News

POST TYPE

SATIRE

မောင်ဗြိနှင့် ခရမ်းချဉ်သီး သုံးဆယ်သား
26-Nov-2017

“ကိုဗြိရေ ... ညက ဆင်မင်းဈေးထိပ်က ဆိုက်ကား ဂိတ်မှာ ကိုမျိုးလင်းကြီးတော့ အတိုတွေနဲ့ မိသွားပြီ”

“ဟေ ... ဘယ်လိုဖြစ်တာလဲကွာ ... ကိုမျိုးလင်း ကြီးက လူအေးကြီးပါ ... လက်နက်မှောင်ခိုလုပ်တယ် ဘာညာလည်း မကြားမိပါဘူး”

“ဟာ ... ကိုဗြိကလည်း ... ဒီမှာ ရန်ကုန်ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်မှာတောင် သူ့ပုံကြီးပါလာသေးတယ်”

အလိုလေး ...ဟုတ်ပ။

ကျွန်တော်တို့ရဲ့ ကိုမျိုးလင်းကြီးမှာ အက်ဒမန် ဂိုးလ်ဘီယာဘူး အနီလေးနှစ်ဘူး ရှေ့ချပြီး မျက်နှာငယ်လေးနှင့်။

အင်း ... မျက်လုံးတွေကို ဖျက်ပေးထားပေလို့။ နို့မဟုတ်လျှင် သူ့ရဲ့မျက်လုံးလေး ကလယ်ကလယ်လေးက ပိုသနားဖို့ ကောင်းနေလိမ့်မည်။

အခုတစ်လော ဒီအတို အရှည်တွေကို ရဲတပ်ဖွဲ့က ဖိဖိစီးစီး လိုက်ဖမ်းနေသည်ကို မြင်နေကြားနေရ သည်။ အထူးသဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဘီယာဘူးတို၊ ဘီယာဘူးရှည်လေးများ၊ အရက် ပုလင်းများဖြင့် တွဲရိုက်ခံရသော ကိုယ့်လို ဘဝတူ ယမကာ ချစ်သူများကို တွေ့ရတော့ စိတ်ထဲမကောင်း။

လူအများ သွားလာနေသည့် ဧရိယာတွင် သောက်သဖြင့် သူတို့ကို ဖမ်းဆီး အရေးယူရခြင်း ဖြစ်သည်ကိုတော့ ကျွန်တော် သိပါသည်။ နိုင်ငံတကာမှာလည်း လူများ သွားလာလှုပ်ရှားနေသည့် ဧရိယာတွင် ဒီလို အရက်၊ ဘီယာကို ပေါ်ပေါ်တင်တင် သောက်စားလို့ မရသည့် ဥပဒေတွေရှိတာ ဖတ်ဖူးသည်။ သို့သော် ဒီမှာတော့ ဘယ်လိုကြောင့် သူတို့ကို ဓာတ်ပုံနှင့်တကွ ဖေ့စ်ဘွတ်ခ်ပေါ် တင်နေသည်လဲတော့ စဉ်းစားမရ။

ဥပဒေအဖြစ် တိတိပပ မကြေညာထားသဖြင့် မသိလို့ လမ်းဘေး ထိုင်သောက်နေသူတွေလည်း ရှိကောင်း ရှိမည်။ တချို့ လူငယ်လေးများဆိုလျှင် ဖေ့စ်ဘွတ်ခ်ပေါ်မှ ဒီဓာတ်ပုံကြောင့် အလုပ်ထဲမှာဖြစ်ဖြစ်၊ မိသားစုထဲမှာဖြစ်ဖြစ်၊ အချစ်ရေးမှာပဲဖြစ်ဖြစ် ဆုံးရှုံးမှုတွေ ရှိကောင်း ရှိမည်။

နောင်မသောက်ရဲအောင် ဟူသော အကြောင်းပြချက်တစ်ခုက သူတို့လေးတွေ၏ ဘဝထဲ တစ်ခုခု အစွန်းအထင်း ဖြစ်မည်နှင့် တန်ပါရဲ့လားဟု တွေးတော စရာ။ တကယ်ဆို ပထမတစ်ခါ ပညာပေးလွှတ်၊ မှတ်တမ်းတင်ထား။ ပြောမရ ဆိုမရ ဒုတိယတစ်ခါကျမှ လူသိရှင်ကြား ပုံတင်တာမျိုးတွေ လုပ်သင့်သည်။

