News

POST TYPE

SATIRE

မရမ်းခြံဆိပ်ကမ်းတွင် သတင်းအချက်အလက်စင်တာဖွင့်ရန်စီစဉ်
14-Nov-2017


မန္တလေး၊ နိုဝင်ဘာ ၁၃

နိုင်ငံခြားသား ခရီးသွားများ သွားလာရာ ဆိပ်ကမ်းတစ်ခုဖြစ်သော မရမ်းခြံဆိပ်ကမ်းတွင် သတင်းအချက်အလက်စင်တာ (Information Centre) ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“သူများနိုင်ငံတွေမှာဆိုရင် ထုတ်ကုန်ရှိတဲ့နေရာတွေမှာ အင်ဖော်မေးရှင်း ကောင်တာတွေ ထားကြတယ်။ အဓိကတော့ နိုင်ငံခြားသားတွေကို ကူညီနိုင်ဖို့ပါ။ ဒီလိုကူညီနိုင်မှ နိုင်ငံခြားသားတွေ ပိုလာကြမယ်။ ဥပမာ ပုဂံကို သင်္ဘောစီးမယ်ဆိုရင် ဘယ်လောက်ကြာမယ်၊ လမ်းခရီးမှာ ဘာတွေရှိတယ်၊ ဘာတွေ ရနိုင်မယ်၊ စတာတွေ သိရမယ်။ အဲဒီလို ဖွင့်နိုင်ဖို့ တိုင်းအစိုးရဆီက နေရာတောင်းထာတယ်။ ဘယ်တော့ ဖွင့်မယ်ဆိုတာက အခု မပြောနိုင်သေးဘူး”ဟု မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှု ဦးစီးဌာန  လက်ထောက် ညွန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

အဆိုပါစင်တာ ဖွင့်လှစ်နိုင်မည် ဆိုပါက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ တိတိကျကျ ရရှိမည်ဖြစ်ရာ ယင်းအချက်လက်များကို အခြေခံ၍ သုတေသန လုပ်ငန်းများလည်း လုပ်ဆောင်နိုင်မည်ဟု ၎င်းကပြောဆိုသည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် ခရီးသွားများအနက် တစ်ဦးတစ်ယောက်ချင်း လာသော ခရီးသွားများ၊  ပြည်တွင်း ခရီးသွား ကုမ္ပဏီများနှင့် ချိတ်ဆက်၍ လာရောက်သည့် ခရီးသွားဟူ၍ရှိရာ အင်ဖော်မေးရှင်း ကောင်တာထားရှိခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းလာသော ခရီးသွားများအတွက် ပိုမိုအဆင်ပြေသွားနိုင်ကြောင်း မန္တလေးတိုင်း ဧည့်လမ်းညွန် အသင်းနာယက ဦးတင်ထွန်းက ပြောကြားသည်။

“ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး လာတဲ့ခရီးသွားတွေအတွက် သတင်းအချက်အလက်လိုချင်ရင် ကုမ္ပဏီဘက်က ရနိုင်ပေမယ့် တစ်ဦးချင်းလာတဲ့ ခရီးသွားတွေအတွက်က လွယ်လွယ်ကူကူ မရနိုင်ဘူး။ အခုလို ဖွင့်မယ်ဆိုတာကောင်းတယ်။ ပေးရမယ့် သတင်းအချက်အလက်တွေက အချိန်နဲ့တစ်ပြေးညီဖြစ်ဖို့ အရေးကြီးတယ်”ဟု ၎င်းက ပြောဆိုသည်။

ဧရာဝတီမြစ် ဖြတ်သန်းစီးဆင်းရာ မဟာအောင်မြေမြို့နယ် ၂၆ လမ်း အာဇာနည်လမ်းအောက်ဘက်ရှိ မရမ်းခြံဆိပ်ကမ်းသည် မင်းကွန်းယဉ်ကျေးမှုဒေသသို့ သွားမည့် ခရီးသွားများနှင့် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်းသို့ သွားရောက်မည့် ခရီးသွားများ လာရောက်ရာ ဆိပ်ကမ်းတစ်ခုဖြစ်သည်။

ဧရာဝတီလင်းပိုင်များအကြောင်း သွားရောက် လေ့လာမည့် ပြည်တွင်း ပြည်ပ ခရီးသွားများအတွက် လင်းပိုင်များနှင့် ပတ်သက်သော အချက်အလက်များ ထောက်ပံ့ပေးနိုင်မည့် သတင်း အချက်အလက် စင်တာကို ငါးလုပ်ငန်း ဦးစီးဌာနက ဩဂုတ်လ ၂၀ ရက်နေ့တွင် ယင်းဆိပ်ကမ်း၌ ဖွင့်လှစ်ခဲ့သည်။

မန္တလေးတိုင်းအတွင်းသို့ ယခုနှစ် လက်ရှိအချိန်အထိ ပြည်ပ ခရီးသွား သုံးသိန်းကျော် ဝင်ရောက်ထားပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရသည်။

M-05