေဒန်ခွက်တစ်ခွက်ဖြင့် လင့် မျက်နှာ မယား ဝါးတားတား၊ မယား မျက်နှာ လင် ဝါးတားတား ရိုမန့်တစ် ကန်ဒယ်လိုက် ထမင်းပွဲလေးများကို မြန်မာငွေ တစ်ထောင်ကျပ်ခန့်ဖြင့် ခံစားခွင့်ရခဲ့ပေသည်။

နောက်တစ်ဖန် အတွေးအခေါ်တော်လှန်ရေး၏ ဒုတိယအဆင့်အဖြစ် တစ်နပ်လျှော့စီမံကိန်းကို ထပ်မံ ပြဋ္ဌာန်းလိုက်လေသတည်း...။

မဟားတရား မယူမနေရ အတင်းထိုးရောင်းထားသော မြေဩဇာကြွေးများ ကျေစေရန်အလို့ငှာ လယ်သမားများအား တစ်နပ်လျှော့စီမံကိန်းကို အစိုးရက အမြော်အမြင်ကြီးစွာဖြင့် တိုက်တွန်းလိုက်ပြန်သည်။

ထိုအခါ လယ်သမားတို့သည် ဝါတွင်းပင်မဟုတ် တစ်နှစ်ပတ်လုံး ဥပုသ်သတင်းစောင့်တည်သော သူတော်ကောင်းများအဖြစ် ချက်ချင်းလက်ငင်း ကုသိုလ်ထူးများရကာ အချို့လည်း နိဗ္ဗာန်သို့ စောစောစီးစီးမျက် မှောက်ပြုကြကုန်၏...။

အချို့မှာလည်း အကြွေးမကျေဘဲ အစာအိမ်ရောဂါ ကပ်သူကပ်၊ အာဟာရပြတ်သူပြတ်ဖြင့် ကျေးလက်ဆေးပေးခန်းနှင့် နီးစပ်ရာ တိုက်နယ်ဆေးရုံများတွင် ထမင်းကို အပင်ပန်းခံ ဝါးစရာမလိုဘဲ ရှောရှောရှူရှူ ဆံပြုတ်သောက်ပြီး အနားယူကြရကုန်၏။

နောက်အဆင့်မှာကား မစ်ခ်တူးသောင်းဇင်ဟု အမည်ရသော နို့သောက် နှစ်ထောင် အော်ပရေးရှင်း ဖြစ်ပေသည်။

အစိုးရက ပြည်သူလူထုအား အရက်အစား နွားနို့ပြောင်းသောက်ရန်နှင့် တစ်နေ့နှစ်ထောင်သုံးရန် ဆိုလိုက်ပြန်သည်။

အိမ်ရှင်မတို့ ဝမ်းသာကြကုန်၏၊ အိမ်ထောင်ဦးစီးတို့ ဝမ်းနည်းကုန်၏။

ယောကျာ်းတို့သည် အရက်အစား နွားနို့ကို ပြောင်းသောက်လိုက်ရသဖြင့် ယခင်ကဲ့သို့ မူးကြောင်ကြောင်ဖြင့် တွေ့ရာနေရာထိုးမအိပ်၊ ကေတီဗီမရောက်၊ မာဆတ်မရောက်၊ ယောအတွင်းဝန်၏ ဥတုဘောဇနကျမ်းအလိုအရ နွားနို့သည် ခွန်အားဖြစ်သည့်အလျောက် ယောကျာ်းတို့ကား မိုးချုပ်သည်နှင့် အိပ်ခန်းအတွင်း ခုတင်ပေါ်တွင် ငုတ်တုတ်ဝင်ထိုင်နေကြလေသဖြင့် အိမ်ရှင်မတို့ ဝမ်းသာကြလေကုန်၏။

