News

POST TYPE

SATIRE

ငါးခိုးမျှားနေသော တံငါသည်
31-Dec-2017

အခုတစ်လော စိုပြေတစ်ယောက် ပျောက်နေတယ်။ တချို့ကလည်း သတိထားမိလိမ့်မယ်။ တချို့ကတော့ အမှတ်တမဲ့ပဲပေါ့။ စိုပြေဘာလို့ ပျောက်နေလဲ...။ 

ဘယ်သူမှမသိ။ မသိဆို စိုပြေက လျှို့ဝှက်တဲ့ အလုပ်တွေ လုပ်နေတာကိုး။ ဘာတွေလုပ်နေလဲဆိုတော့ စိုပြေ ငါးမျှားနေတာ။ လျှို့ဝှက်တယ်ဆိုတာကတော့ မိန်းမ မသိအောင် မျှားနေရတာကိုး...။ 

အခုနောက်ပိုင်း စိုပြေမှာ အလုပ်ကလည်း မည်မည်ရရမရှိ။ ဝင်ငွေကလည်း သိပ်မကောင်း။ ဂျာနယ်တွေမှာ စာရေးတာကလည်း သိပ်မဟန်။ မဟန်ဆို နောက်ပိုင်းမှာ ဂျာနယ်တွေကလည်း ထိန်းလာသဗျ။ 

စာမူတွေကို သိပ်မသုံးရဲဘူး။ သိတဲ့အတိုင်း ဟိုကတရားစွဲ၊ ဒီကတရားစွဲဆိုတော့ အယ်ဒီတာတွေလည်း စိတ်ညစ်လာတယ်ထင်တယ်။ အဖမ်းခံရလို့ ဘာလို့ စိတ်ညစ်တာတော့ မဟုတ်ပါဘူး။ အလုပ်တွေ ပျက်ပြီ။ ဘာမှမဟုတ်ဘဲ အချိန်တွေကုန်လို့ရယ်ပါ။ 

အဲ့တော့ စိုပြေတို့လို သရော်စာရေးတဲ့လူတွေ ရေးကွင်းပျောက်တာပေါ့လေ။ စိုပြေ့ ဆရာတစ်ယောက်ဆို...။ 

ကိုယ့်အစိုးရခေတ်မှပဲ ငါ့မှာ ရေးစရာနေရာမရှိအောင် ဖြစ်နေပါလားဆိုပြီး ညည်းသဗျ။ သူဆို အခုနောက်ပိုင်း စီးပွားရေးပဲလုပ်တော့တယ်။ စာတောင် သိပ်မရေးတော့ဘူး။ 

စိုပြေ့ဆရာတွေတောင် ရေးကွက်ပျောက်နေတာ စိုပြေဆို ပိုဆိုးတာပေါ့။ ဒါကြောင့် အရင်တစ်ပတ်ကတောင် ရေးလိုက်သေးတယ်။ သရော်စရာမရှိလို့ စာတွေ မရေးဖြစ်တော့တာပါလို့...။ 

အဲ့တော့ စိုပြေလည်း ဝင်ငွေက နည်းပါး။ ကုန်ဈေးနှုန်းကလည်း သိတဲ့အတိုင်းပဲ။ ကျတယ်လို့ကိုမရှိဘူး။ ကုန်စိမ်းကလည်း ဈေးတက်။ ကုန်ခြောက်ကလည်း ဈေးကြီး။ ဒါကြောင့် အရင်လို သားငါးတွေတောင် ကောင်းကောင်းမစားနိုင်ဘူး။ 

အဲ့တော့လည်း မဖြစ်ချေဘူးဆိုပြီး ငါးထွက်မျှားတာပဲ။ ငါးမျှားတော့ ဘာပဲဖြစ်ဖြစ် ငါးလေးဘာလေး စားရတာပေါ့။ တစ်ခါတလေ ငါးများများရတဲ့ရက်ဆို ခွဲပြီး နေလှန်းထား...။ 

ဒါပေမဲ့ ငါးမျှားတာကလည်း အစပိုင်းပဲ အဆင်ပြေတယ်။ နောက်ပိုင်းနေတွေက ပူလာတော့ ငါးမျှားစရာနေရာကလည်း မရှိတော့ပြန်ဘူး။ ရန်ကုန်အနီးတစ်ဝိုက်မှာ ငါးကောင်းကောင်းမျှားလို့ရတဲ့ နေရာတွေကလည်း တယ်ရှားသကိုး...။ 

