News

POST TYPE

SATIRE

ဘာပုံနဲ့ ပိုက်ဆံထုတ်မလဲ
19-Nov-2017

သင်ဆိုရင်ရော ဘယ်သူ့ပုံနဲ့ ငွေစက္ကူ ထုတ်ချင်သလဲ...။  

ဒါက တကယ်ကို အငြင်းပွားဖွယ် ကိစ္စတစ်ခုပဲ။ လူတော်တော်များများကတော့ ကိုယ်ချစ်ခင်တဲ့ လူရဲ့ပုံကို ငွေစက္ကူအဖြစ် မြင်တွေ့ချင်ကြမှာပေါ့။ ဒါမှလည်း နေ့စဉ်ဘဝမှာ အမြဲမြင်ရမှာလေ...။  

စိုပြေကတော့ ရှင်းပါတယ်။ စိုပြေ ချစ်ခင်သူရဲ့ပုံကိုပဲ ငွေစက္ကူအဖြစ် မြင်တွေ့ချင်တာပေါ့ ....။ 

တစ်နေ့က လွှတ်တော်မှာ မဲခွဲတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ငွေစက္ကူတွေ ထုတ်ဖို့ကိစ္စ။ မဲက နိုင်ပါတယ်။ ဗိုလ်ချုပ်ပုံတွေနဲ့ ပိုက်ဆံတွေ ထုတ်မယ်။ ဒါပေမဲ့ ကန့်ကွက်သူတွေကလည်း မနည်းဘူး။ စစ်တပ်ကလူတွေ၊ ကြံ့ခိုင်ရေးက လူတွေကတော့ ကန့်ကွက်ကြသတဲ့။ 

အကြောင်းပြချက်ကတော့ အများကြီးပေါ့လေ။ ငွေစက္ကူ အသစ်ထပ်ရိုက်ရင် ငွေတွေ ကုန်မယ်။ ဘာညာပေါ့လေ။ တကယ်တော့ အခု အာဏာရပါတီက NLD ။ သူတို့ကလည်း သိတဲ့အတိုင်း ရွေးကောက်ပွဲတောက်လျှောက်။ စစ်အစိုးရခေတ်တောက်လျှောက်။ ဗိုလ်ချုပ်ကို ရှေ့တန်းတင်ခဲ့တာ...။ 

ဗိုလ်ချုပ်အောင်ဆန်းဟာ NLD ပါတီဝင်လားလို့ မေးရလောက်အောင် ဗိုလ်ချုပ်နဲ့ NLD ဟာ တစ်စက်လေးမှ ခွဲမရခဲ့ဘူး...။ 

ခွဲမရဆို NLD ကို ဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်သမီးကိုး ...။ 

ဒီလို နေရာတကာမှာ ဗိုလ်ချုပ်။ 

စကားပြောလည်း ဗိုလ်ချုပ်။ 

အိပ်လည်း ဗိုလ်ချုပ် ...။ 

ဒီလိုနဲ့ NLD လည်း ရွေးကောက်ပွဲနိုင်ပါလေရော။ 

အခုဆို NLD အစိုးရဖြစ်ပြီ။ ဒါပေမဲ့ ဗိုလ်ချုပ်ကို ဘယ်လို ကျေးဇူးဆပ်ရမှန်း မသိသေးဘူး။ အမြဲတမ်း ဗိုလ်ချုပ်နဲ့ ဒွန်တွဲခဲ့တဲ့ NLD ဟာ အာဏာရတော့ ဗိုလ်ချုပ်ကို သိပ်ကျေးဇူးတင်တာ။ 

ခုနပြောသလိုပဲ ဗိုလ်ချုပ် ကျေးဇူးဆပ်ချင်ပေမယ့် အခွင့်က မသာခဲ့ဖူးလေ။ ဗိုလ်ချုပ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ရော မဲဆွယ်တဲ့အနေနဲ့ရော ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ပေမယ့် မင်းသားက ဝ လာလို့ ဆိုလားပဲ ရုပ်ရှင်ပဲ မရိုက်ဖြစ်တော့ပြန်ဘူး။ ဒါပေမဲ့ အခုတော့ အခွင့်ရပြီ။ ဗိုလ်ချုပ်ကို အမြဲမြင်ရဖို့ ...။ 

ဗိုလ်ချုပ်ကို လူတွေ အမှတ်ရစေဖို့ နည်းလမ်း တွေ့သွားပြီ။ နည်းလမ်း အသစ်တော့ မဟုတ်ပါဘူး ...။ 

