News

POST TYPE

SATIRE

မိုးပျံတံတားပေါ်မှ မြေအောက်မြို့တော်ဆီသို့
03-Dec-2017

အချို့လူတွေက ရန်ကုန်က ကိုကြီးဖြိုးလောက်တောင် ခံနိုင်ရည် မရှိကြဘူး။ တစ်ခုခုဆို တရားစွဲမယ် ဘာညာနဲ့။ ကိုကြီးဖြိုးကတော့ အေးဆေးပါ။ တစ်ခါတည်း တန်းဖမ်းခိုင်းလိုက်တာပဲ။ အဲ့တော့ သိပ်အလုပ်မရှုပ်တော့ဘူးပေါ့လေ။ အခုလည်း ကိုကြီးဖြိုး အကြောင်း ပြောဦးမလို့....။ 

ကျွန်တော်တို့အနေနဲ့ကတော့ ကိုကြီးဖြိုးကို အလုပ် သိပ်မလုပ်စေချင်ဘူး။ အေးအေးဆေးဆေး နေစေချင်တယ်။ သမ္မတကြီးကလည်း နေသိပ်ကောင်းတာ မဟုတ်ဘူး။ နေမကောင်းဆို အလုပ်တွေ တအားလုပ်တာကိုး ...။ 

အေးအေးဆေးဆေး နေစေချင်တာ။ သမ္မတကြီးလည်း အလုပ်တွေ ပင်ပန်းပြီး နေမကောင်းဖြစ်တာနဲ့ တူတယ်။ ဒါကြောင့် ကိုကြီးဖြိုးကိုလည်း အလုပ် သိပ်မလုပ်စေချင်ဘူး။ ပင်ပန်းပြီး နေမကောင်းဖြစ်မှာ စိုးလို့ပါ။ 

အခုဆို ကိုကြီးဖြိုးဟာ ရန်ကုန်ကြီး တိုးတက်ဖို့အတွက် နေ့စဉ် မအားရဘူး။ ဟိုလူလာလည်း တွေ့လိုက်၊ ဒီလူလာလည်း တွေ့လိုက်နဲ့ မနားရဘူးပေါ့။ အခုပဲကြည့် ... ရန်ကုန်မှာ မိုးပျံလမ်းတွေ လုပ်ဦးမတဲ့။ ဒါတင် ဘယ်ကဦးမလဲ...။ 

မြေအောက်ရထားတွေလည်း လုပ်မှာတဲ့။ အဲဒီမှာတင် မရပ်သေးဘူး။ ရန်ကုန်ဆိပ်ကမ်းကိုလည်း အဆင့်မြှင့်ဦးမတဲ့။ ပြီးရင် ပင်လယ်ဘက်ကို ရွှေ့ဦးမှာတဲ့။ ဘယ်လောက်ကောင်းတဲ့ စီမံကိန်းတွေလဲ။ အဲ ... ရန်ကုန်ဆိပ်ကမ်းကို အဆင့်မြှင့်ပြီး ပင်လယ်ဘက်ကို ဘယ်လို ရွှေ့မလဲဆိုတာတော့ သိပ်စဉ်းစားလို့ မရဘူးဖြစ်နေတယ်။ ကရိန်းတွေနဲ့မပြီးရွှေ့တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။ ထားပါတော့လေ ...။ 

မြေအောက်ရထားတွေ၊ မိုးပျံလမ်းတွေကိုတော့ သဘောကျသဗျာ ...။ အခု မြေပေါ်ရထားတွေက သိပ်ကောင်းတာ မဟုတ်ဘူး။ အချိန်လည်း မှန်တာမဟုတ်ဘူး။ တစ်ခါတလေ ရထားက အစင်းလိုက် ပျောက်ချင်လည်း ပျောက်တတ်သေးတယ်။ ပြီးတော့ ရထားကြီးတွေက အမြင့်ကြီးတွေ။ ဘူတာပလက်ဖောင်းက နိမ့်နိမ့်လေး။ အဲ့တော့ တက်ရဆင်းရ တယ်ဒုက္ခရောက်တာ။ တချို့ စကပ်နဲ့ မိန်းကလေးတွေ၊ ပတ်ထဘီနဲ့ ကောင်မလေးတွေဆို အောက်စတွေပါလွတ်တာ။ အဲ့ဒါကို မသမာသူ နှာဘူးတွေက ဘူတာမှာ ထိုင်ကြည့်နေကြတယ်ဗျာ...။ စိုပြေလည်း အစကမသိပါဘူး။ ပုဇွန်တောင်ဘူတာမှာ ညနေတိုင်းသွားထိုင်နေတော့မှ သိတာ...။ 