ကျွန်တော်က အရက်သောက်တတ်သူမို့ အရက် သောက်သူတို့ဘက်က ရှေ့နေလိုက်သည်ဟု ဆိုလျှင်လည်း ခံရုံသာ။

တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း လူပျို လူလွတ်ဘဝက လှည်းတန်းခုံးတံတားအောက်၊ မြို့ထဲ တစ်ဝိုက်တို့မှာ သူငယ်ချင်း ကဗျာဆရာတွေနဲ့ လမ်းဘေး ထိုင်သောက်ခဲ့ဖူးသည်။

အဲ ... အိမ်ထောင်ရှင် ဖြစ်တော့ရော။

တစ်ခါက ဘီယာဘူးနိုင်ငံရေး ဆိုသည့် သရော်စာတွင် ကျွန်တော် ထည့်ရေးဖူးပါသည်။

ကျွန်တော်တို့ အိမ်ရှင်ထီးများသည် ဈေးထိပ်ရှိ စီတီးအိတ်စပရက်စ် စတိုးဆိုင်လေးထဲတွင် ဘီယာဘူးလေးဝယ်၊ ပြီးလျှင် ဆိုင်ရှေ့တွေ ခဏထိုင်ပြီး အိမ်သူ အလစ် ဘီယာပလစ်တတ်ကြသည်။

တကယ်တမ်းက အချိန်ကလည်းမရ။ အိမ်ရှင်ထီးများဆုံတုန်း ဒီတိုင်းလည်း ရပ်စကား မပြောချင်။ လက်ဖက်ရည်ကလည်း မကြိုက်တတ်။ ဘီယာဆိုင်ထိုင်ဖို့ကလည်း တစ်ဘူး၊ နှစ်ဘူးလောက်နှင့် အဆင်မပြေ။ အပြင်ဆိုင်မှ ဝယ်သောက်လျှင် ဘီယာသုံးဘူးနှင့် မြေပဲလေးတစ်ထုပ်မှ သုံးထောင်လောက် ကျမည့်ကိစ္စကို ဘီယာဆိုင်တွင်မူ သောင်းချီ ရှင်းရတတ်သည်။

ဒီလိုနှင့် စီးတီးအိတ်စပရက် စတိုးဆိုင်ရှေ့တွင် အိတ်အနက် စွပ်ထားသည့် ဘီယာဘူးလေးများ ကိုယ်စီကိုင်ကာ နိုင်ငံတော်အရေး၊ ကမ္ဘာ့စစ်ရေး အခြေအနေ၊ စီးပွားရေး ဈေးကွက်တို့ ဆွေးနွေးသည့် ကျွန်တော်တို့ အိမ်ရှင်ထီးများ၏ နာရီဝက် စကားဝိုင်းလေးများ ဖြစ် ဖြစ်လာရခြင်းပင်။

ကျွန်တော်တို့နိုင်ငံတွင် ဘယ်နေရာ၊ ဘယ်မြို့နယ် ရောက်ရောက် ဓမ္မာရုံမရှိသည့်ရပ်ကွက်သာ ရှိချင်ရှိမည်။ ဘီယာဆိုင် မရှိသည့်ရပ်ကွက်တော့ မရှိ။ ဒီလောက် ဘီယာဆိုင်တွေ ပေါပါလျက်နှင့် ဘာကြောင့် လမ်းဘေး သောက်ကြသနည်း။

ခုနေပြောပြသလို ဘီယာဆိုင်တွေဆိုတာက သွားထိုင်မိပြီဆိုလျှင် တစ်ယောက် တစ်သောင်းတော့ အနည်းဆုံး ကုန်ကြသည်ချည်း။ ဒီတော့ တချို့က အလုပ်ကအပြန် အိမ်မရောက်ခင်လေးမှာ စားကောင်း သောက်ကောင်း နှစ်ဘူးလောက် ဝင်တွယ်သွားတတ်တာမျိုး။ တချို့လည်း လွတ်လွတ်လပ်လပ်ဖြင့် ပန်းခြံတို့၊ ကန်ဘောင်တို့တွင် သွားသောက်ရသည်ကို ကြိုက်ကြသည်ကိုး။

သို့ပေမယ့်လည်း လူအများနှင့် ပတ်သက်သည့် ဧရိယာများဆိုတော့ ဥပဒေနှင့် လူ့ကျင့်ဝတ်ကိုလည်း မျက်ကွယ်ပြုထားလို့မရ။

