News

POST TYPE

SATIRE

မီဒီယာ တစ်ခေတ်ဆန်းသစ်တော့မည်
24-Dec-2017


မကြာမီ နှစ်ကူးတော့မည်။

နှစ်ဟောင်းကို လွမ်းရပါတော့မည်။

အဘယ်ကြောင့်ဆိုမူကား ကျန်ရစ်ခဲ့သည့်နှစ်သည် မြန်မာ့သတင်းမီဒီယာသမားတို့ ဘုန်း မိုးသို့ ချုန်းစေသည့်နှစ် တစ်နှစ်ပင်တည်း။

နိုင်ငံတကာမီဒီယာများ၏ ထိုးနှက်မှုကြောင့် နိုင်ငံပုံရိပ်မှာ အလူးအလဲခံခဲ့ရသည်။ မြန်မာ့မီဒီယာမှာ ကမ္ဘာသို့ မပေါက်သည့်အတွက် ခံစားခဲ့ရသည်။

မီဒီယာ၏ အရေးပါပုံကို နားလည်ခဲ့ကြသည်။

ဒီတော့...ဘာဖြစ်တုံး။

သတင်းသမားများ၊ အယ်ဒီတာများကို သက်ဆိုင်ရာ သက်ဆိုင်သူကြီးတို့မှ မော်စကိုအရောက် ဒုလ္လဘမဲများ ရက်ရက်ရောရော ဖောက်ပေးခဲ့ကြသည်လေ။ ဖောက်ပေးသည်မှာ ငယ်ငယ်ကသင်ရသည့် ဘုံ ဆတိုးကိန်းကဲ့သို့ပင် နှစ်လခြား၊ သုံးလခြားလေးတစ်ခါ။

သတင်းလွတ်လပ်ခွင့်သမားတွေလည်း အင်္ကျီအနက်ကို မချွတ်ကြရရှာ။ ဘာပဲပြောပြော အင်္ကျီအနက်သည် အဖြူထက် အညစ်အပေခံပြီး လျှော်ဖွပ်ရသက်သာသဖြင့် သူတို့ဇနီးတွေကတော့ သဘောကျကြမည်ပေါ့။

အရင်အစိုးရမင်းများ လက်ထက်ကတည်းက ပါးစပ်မှာ ပိတ်လိုက်ရသည့် တိပ်အနက်ကလည်း အခုထိလည်း ကပ်ထားနေရဆဲ။

အထင်ကရ ဆရာတော်တစ်ပါးပင် အနှီစတိုင်လ်အတိုင်း တိပ်ကို ပါးစပ်မှာ လိုက်ကပ်ရသည်အထိ ခေတ်စားသွားသေးသည်။

သို့သော် ဆရာတော်ကတော့ သူတို့ထက် ပိုဂေါ်သည်။ အနီနဲ့အနက် တွဲဆက်ပြီး ကပ်သည်ကိုး။

မီဒီယာဖိနှိပ်မှုရပ်ဆိုသည့် စာသားနှိပ်ထားသည့် လက်ပတ်တွေကလည်း ခဏခဏ ရိုက်ရသည့်အတွက် ရွှေဂုံတိုင်က တံဆိပ်ရိုက်ဆိုင်များက ဒီဇိုင်းအသစ်လေးတွေပင် လုပ်ပေးထားသည်ဟု သိရသည်။

သတင်းမီဒီယာသမားတို့အတွက် ပုဒ်မတွေကလည်း အမျိုးမျိုး။ ဆက်သွယ်ရေးဥပဒေ၊ သောင်းကျန်းသူနှင့် ဆက်သွယ်မှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှု၊ အသရေဖျက်မှု ဘာညာ၊ ဘာညာ။

နို့...ဥပဒေကို ဖောက်ဖျက်ရင်တော့ အရေးယူရမှာပဲ။ သတင်းသမားဆိုတာနဲ့ အရေးမယူရတော့ဘူးလား။ သတင်းသမားဆိုတာ ဟိုလူတွေလို အခွင့်ထူးခံလား။ ဘာလား။ ညာလား။ ဒီလိုတွေလည်း ပြောစရာရှိလာသည်။

မှန်၏။

တည်ဆဲဥပဒေတွေ၊ တိုင်ဆဲဥပဒေတွေ ရှိသည်ပဲ။ သတင်းမီဒီယာဥပဒေဆိုတာလည်း ရှိသည်ပဲ။

ယူပေါ့။ ချပေါ့။ 

ဖေ့စ်ဘွတ်ခ်တင် ဆက်သွယ်ရေးအမှု၊ မြို့ပေါ်နေ ဒရုန်းလွှတ်မှု၊ တောထဲသွား သူပုန်မှု၊ စာရွက်ယူ လျှို့ဝှက်ချက်ပေါက်ကြားစေမှု၊ ကိုင်း...ပျော်စရာကြီး။

သတင်းသမားတွေ မပြောနှင့်။ သရော်စာရေးသူ ကျွန်တော်ပင် ဒုလ္လဘမဲပေါက်ပြီး အင်းစိန်ထောင်ထဲ နှစ်ပတ်လောက် လေ့လာရေးသွားလိုက်ရသေးသည်။

အဲ့ဒီလို...အချုပ်ထောင်တွေက သတင်းသမားများ ထွက်ချည်ဝင်ချည် ခိုနားရာဖြစ်တော့ ဘာဖြစ်တုံး။