အဲ့တော့ မြေအောက်ရထားတွေ တကယ်ဖြစ်လာရင်တော့ ရှယ်ပဲ...။ ဘယ်လိုရှယ်မလဲတော့ မသိဘူးပေါ့လေ...။ 

အခုဆို YBS တွေကလည်း တစ်နှစ်ပြည့်တော့မယ်။ ကိုကြီးဖြိုးကို အားနာပေမယ့် YBS အကြောင်းတော့ ပြောရဦးမယ်...။ 

စိုပြေဟာ YBS ကို အမြဲစီးတယ်။ ခက်တာက အကြွေမရှိတာပဲ။ ချမ်းသာတာတော့ မဟုတ်ပေမယ့် လက်ထဲမယ် အကြွေကတော်တော်ရှားတယ်။ ဗိုလ်ချုပ်ပုံနဲ့ အကြွေတွေ ထုတ်ပေးမယ်ဆိုရင်တော့ တော်တော် ကောင်းမှာ။ အခုဆို စိုပြေဟာ ကားစီးတိုင်း ကွမ်းဝယ်စားနေရတယ်။ အကြွေရအောင်လို့လေ။ ဒီလိုနဲ့ စိုပြေလည်း ကွမ်းစွဲနေပြီ။ အကြွေမရှိလို့သာ ဝယ်စားနေရတာပဲ။ တကယ်ဆို မှတ်တိုင်တွေမှာ ဘုံဆိုင်လေးတွေ ဖွင့်ပေးသင့်တယ်။ အဲ့တော့မှ ကားစီးခါနီး အကြွေမရှိရင် နှစ်ရာဖိုးလောက် ဝင်မော့လိုက်လို့ရမယ် မဟုတ်လား...။ 

အမေစုကတော့ ကွမ်းယာစားတာကို တိုက်ဖျက်မယ်လို့ ဆိုတာပဲ။ ဒါပေမဲ့ သိတဲ့အတိုင်း စိုပြေ့လို အကြွေမရှိသူများလေတော့ YBS စီးဖို့အတွက် ကွမ်းမစားတတ်သူတွေတောင် ကွမ်းယာတွေ စွဲကုန်ပြီ။ ဒါပေမဲ့ စိုပြေ  အမြဲစီးနေတဲ့ သန်လျင်ကားတွေကတော့ အဆင်ပြေပါတယ်။ ပြေဆို စပယ်ယာတွေ ပါတာကိုး။ အဲ့တော့ အကြွေမရှိတာလည်း မပူရတော့ဘူး။  စပယ်ယာလေးတွေက ကားပေါ်က ငွေပုံးကို ဖွင့်လိုက်။ အကြွေလဲပေးလိုက်နဲ့ အဆင်ကိုပြေလို့။ မထသခေတ်ကလိုပေါ့...။ 