ကိုင်း ... ဘာပဲဖြစ်ဖြစ် ... ဆိုက်ကားဂိတ်တွင် ဘီယာဘူးလေး ကိုင်ရင်း ပါဆင်ဂျာ မျှော်တတ်သော ကိုမျိုးလင်းကြီးတစ်ယောက်တော့ လောလောဆယ် အတိုနှစ်ဘူးနှင့် ဖေ့စ်ဘွတ်ခ်ပေါ် ရောက်သွားရပေပြီ။

ကျွန်တော်တို့ ရပ်ကွက်ထဲတွင်လည်း ဘီယာဆိုင်လည်း မထိုင်နိုင်၊ အိမ်က မိန်းမကိုလည်း မပိုင်သဖြင့် လစ်ရင် လစ်သလို လမ်းဘေး ထွက်သောက်ရသော သန်းမြိုင်တို့၊ ကုလားပိန်တို့လို ငတိတွေ ရှိသည်။

ထုံးစံအတိုင်း သူတို့က ကျွန်တော့်ဆီ ရောက်လာကြသည်။

“ကိုဗြိ ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ ... ဖေ့စ်ဘွတ်ခ်မှာ ဓာတ်ပုံပါလာရင်တော့ ယောက္ခမက အိမ်က နှင်ချမှာဗျ”

“ဟ ... ဒါဆိုလည်း ဘီယာဆိုင် သွားထိုင်သောက် ... မဟုတ်ရင် ကိုယ့်အိမ် ကိုယ်သောက်ပေါ့”

“ဟာ ... အိမ်မှာက ပိုက်ဆံတော့ အကုန်ပြန် မအပ်ဘဲ ... ဘီယာသောက်တယ်ဆိုတာ သိသွားမှာပေါ့ဗျာ ... အမယ်လေး ... အက်ဒမန်ဂိုးအနီလေးနဲ့တော့ ဝေးပါပြီ”

ကုလားပိန်က အသံတိုလေးနှင့် ညည်းသည်။

သန်းမြိုင်ကမူ အံကိုကြိတ်လျက် ယခုလို ကောက်ချက်ဆွဲသည်။

“ကိုဗြိ အခုလိုဖြစ်တာ ဟိုကောင်တွေ စနက်ပဲဗျ”

“ဟေ ... ဘယ်သူ့ စနက်တုံး”

“မြန်မာဗီဒီယိုကားတွေထဲက ကောင်တွေလေဗျာ ... မြန်မာကားတွေထဲမှာ ဒီလိုပဲ လမ်းဘေးမှာဖြစ်ဖြစ်၊ ထန်းတောထဲမှာဖြစ်ဖြစ် အရက်သောက်လာပြီးရင် ဖြတ်သွားဖြတ်လာ ကောင်မလေးတွေကို လိုက် ဆွဲတာတို့၊ လိုက်နှောင့်ယှက်တာတို့ လုပ်တယ်လေ ... ဒီကောင်တွေ ဒီလိုရိုက်ပြတော့ ရဲတွေကလည်း ဒီလို တကယ်ဖြစ်မှာပဲလို့ထင်ပြီး လိုက်ဖမ်းတာ ဖြစ်မယ်”

ဟုတ်သည်။ မဟုတ်သည် အပထား။ ဒီကောင် နှစ်ကောင်ကို အကြံတစ်ခုခုပေးမှ နှစ်ကောင်လုံး အိမ်ပေါ်က ကြွကြမည်ဖြစ်၏။ မကြွလို့ကလည်း မဖြစ်။ ညနေကလည်း စောင်းလာပြီ။ ဖေ့စ်ဘွတ်ခ်ပေါ် ပါမည်စိုးသဖြင့် အိမ်သူကလည်း ကျွန်တော့်ကို သောက်ချင်လျှင် အိမ်မှာသောက်ဖို့ ခွင့်ပြုထားသည်ကိုး။

“ငါအကြံတစ်ခု ရပြီကွ ... မင်းတို့ လမ်းဘေး ကျူးကျော်ဆိုင်တွေကို စည်ပင်က လိုက်ဖမ်းတာ သိတယ် မဟုတ်လား”

“ဟုတ် ... သိတယ် ... ကိုဗြိ”

“အေး ... အဲ့ဒီတော့ ဈေးသည်တွေ ဘာလုပ်လဲ။ သူတို့ဆိုင်ကို လိုက်ထရပ်ကားတို့၊ ခွေးဘီလူးကားတို့ပေါ်မှာ တင်ဖွင့်ပြီး လမ်းဘေး ထိုးလိုက်တယ်။ ကားပါကင်ကြေး ပေးလိုက်တယ်။ စည်ပင်က ဘာပြောမလဲ...”