စိုပြေတို့ ငါးမျှားသူတွေ စကားနဲ့ဆို ငါးပိကြော်ကန်တွေပဲ ပေါတယ်။ ငါးပိကြော်ကန်ဆိုတာကတော့ ဖမ်းတဲ့ကန်ပေါ့လေ။ ငါးမျှားလို့ အဖမ်းခံရရင် ငါးပိကြော်စားရမယ်ဆိုတဲ့ သဘော...။ 

အဲ့လို ငါးပိကြော်ကန်တွေကိုလည်း ရှောင်ရတယ်။ သရော်စာရေးလို့ ငါးပိကြော်မစားရဘဲ ငါးမျှားလို့ ငါးပိကြော်စားနေရရင် မကောင်းဘူးလေ...။ 

အဲ့တော့ စိုပြေဟာ လွတ်လွတ်ကင်းကင်းနေရာတွေမှာ သွားမျှားတယ်။ မိုးတွင်းတုန်းကတော့ သန်လျင်ဘက်။ ဆောင်းတွင်းရောက်တော့ ဆည်ကြီးတွေ။ ဒါပေမဲ့ ငါးတစ်ခါသွားမျှားရင် ကုန်ကျစရိတ်ကလည်း မနည်းပြန်ဘူး။ ချောင်းရိုးလေးတွေကတော့ ငါးမျှားလို့ မကောင်းတော့ဘူး။ ငါးလည်း မရှိတော့ဘူးလေ...။ 

ဘက်ထရီနဲ့ ရှော့တိုက်ပြီး ဖမ်းတဲ့လူနဲ့၊ ဆေးချပြီး ဖမ်းတဲ့လူနဲ့ဆိုတော့ စိုပြေတို့မှာ မျှားရင် ငါးမရှိတော့ဘူး။ ဘက်ထရီရှော့ရိုက်တာရယ်၊ ဆေးချတာရယ်က ငါးတွေကို မျိုးတုံးစေတယ်တော့ ပြောတာပဲ။ ဒါပေမဲ့ ဖမ်းမယ့်လူမရှိတော့လည်း လုပ်ကြတာပဲ။ အဲ့တော့ နီးနီးနားနား မျှားလို့ရတဲ့ ကန်လေးတွေ လိုက်ရှာတယ်။ လိုက်ရှာတော့ တွေ့ပါပြီ။ အင်းလျားကန်။ 

စိုပြေတို့ ငယ်ငယ်တုန်းကတော့ အင်းလျားကန်မှာ တရားဝင်မျှားလို့ရတယ်။ လူကြီးတွေဟာ အလံလေးတွေထောင်ပြီးတော့ ကန်ဘောင်ပေါ်တင်မျှားကြတာ။ ပျော်စရာကြီး။ စည်ပင်ကို တရားဝင်အခွန်ဆောင်ပြီး မျှားတာပေါ့လေ။ နောက်ပိုင်းတော့ ဘာဖြစ်လို့လဲမသိ။ မျှားခွင့်မပြုတော့ဘူး။ 

မျှားတဲ့လူတွေ ဖမ်းဟယ်ဆီးဟယ်နဲ့ ထောင်တွေကျတဲ့လူတောင် ရှိသဗျ။ တစ်ခါတလေတော့လည်း ရယ်စရာအကောင်းသား။ စိုပြေတို့လို ကိုင်းတံလေးနဲ့ တစ်ခါစားလောက် မျှားတဲ့လူတွေကိုသာဖမ်းတာ...။ 

အင်းလျားကန်ထဲ ပိုက်ချတာကျတော့ ခွင့်ပြုသဗျ။ မဖမ်းဘူးရယ်...။ ကန်တော်ကြီးတို့ ဘာတို့လည်း အတူတူပဲ။ အဲ့တော့ စိုပြေတောင် စဉ်းစားနေတာ...။ ငါးမမျှားတော့ပဲ ပိုက်ပဲ ချရင်ကောင်းမလားလို့...။ 

ဒါပေမဲ့လည်း မဖြစ်ပြန်ဘူး။ အခုငါးမျှားတာတောင် မိန်းမမသိအောင် ခိုးမျှားရတာ။ ပိုက်ကြီးတွေဝယ်လိုက်ရင် မိန်းမသိသွားမှာ။ မိန်းမကလည်း တစ်မျိုးဗျ။ ငါးမျှားတာသာမကြိုက်တာ။ ငါးတွေ ဖမ်းမိလာရင်တော့ သူက ပျော်တယ်။ ပြီးရင် သူကိုယ်တိုင် ချက်တာပဲ...။ 