ဒါဟာ တစ်ချိန်မှာ သတင်းမီဒီယာသမားတွေထဲက သမ္မတတွေ၊ ဝန်ကြီးတွေ ထွက်ပေါ်လာနိုင်တဲ့ နိမိတ်လို့သာ မှတ်ပေရော့။

အခု လက်ရှိ အစိုးရအဖွဲ့ဝင်တွေတောင် တစ်ချိန်က ထောင်ကို ထွက်ချည် ဝင်ချည် လုပ်ခဲ့သည်မဟုတ်လား။ ကံကောင်းလျှင် နောက်တစ်ချိန် ဒေါက်တာဘွဲ့တောင် ရနိုင်သေးသည်။

ပြန်ကြားရေးဝန်ကြီးဌာနကဆို ဖမ်းဆီးခံရတဲ့ သတင်းသမားတွေအတွက် အထူးအခွင့်အရေးအနေနဲ့ ဌာနပိုင်သတင်းစာမှာတော့ လက်ထိတ်ကိုယ်စီနဲ့ မျက်နှာအပြည့် ထင်ထင်လင်းလင်းဖော်ပြပြီး ဂုဏ်ပြုပေးရသည်အထိ။

တခြား ခိုးဆိုးလုနှိုက်များ မိသားစုနှင့် တွေ့ခွင့်ရချိန်မှာ သတင်းသမားတွေကိုတော့ မိသားစုနှင့်တွေ့လျှင် ဝမ်းနည်းကြမည်ကို စိုးရိမ်ပူပန်ပြီး ပေးမတွေ့သည်အထိ စေတနာထားကြသည်။ ဖမ်းမည့်အဖွဲ့တွေ၊ တရားစွဲမည့်အဖွဲ့တွေ၊ စေတနာထားသည့်အဖွဲ့တွေ ချည်းတင်လား။

ဟော့...မြန်မာပြည် သတင်းမီဒီယာလောကကြီးအတွက် မှီခိုအားထားရာ ကောင်စီကြီးကလည်း ရှိသေးသည်ပဲ။

သတင်းမီဒီယာသမားတွေ ဂုဏ်ယူစရာတစ်ခုက ဒီကောင်စီကြီးဟာ အမြဲတမ်း သည်းခံခြင်းတရားတွေ၊ ခွင့်လွှတ်ခြင်းတရားတွေနဲ့ တစ်ဖက်သားအပေါ် အပြစ်တင်လိုစိတ်မရှိ၊ ကိုယ့်လူကိုယ် ဖိကြိတ်ပြီး အနစ်နာခံပေးနေတဲ့ ငြိမ်းချမ်းသောကောင်စီကြီးပေပဲ။

ထောင်ထဲရောက်နေသည့် သတင်းထောက်တွေက တာလဘောဆယ်နပ်လောက်စားပြီး အီးအိုး ဆယ်အိုးလောက်ပါပြီးချိန်ဆို ရဲရဲတောက် ကြေညာချက်တွေလည်း စွန့်စွန့်စားစား ထုတ်ပြန်ပေးသည်။

“ဖြစ်ပေါ်လာသည့် အခြေအနေအရ သတင်းမီဒီယာလွတ်လပ်ခွင့်ကို အပြည့်အဝကာကွယ်သည့်အနေနှင့် ဟိုဘက်ကို ကျေနပ်တဲ့အထိ တောင်းပန်လိုက်ပါ” ဟူသော မကြောက်စတမ်း ညှိနှိုင်းမှုများက တစ်နည်း။

“မီဒီယာဥပဒေဖြင့် ဖြေရှင်းခွင့်လေးရလျှင်ဖြင့် ဖြေရှင်းခွင့်ပေးပါလို့ တောင်းဆိုလို့ရလျှင် တောင်းဆိုလိုပါတယ်လို့ ကြေညာချက်ထုတ်လို့ရလျှင် ထုတ်ချင်ပါတယ်” ဆိုသော ပြတ်သားသည့် ကြေညာချက်များနှင့်တစ်ဖုံ သတင်းသမားများကို ကာကွယ်မှုအပြည့် ပေးထားနေသည်။

ဒါကြောင့် သတင်းသမားများအတွက် နောင်လာမည့်နှစ်များတွင်လည်း စိတ်ပျက်စရာမလို။ ဖမ်းမည့် အဖွဲ့လည်းရှိသည်။ တရားစွဲမည့်အဖွဲ့လည်း ရှိသည်။ ရှေ့တန်းမှ မားမားမတ်မတ်ရပ်ကာ တောင်းပန်ပေးမည့် ကောင်စီကြီးလည်း ရှိနေမှကိုး။

ကျွန်တော်တို့ ငယ်ငယ်ကကြည့်ရသည့် အငြိမ့်များတွင် ဦးဇာဂနာကြီးပြောသည့် ပြက်လုံးလေးလိုပင်။

ဘာတဲ့...အီမာ၊ ပီတာ၊ ကီဆောင် ဆိုသည့် စကားလိမ်လေး။

မြန်မာ့သတင်းမီဒီယာလောက အားမငယ်နှင့်။ စိတ်ဓာတ်မကျနှင့်။ တိုးတက်တော့မည်။ ဖွံ့ဖြိုးတော့မည်။ အဆင့်မီတော့မည်။ 

မီဒီယာတစ်ခေတ်ဆန်းတော့မည်။

ထို့အတွက်...

အီမာ...က...မ မည်။

ပီတာ ကလည်း... မမည်။

ကီဆောင် ကလည်း...မတော့မည်။

အချွန်နှင့်။

ဗြိတိသျှကိုကိုမောင်

  • VIA