အလားတူ အိမ်ထောင်ဦးစီးတို့လည်း ဝမ်းသာကြကုန်၏။ အိမ်ရှင်မတို့ ဝမ်းနည်းကြကုန်၏။

ယခင့်ယခင်ကား အိမ်ထောင်ဦးစီးတို့သည် အိမ်ရှင်မတို့အား ဈေးဖိုး ၅၀၀၀ အထက် ပေးကြရာမှ အစိုးရ၏ပြဋ္ဌာန်းချက်ကြောင့် ၂၀၀၀ သာ ပေးကြကုန်သဖြင့် ပိုလျှံသောသုံးထောင်အား နေ့စဉ်သောက်သည့် နွားနို့အတွင်း အထူးစပါယ်ရှယ် အယ်လ်ကိုဟောလ်လေးများ ရောစပ်ကာ အာသာဖြေနိုင်ကြလေသည်။

အိမ်ရှင်မတို့မှာ နှစ်လုံးထီကိုလည်း ရင်မခုန်နိုင်၊ သုံးလုံးချဲကိုလည်း မအာနိုင် မတွတ်နိုင် မမွေးနိုင်တော့သဖြင့် စိတ်ဒုက္ခရောက်က ယားကျိကျိ ဖြစ်ကြကုန်လေသတည်း...။

ထိုသို့နှင့် ၂၀၁၅ လွန်ကာလသို့ ရောက်သောအခါလည်း တော်လှန်ရေးသည် မပြီးဆုံးသေး။ နောက်တက်လာသည့် အစိုးရမင်းများက မဟာချွေတာသော တော်လှန်ရေးကြီးကို ဆက်လက်အကောင်အထည်ဖော်သည်။

လက်ဖက်ရည်တစ်ခွက် လျှော့သောက်ကြဆိုသည့်အခါလည်း ဆိုသည်။ ဟင်းကို တစ်ခွက်တည်းစားပါ။ အလှူမလုပ်ပါနဲ့ဆိုတာလည်း ပါသည်။နောက်ထပ် အစိုးရတစ်ဆက်လောက် ထပ်တက်လာလျှင်တော့ ထမင်းကို ထမင်းနဲ့စားပါ။ ဟင်းမစားပါနှင့်တို့၊ ရေသောက်ဗိုက်မှောက်အိပ်ခြင်းဖြင့် ကုန်ဈေးနှုန်းကျစေပါဟု တစ်ဖုံစီမံကိန်းတွေ ထပ်လာနိုင်သည်။

ချွေတာရေးနိုင်ငံတော်တွင် ရလိုမှုနည်းနည်း ပေးဆပ်လိုမှုများများဖြင့် အလုပ်လုပ်နေသည့် သူရဲကောင်းကြီးတွေကလည်း အံ့မခန်း ထွန်းကားနေသေးသည်။

မယုံလျှင် မြန်မာဘီယာလေးသောက်ပြီး မြို့ပြင်က လယ်သမားမပိုင်သည့် လယ်ကွင်းတွေကိုငေးရင်း တွေးကြည့်ပါက ပေးဆပ်သူတို့စေတနာကို တရေးရေးမြင်ယောင်မိမှာ သေချာသည်။

ချွေတာရေးနိုင်ငံတော်ကြီးကား စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင်ပါ အလွန်ချွေတာသဖြင့် အိမ်နီးချင်းနိုင်ငံများကပင် ကျော်တက်သွားကြလေပြီ။ သဘောကောင်းလေစွ။

သို့သော်ငြား ချွေတာရေးနိုင်ငံတော်ကြီးတွင် ချွေတာရန် နှစ်ခုသာကျန်ရှိတော့သည်။ ထိုအရာများ ကိုချွေတာလိုက်ပါက နိုင်ငံတော်ကြီးသည် စင်ကာပူကိုပင် ကျော်တက်သွားနိုင်လောက်၏။

တစ်ခုက ကျည်ဆန်ကို ချွေတာခြင်း၊ နောက်တစ်ခုကား လေကို ချွေတာခြင်း။

လူကြီးသူမများအနေနှင့်လည်း ပေါနေသောလေများကို ချွေတာခြင်းဖြင့် နိုင်ငံတော်ကို ထူထောင်ပေးကြစေလိုပါ၏...။

ထိုတွင် ချွေတာရေးနိုင်ငံတော် တည်ထောင်ခန်း တစ်ခန်းရပ်ပါသည်။

ဗြိတိသျှကိုကိုမောင်