“အဲ့ဒီတော့ ... ဘာဖြစ်လဲ ... ကိုဗြိ”

“အဲ့ဒီတော့ ဘာဖြစ်ရမလဲ ... မင်းတို့လည်း ကိုယ့်လို လမ်းဘေး သောက်ရတာ ကြိုက်တဲ့လူ ဆယ်ယောက်လောက်စုလိုက် ... ပြီးရင် ညနေပိုင်း သိမ်းလာတဲ့ လိုက်ထရပ်ကား တစ်စီးစီးကို ပိုင်ရှင်နဲ့ညှိပြီး အဲ့ဒီပေါ် တက် သောက်ကြပေါ့ကွ ... ကားကလည်း ရပ်ထားရတာဆိုတော့ ကားခကလည်း ဆယ်ယောက်စုရင် ဘာမှပေးရမှာ မဟုတ်ဘူး ... မဟုတ်ဘူးလား”

“ဟာဗျာ ... ခင်ဗျားကို ဆရာတင်မိမှပဲ ... ကား ငှားပြီးတောင် ဘီယာသောက်ရမယ့်အပေါက် ဖြစ်နေပြီ ... သွားမယ်ဗျာ ... သွားမယ်”

ဒီကောင်နှစ်ကောင် ဆင်းသွားပြီးမှ ကျွန်တော်လည်း သက်ပြင်းချနိုင်တော့၏။

မကြာမီ မိန်းမကလည်း ဈေးက ပြန်လာတော့မည်။ ဒီညနေ အမြည်းကို ခရမ်းချဉ်သီး အစိမ်းသုပ်ကလေး လုပ်ပေးမည်တဲ့။

အိမ်း ... ဘာပဲဖြစ်ဖြစ် ရဲတပ်ဖွဲ့၏ ဘီယာစစ်ဆင်ရေး ကောင်းမှုဖြင့် ကျွန်တော့်အတွက် အိမ်မှာသောက်ဖို့ အဆင်ပြေသွားသပေါ့။ ဒါကလည်း အခုနောက်ပိုင်း အစိုးရက တရားဥပဒေ စိုးမိုးရေးကို တော်တော် ကိုင်တွယ်လာခြင်းကြောင့်ဖြစ်မည်ဟု ကျွန်တော် တွေးမိသည်။

မနက်ကတောင် အဂတိ လိုက်စားမှု ကော်မရှင်တွင် လူသစ်များ ခန့်အပ်လိုက်သည့်သတင်းနှင့် ဝန်ကြီးဌာန နှစ်ခုတိုးပြီး ဝန်ကြီးအသစ်တွေ ခန့်သည့်သတင်း ဖတ်လိုက်ရသေးသည်။

အသစ် ထပ်တိုးခန့်သည့် အစိုးရလူကြီးမင်း အသစ်များက ...

အတွေးများမှ မဆုံးသေးခင် မိန်းမက ဈေးက ပြန်ရောက်လာသည်။ ဈေးဗန်းကိုချပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်သည်။

“အောင်မယ်လေး ယောကျာ်းရယ် ... မောလိုက်တာ ... ခရမ်းချဉ်သီး အစိမ်းက အစိတ်သား လေးရာတဲ့။ အဲ့ဒါနဲ့ အစိတ်သား ဝယ်တာကို ဈေးသည်က ငါးရာပဲ ပေးပါဆိုပြီး ... အတင်း သုံးဆယ်သား ထည့်ပေးနေတယ် ... တကယ်က မတတ်သာလို့သာ ဝယ်ရတာ ... အစိတ်သားတောင် များလှပါပြီဟာကို ... သူ့ဆိုင်မှာသာ ကြာ ကြာနေရင် အစိတ်သားကနေ ငါးဆယ်သားဖြစ်တော့မယ် ... ဟင်း”

အိမ်သူလေဒီ၏ ညည်းသံ၊ ညူသံများကြောင့် အစိုးရက ထပ်ခန့်သည့် လူကြီးများအကြောင်း အတွေး ကောင်းနေသော ကျွန်တော့်မှာ ခရမ်းချဉ်သီးအစိမ်း အစိတ်သားမှ သုံးဆယ်သား ဖြစ်လာသည့် ကိစ္စကိုသာ ဆက်တွေးရင်း ... မချိပြုံးလေး ပြုံးပြလိုက်ရလေတော့သတည်း။

ဗြိတိသျှကိုကိုမောင်

  • VIA