အားနာနာနဲ့ ထပ်ပြောရဦးမယ်။ တချို့ကားတွေ က ည ၇ နာရီလောက်ဆို မရှိတော့ဘူးဗျ။ မှတ်တိုင်မှာ လူတွေကို ပုံလို့။ ကားတွေလည်း ပင်ပန်းတယ် ထင်ပါရဲ့။ စောစောအိပ်ကြတယ်နဲ့ တူတယ်။ ခက်တာက လူတွေပဲ။ ဘာလို့ စောစောမအိပ်ကြလဲ မသိဘူး။ ည ၇ နာရီလောက်ကြီး မှတ်တိုင်မှာ ဘာတွေလုပ်နေကြမှန်းမသိဘူး။ ကိုယ့်ဟာကိုယ် ဒုက္ခရှာပြီး မလာတဲ့ကားကို စောင့်နေတယ်။ စောစောပြန်ကြပေါ့။ ဒါပေမဲ့ မှတ်တိုင်က လူတွေကိုလည်း သိပ်တော့စိတ်မပူပါနဲ့။ ကြားကားတွေက ကူညီကြပါတယ်။ တစ်ယောက်ငါးရာ တစ်ယောက် ငါးရာနဲ့ အော်ပြီးတော့ပေါ့...။ ကြားကားသာ မကယ်လို့ကတော့ အားအားယားယား အပြင်ထွက်သူတွေ လမ်းဘေးအိပ်ရမှာ။ လမ်းဘေးမှာ မအိပ်ချင်ရင်တော့ လွယ်ပါတယ်။ ဘီယာဘူးခွံလေးကိုင်ပြီး လမ်းဘေးမှာ ထိုင်နေလိုက်။ ရဲလာဖမ်းသွားလိမ့်မယ်။ အရက်သမားတွေကို ဖမ်းနေတာကိုး။ ငါးဆယ်တန်လေးတော့ဆောင်ထား။ ဒဏ်ငွေငါးဆယ်နဲ့ အချုပ်ခန်းမှာ လုံလုံခြုံခြုံ တစ်ညအိပ်ရမယ်။ အဲ့ထက်များ ကံကောင်းရင်တော့ အင်းစိန် မှာ ၇ ရက် နေစားငြိမ်းနဲ့ အပန်းဖြေရဦးမယ် ...။ 

YBS လည်း တချို့နေရာတွေ အဆင်မပြေဘူးဆိုပေမယ့် စိုပြေကတော့ စပယ်ယာလေးနဲ့ အဆင်ပြေပါတယ်။ မိုးချုပ်ရင်တော့ မစီးနဲ့ပေါ့လေ။ 

ဘာပဲဖြစ်ဖြစ် မြေအောက်ရထားလေးတော့ သဘောကျသဗျာ။ အင်္ဂလန်လို ကျွန်းနိုင်ငံလေးမှာတောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ဆယ်လောက်ကတည်းက မြေအောက်ရထား ရှိနေပြီတဲ့။ ဒီတော့ မြန်မာပြည်မှာလည်း ရှိသင့်ပြီပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကိုကြီးဖြိုးရဲ့ တွဲဖက် မြို့တော်ဝန်ကလည်း ကိုကြီးဖြိုးလိုပဲဗျာ။ ဟိုတစ်လောက ပြောသေးတယ်။ 

မြေအောက်မြို့တော်ကြီးလုပ်မလို့တဲ့ ...။ လျှပ်စစ်မီး လက်ထဲ မရောက်သေးလို့ ဆိုလားပဲ။ 

ဘယ်လောက် ကောင်းလိုက်သလဲ။ မြေအောက်မြို့မှာ မြေအောက်ရထားနဲ့ ...။ အတိုင်အဖောက်ကလည်း ညီလို့ ...။ 

အရင် အဘတွေခေတ်က ဝန်ကြီးတွေကျနေတာပဲ ...။ ရယ်စရာတွေ သိပ်ပြောတတ်တာ။ ရယ်စရာ ပြောတတ်တယ်ဆိုလို့ လှောင်တာ မဟုတ်ဘူးနော်။ ပြည်သူတွေ စိတ်ချမ်းသာပြီး ရယ်ကြတာကို ပြောတာ။ မိုးပျံလမ်း၊ မြေအောက်ရထား၊ မြေအောက် မြို့တော်တွေဆိုတာ ပြည်သူတွေ သိပ်ကြားဖူးတာ မဟုတ်ဘူး။ အခုလို ကြားရတော့ နှလုံးပီတိ ဂွမ်းဆီထိပြီး စိတ်ချမ်းသာလို့ ရယ်ကြတာ ...။ 