ဘာပဲဖြစ်ဖြစ် အင်းလျားကန်မှာ ဖမ်းသေးတယ်ဆိုပေမယ့် အရင်ကလောက်တော့ မဆိုးဘူးပြောကြတယ်။ လူတော့ မဖမ်းတော့ဘူး။ ကိုင်းတံပဲ သိမ်းသတဲ့။ ကိုင်းတံသိမ်းရင်လည်း မသက်သာဘူးဗျ။ ကိုင်းတံတစ်ချောင်းကို သောင်းနဲ့ချီတာကိုး...။ 

အဲ့တော့ စိုပြေလည်း အပေါစားကိုင်းတံလေးတွေယူပြီး အင်းလျားကန်က ချောင်ကောင်းကောင်းမှာ သွားမျှားတယ်။ ငါးဖယ်အောင်းလေးတွေ ရသဗျ။ ရှယ်ပဲ။ ငါးဖယ်အောင်းဆိုတာ ငါးပိကောင်လုပ်စားရင် သိပ်ကောင်းတာမဟုတ်လား...။ 

ပြောရဦးမယ်...။ ဒီကြားထဲမှာ သူငယ်ချင်းတွေခေါ်လို့ ပင်လယ်ထဲတောင် ငါးသွားမျှားဖြစ်လိုက်သေးတယ်။ ပင်လယ်ထဲဆိုတော့ ငါးကြီးတွေချည်းပဲ။ စိုပြေကတော့ တစ်ကောင်မှမရပါဘူး။ သူများတွေပဲ ရတာ...။ ဒါပေမဲ့ သူငယ်ချင်းတွေက ငါးပေးပါတယ်။ အဲ့တော့ စိုပြေလည်း သူငယ်ချင်းတွေပေးတဲ့ငါးတွေကို ခွဲပြီး လှန်းထားတာ...။ 

တစ်ရာသီစာ ငါးခြောက်ကတော့ ဖူလုံသွားပြီ။ တော်သေးတာပေါ့။ ပင်လယ်က ငါးခြောက်တွေရလို့...။ 

စိုပြေတို့ ငါးခိုးမျှားတဲ့ အင်းလျားကတော့ အဆင်မပြေဘူး။ မျှားလို့ မရပြန်ဘူး။ အဖမ်းအဆီး ကြမ်းနေတယ်။ စပိဘုတ်တွေနဲ့ပါ ပတ်ပြီး ဆလိုက်မီးတွေထိုးပြီး ဖမ်းနေတယ်။ ပြီးတော့ ဆိုင်ကယ်တွေနဲ့ရော ဖမ်းတာ...။ 

အရင်လို ကိုင်းတံတင်မဟုတ်တော့ဘူး။ လူကိုပါ ဖမ်းတာဆိုပဲ။ စိုပြေကတော့ မပါသေးပါဘူး။ ပါသွားရင်လည်း ငါးပိကြော်စားရပြီ။ 

ဘာလို့ ဒီရက်ပိုင်း အဖမ်းကြမ်းလဲ စုံစမ်းကြည့်တော့မှ...။ အမေစု ပြန်ရောက်နေလို့တဲ့....။ ငါးဖမ်းတာကို အမေစု ကြိုက်မကြိုက်တော့ မသိဘူး။ ဦးရဲကြီးတွေကတော့ ဖမ်းတာပဲ။ 

စိုပြေ့စိတ်ထင် လုံခြုံရေးယူတာနေမယ်။ ငါးမျှားတဲ့လူတွေက ကိုင်းတံတွေနဲ့ဆိုတော့ လက်နက်လား ဘာလားဆိုပြီး တစ်မျိုးတစ်မည် ထင်ပုံရတယ်။ 

လောလောဆယ်တော့ စိုပြေတို့ ငါးမျှားသူတွေ အားလုံးက ဆုတောင်းတယ်။ အမေစု ကျန်းကျန်းမာမာနဲ့ တိုင်းပြည်တာဝန်များကို ထမ်းဆောင်ပါစေလို့...။ 

တိုင်းပြည်တာဝန်တွေကို မအားလပ်အောင် ထမ်းဆောင်နေမှလည်း နေပြည်တော်မှာ နေဖြစ်မှာ...။ အဲ့လိုမဟုတ်ဘဲ... ရန်ကုန်ပြန်လာရင် စိုပြေတို့ ငါးမျှားလို့မရဘူးလေ...။ အမေစုနဲ့ ရင်းနှီးသူတွေရှိရင်လည်း ပြောပေးကြပါဦး...။ အမေ ပြန်မလာပါနဲ့လို့....။

စိုပြေ

  • VIA