အရင်ခေတ်က အာဏာရှင်တွေ၊ နိုင်ငံရေးသမားတွေ လုပ်ခဲ့တဲ့နည်းအတိုင်း။ ဗိုလ်ချုပ်ကို ရှေ့တန်း တင်ပြီး ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူ ထုတ်ဖို့ပေါ့။ ဟိုးအရင် အာဏာရှင်တွေ နိုင်ငံရေးသမားတွေလည်း ဒီနည်းလမ်းကို သုံးခဲ့ပြီးပြီ။ 

ဗိုလ်ချုပ်ဟာ ကွန်မြူနစ်အတွေးနဲ့ဆို ဖောက်ပြန်ရေးသမားပေမယ့် နိုင်ငံနဲ့ လူမျိုးအတွက်တော့ ကျေးဇူးရှင်ပဲ။ အင်္ဂလိပ်ဆီက လွတ်လပ်ရေးတောင်းတာ ဗိုလ်ချုပ်တစ်ယောက်တည်း မဟုတ်ပေမယ့် အားလုံးက ဗိုလ်ချုပ်ကိုပဲ အမှတ်ရကြတယ်။ 

ခေတ်အဆက်ဆက် နိုင်ငံရေးသမားတွေ၊ အာဏာ ရှင်တွေဟာလည်း ဗိုလ်ချုပ်ကို ဗန်းပြခဲ့တယ်။ ဗိုလ်ချုပ် ထောက်ခံတဲ့ပါတီ မဲနိုင်တယ် ...။ 

ဒါကြောင့် အရင်ခေတ်က ပိုက်ဆံအားလုံး နီးပါးဟာ ဗိုလ်ချုပ်ပုံတွေချည်းပဲ ...။ ဗိုလ်ချုပ်ကို ရှေ့တန်းမှာတင်ပြီး ဗိုလ်ချုပ်ဂုဏ်ပုဒ်တွေ ဖော်ပြ။ ဗိုလ်ချုပ်ကို အမွှမ်းတင် ...။ 

ကြာတော့ နှောင်းလူတွေ စိတ်ထဲမှာ ဗိုလ်ချုပ် ကို သာမန်လူလို့တောင် မထင်တော့ဘူး။ တကယ့် ဆူပါဟီးရိုးကြီးလို့ ထင်နေကြရော ...။ 

အဲ့တော့ ဗိုလ်ချုပ်ပါရင် အရာရာ အောင်မြင်တဲ့ခေတ်ကို ရောက်တော့တာပေါ့...။ 

ဗမာတွေကသာ ဗိုလ်ချုပ်ကို အထင်ကြီး လေးစားနေကြတာ ...။ တိုင်းရင်းသားအချို့ကျတော့ ဗိုလ်ချုပ်ကို သိပ်ကြည်တာ မဟုတ်ဘူး။ အချို့ဆို ဗိုလ်ချုပ်ကို ဆဲဆိုနေကြတာ ...။  ဘာကြောင့်မှန်းတော့ မသိပါဘူး။ 

သူတို့ ဒေသတွေကို ညာယူသွားလို့ဆိုလား ...။ ဘာလားပဲ ...။ 

အဲ့တော့ ဗိုလ်ချုပ်ကို ချစ်သူတွေ အများကြီးပဲ။ ဗမာဒေသက ပြည်သူတွေ တော်တော်များများ ဗိုလ်ချုပ်ကို ချစ်တယ်။ ဗိုလ်ချုပ်ကြောင့် မဲနိုင်သူတွေကလည်း ဗိုလ်ချုပ်ကို ချစ်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကို မချစ်တဲ့ ဗမာတွေလည်း ရှိတာပဲ။ အဲ့ဒါက ဗိုလ်ချုပ်ကြောင့် မဲရှုံးခဲ့သူတွေပေါ့။ ဒီလူတွေကတော့ ဗိုလ်ချုပ်ကို မချစ်ဘူး။ 

ဒါကြောင့် ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူ ထုတ်မှာကို ကန့်ကွက်ကြတာပေါ့။ 

သူတို့ကတော့ ဘယ်သူ့ကို ချစ်လဲ ...။ သူတို့ ချစ်တာကတော့ သူတို့ ဒီလိုဖြစ်အောင် လုပ်ပေးခဲ့တဲ့လူကို ချစ်မှာပေါ့။ အသင်းကနေ ပါတီ။ တိုက်ပွဲကြားမှသည် အဲ့ယားကွန်း လွှတ်တော်ဆီကို ပို့ပေးခဲ့သူ ....။ 

ဘဘကြီးကို ချစ်မှာပေါ့။ 

နောက်တစ်ချိန် သူတို့သာ အာဏာပြန်ရရင် ဘဘကြီးပုံနဲ့ ငွေစက္ကူထုတ်ချင် ထုတ်လောက်တယ်။ ပြောမရဘူး ...။ 