တစ်နှစ်တုန်းကလည်း ဧရာဝတီ ဝန်ကြီးချုပ်ကလည်း မိုးပျံလမ်း လုပ်မယ်လို့ ပြောဖူးသဗျ။ ကိုကြီးဖြိုးရဲ့ မိုးပျံလမ်းနဲ့ ဧရာဝတီက မိုးပျံလမ်းနဲ့ ချိတ်ဆက်လို့ကတော့ ...။ ကမ္ဘာ့အရှည်ဆုံး မိုးပျံလမ်းတွေတောင် ဖြစ်ကုန်မလား မသိဘူး။ 

ဘာပဲဖြစ်ဖြစ် အဲ့လိုမျိုး ကိုကြီးဖြိုးတို့တစ်သိုက် ကြိုးစားနေတာ မြင်ရတာ တော်တော် ဝမ်းသာတယ်။ အိမ်မှာ မီးပျက်နေလို့ ခြင်ရိုက်ပြီး စာရေးနေရတာတောင် မေ့သွားတယ်။ ဆန်ဈေး တက်တာ၊ ဆီဈေးတွေ တက်တာ၊ ဓာတ်ဆီဈေး တက်တာ၊ မီတာခတက်မှာတွေတောင် သတိမရတော့ဘူး။ အနာဂတ် မြန်မာပြည်ကြီးမှာ မိုးပျံလမ်းတွေ၊ မြေအောက်ရထားတွေသွားနေတဲ့ မြေအောက်မြို့တော်တွေကို မြင်ယောင်ပြီး ပျော်နေမိတယ်ဗျာ။ 

တစ်ဆက်တည်းမှာ ရန်ကုန်မြို့က မြေကြွက်ကြီးတွေအတွက်လည်း စိုးရိမ်မိတယ်။ သူတို့ကို မြေအောက်ရထားကြီးက တိုက်မိကုန်တော့မှာပဲ။ မြေကြွက်ကြီးတွေ သနားစရာ။ ကိုကြီးဖြိုးကို တစ်ခုတော့ တောင်းဆိုချင်သဗျာ...။ အဲ့လို မြေအောက်ရထားလုပ်မယ်ဆိုရင် ရန်ကုန်မြို့က  မြေကြွက်ကြီးတွေကိုတော့ အရင်ဆုံး နေရာရွှေ့ပေးသင့်တယ်။ နို့မို့ဆို မြေကြွက်တွေ ဒုက္ခရောက်မှာ။ နေရာရွှေ့မပေးဘူးဆိုရင်တော့...။ စိုပြေက ကန့်ကွက်မှာပဲ။ Save the Rat ကမ်ပိန်းလုပ်ပစ်လိုက်မှာဗျ။ ကြွက်တွေကို နေရာရွှေ့မယ်ဆိုရင်တော့ စိုပြေ့ကို ကန်ထရိုက်ပေး။ 

သန်လျင်ဘက်က လယ်ကွင်းတွေမှာ သွားလွှတ်မလို့။ ပြီးရင် အဲ့ကြွက်တွေကို ရိုက်သတ်မယ်။ ပြီးရင် လယ်ကြွက်ကြော်ဆိုပြီး ရန်ကုန်က လာတဲ့လူတွေကို ရောင်းမယ်ဗျာ။ ပြောသာပြောတာပါ။ တကယ်တော့လည်း ကိုကြီးဖြိုးကို အပူကပ်ပြီး ပြောနေပေမယ့်...။ ကိုကြီးဖြိုးကို အေးဆေးနေစေချင်ပြီ။ ရန်ကုန်အတွက် ဒီလောက် လုပ်ပေးနေတာနဲ့တင် လုံလောက်ပါပြီ။ 

ဒီတော့ ကိုကြီးဖြိုးရယ် ဘာမှ မလုပ်ပါနဲ့တော့ ...။ အရင်လိုပဲ ပွဲလေးတက်လိုက်။ ဖဲကြိုးလေး ဖြတ်လိုက် ...။ စက်ခလုတ်လေး နှိပ်လိုက်ပဲ လုပ်ပါနော် ...။ နေမကောင်းဖြစ်မှာ စိုးရိမ်လို့ပါ။ 

စိုပြေ 

  • VIA