အဲ့အချိန်ကျရင်တော့ တိုင်းရင်းသားတွေကလည်း သူတို့ခေါင်းဆောင်တွေပုံနဲ့ ငွေစက္ကူ ထုတ်ပေးဖို့တောင်းဆိုကြမှာပဲ ...။ 

ငွေအမျိုးပေါင်း ၁၃၅ မျိုးတောင် ဖြစ်ချင်ဖြစ်မှာ ...။ တန်းတူ အခွင့်အရေးတော့ ပေးသင့်တာပဲလေ ...။ အဲ့လို လူပုံနဲ့ ထုတ်မယ်ဆိုရင် လူတွေ များသွားမှာ ဆိုရင်တော့ အခုလို တိရစ္ဆာန်ပုံပဲထားပေါ့။ 

ဒါပေမဲ့ အခု တိရစ္ဆာန်ပုံက ခြင်္သေ့ပုံဖြစ်နေတာ။ ခြင်္သေ့ပုံက ကြံ့ခိုင်ရေးပါတီရဲ့ လိုဂိုမဟုတ်လား ...။ 

ဒါဆိုရင် နောက်တစ်ခါ ထုတ်မယ့်ပိုက်ဆံမှာ ဒေါင်းပုံလေးလည်း ထည့်သင့်တယ်။ မြန်မာပြည်က ပါတီတွေကလည်း တိရစ္ဆာန်တွေကို လိုဂိုတင်ထားတာ မဟုတ်လား ...။ 

မွန်ဘက်ကပါတီတွေ အာဏာရရင် ဟင်္သာပုံလေးနဲ့ ပိုက်ဆံထုတ် ...။ ရှမ်းပါတီ အနိုင်ရရင် ကျားပုံလေးနဲ့ ပိုက်ဆံထုတ် ...။ ချင်းပါတီနိုင်ရင် အောက်ချင်းငှက်နဲ့ပိုက်ဆံထုတ် ...။ ရခိုင်တွေနိုင်ရင်လည်း ဗျာလ ဆိုတဲ့ အကောင်ပုံနဲ့ ပိုက်ဆံထုတ်ပေါ့ ...။ 

ဒီကြားထဲမှာ စိုပြေဟာ ကံမကောင်း အကြောင်းမလှဖြစ်ပြီး အာဏာရသွားရင်တော့ ပြဿနာပဲ ...။ ဘာလို့တုံးဆိုတော့ စိုပြေကလည်း စိုပြေချစ်တဲ့ လူတွေပုံနဲ့ ငွေစက္ကူ ထုတ်ချင်တာကိုး ....။ 

စိုပြေက အာဏာရှင်ဆိုတော့ ကိစ္စမရှိဘူး ...။ 

အဲ့တော့ စိုပြေ့ကြောင်လေး ဝူမီးညှောင့် ပုံနဲ့လည်း ပိုက်ဆံ ထုတ်မယ်။ အမေ့ပုံနဲ့လည်း ပိုက်ဆံထုတ်မယ်။ မိန်းမပုံနဲ့လည်း ပိုက်ဆံထုတ်မယ်။ မန်ယူအသင်းပုံနဲ့လည်း ပိုက်ဆံထုတ်မယ်။ 

ဒါတင်မကသေးဘူး။ စိုပြေ သဘောကျတဲ့ မော်ဒယ်လ်မလေးတွေ ပုံနဲ့လည်း ပိုက်ဆံထုတ်မယ်။ ဝတ်လစ်စားလစ် မော်ဒယ်လ်ပုံလေးတွေကို ပိုက်ဆံမှာ မြင်ရရင် ဘယ်လောက် ပျော်စရာကောင်းမလဲ ...။ 

အချို့ဆို အဲ့ပိုက်ဆံကို သုံးမယ်တောင် မထင်ဘူး ...။ ပိုက်ဆံနဲ့မတူပဲ ဖဲချပ်နဲ့ တူနေရင်တော့ မတတ်နိုင်ဘူးလေ ...။ တကယ်တော့ စိုပြေ နောက်တာပါ ...။ စိုပြေသာ အာဏာရကြည့် ...။ အခု ပိုက်ဆံတွေ အကုန် ဖျက်ပစ်မယ် ...။ 

ဘယ့်နှယ် ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်ပြီး ဘုရားပုံနဲ့ ပိုက်ဆံထုတ်ဖို့ ဘယ်သူမှ မစဉ်းစားကြဘူး ...။ စိုပြေ သာ အာဏာရရင် ဗုဒ္ဓဘာသာ တိုင်းပြည်ဖြစ်တဲ့အတွက် ဘုရားပုံ အမျိုးမျိုးနဲ့ ထုတ်မယ်။ ဘယ်လောက်ကြည်နူးဖို့ ကောင်းလိုက်မလဲ ...။ 

စိုပြေ

  • VIA