News

POST TYPE

SATIRE

ကန်းထရီးသပိတ်
12-Nov-2017

ငွေမင်ရောင် တိမ်မီးခိုးတို့ တံလျှပ်ထနေသည့် တစ်ခုသော နံနက်ခင်းတွင် တာဝတိံသာ နတ်ပြည်၊ နန္ဒာရေကန်ကြီးနံဘေး နတ်အဘိုးအို သုံးယောက် လမ်းလျှောက်ထွက်လာကြ၏။ သုံးပတ်ခန့် လမ်းလျှောက်ခဲ့ပြီးသည်မို့ ကန်ဘောင်ဘေး ခုံတန်းလျားလေးတွင် သုံးဦးသား ဝင်ထိုင်လိုက်သည်။

ဘိုကေကို အလယ်ခွဲထားပြီး မျက်မှန်အဝိုင်းလေး တပ်ထားသည့် အဘိုးအိုက ကန်ရေပြင်ကို ငေးကြည့်လျက် စကားဆိုသည်။

“အင်း ... ဘာလိုလိုနဲ့ ၉၇ နှစ်တောင် ရှိပြီနော် ... မနေ့တစ်နေ့ကလိုပဲဗျာ”

“ဟုတ်ပ ... သခင်မြရေ ... ကျုပ်ဖြင့် အဲ့ဒီ ပထမ ကျောင်းသားသပိတ်တုန်းက ယုဒသန်ကောလိပ်ကနေ ရွှေတိဂုံ သပိတ်စခန်းတွေဆီ ဆန္ဒပြချီတက်ခဲ့တာတွေ သတိရသဗျာ”

မေးရိုးကားကား၊ မဟာနဖူးနှင့် အဘိုးအိုကလည်း သခင်မြဆိုသည့် အဘိုးအို၏ စကားကို ဝင်ထောက်ခံသည်။

ထိုအဘိုးအိုကား ဦးဘဦး။

နောက်ထပ် စကားမပြောဘဲ တစ်စုံတစ်ရာကို ငေးနေသော အဘိုးအိုကား ဦးညီပိတ်။

သူတို့ အားလုံးသည် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲ၏ အစ ပထမ ကျောင်းသားသပိတ် ဆန္ဒပြပွဲ၏ အထင်ကရ ခေါင်းဆောင်ဖြစ်ခဲ့သူများပင်။

“လူ့ပြည်မှာ ကျုပ်တို့ လွတ်လပ်ရေးကြီးက စည်းစည်းလုံးလုံးနဲ့ တော်တော်လေး ရင့်သန်နေတယ်လို့ သတင်းစကားတွေ ကြားရတယ် ... ကိုညီပိတ်ရေ ... ခင်ဗျားက တစ်လောလေးက လူ့ပြည်ကို ခဏ သွားလည်ခဲ့တယ်ဆိုတော့ လင်းစမ်းပါဦး”

ဦးညီပိတ်က သက်ပြင်းချသည်။

“အို ... ကိုမြရယ် ... စည်းလုံးချက်ကတော့ ဟိုနေရာက တခြိမ်းခြိမ်း ... ဒီနေရာက တခြိမ်းခြိမ်းပဲဗျိုး”

“ပျော်ပွဲရွှင်ပွဲ ဒိုးပတ်သံတွေလား ကိုညီပိတ်ရဲ့”

“ဘယ်က ဟုတ်ရမလဲဗျ ... အချင်းချင်း ဆော်နေကြတဲ့ စိန်ပြောင်းသံတွေ၊ သေနတ်သံတွေဗျ”

“အလိုလေး ... ဒါနဲ့ ပြည်သူတွေရဲ့ ပညာရေး အခြေအနေရော ဘယ့်နှယ်ရှိတုံး”

“မြင်ခဲ့တာကတော့ လူတိုင်းနီးပါး လက်တစ်ဝါးလောက် ကျောက်သင်ပုန်းလေးတွေကို လမ်းသွားရင်းလည်း ဖတ်နေကြတာ တွေ့တာပဲဗျ။ အောင်မယ် ... အဲ့ဒီအပြားလေးပေါ်ကနေ နိုင်ငံရေးလည်း လုပ်လို့ရ တယ်တဲ့ဗျ ...”

“အောင်မယ် ... တယ်လည်း အဆန်းပါလား”

“စီးပွားရေး အခြေအနေရော ချောင်လည်ကြရဲ့လားဗျ”

“ချောင်လည်မယ် ထင်ရဲ့ဗျ ... ဟို နိုင်ငံခြားထွက်တဲ့ လက်မှတ်ရုံးဆိုလား ... အဲ့ဒီရုံးရှေ့မှာ တန်းစီနေတာမှ အုပ်လိုက်ကြီး ... ကိုယ့်နိုင်ငံ စီးပွားရေးက အရမ်းကောင်း၊ ပြည်သူတွေ ချောင်လည်ကြတော့ နိုင်ငံခြား သွားလည်ကြတယ် ထင်ပါရဲ့ဗျာ”

“အလို ... ကြားရတာ အားရသဗျိုး ... ဒီလိုဆိုတော့ တစ်ချိန်က ကျုပ်တို့ လမ်းပေါ်ထွက် ဆန္ဒပြကြတဲ့အခါ စစ်ပုလိပ်က တုတ်နဲ့ အနှက်ခံရကျိုးနပ်သပေါ့ဗျာ ... ဒါနဲ့ အခု ဗမာပြည်အစိုးရမင်းများ အခြေအနေကရော ... ဘယ့်နှယ်ရှိစ”

“သိပ်သန့်ရှင်းတဲ့ အစိုးရလို့ ထင်တယ်ဗျ ...”

“နို့ ... ကိုညီပိတ်ရယ် ... ခင်ဗျားက ဘယ်လိုတွေ့ ခဲ့လို့ သန့်ရှင်းတဲ့အစိုးရလို့ ပြောရတာတုံး”

“အိုဗျာ ... ဘာတဲ့ ပြည်သူထဲက လူတချို့ပြောတာ ကြားခဲ့တယ် ... အစိုးရကလည်း တွေ့သမျှ အခွန် လိုက်ကောက်တာပဲတဲ့။ တွေ့သမျှ အခွန်တွေလိုက် ကောက်တယ် ဆိုကတည်းက သန့်ရှင်းရေး အားပေးတဲ့ အစိုးရမို့ပေါ့ဗျ ...”

“အိမ်း ... ဒီလိုဆိုတော့လည်း ဟုတ်ပေသားနော်”

“သာသနာတော်ကြီးရော ထွန်းကားရဲ့လားဗျ”

“ဟာ ... ထွန်းကားချက်ကတော့ လမ်းဆုံလမ်းခွတိုင်း လူစုပြီး ရှိသမျှ ဘုရားအကုန် ဝိုင်းရှိခိုး ဆုတောင်းကြတာ ခြိမ့်ခြိမ့်ကိုသဲရောတဲ့”

“အလိုလေး ... ဘုရားတွေကို ညွန့်ပေါင်းအစိုးရများ ဖွဲ့ပေးဦးမှာလား ...”

“ဘာပဲဖြစ်ဖြစ်ဗျာ ... နောက်မကြာခင် ရက်ဆို ကျုပ်တို့ ကျောင်းသား သပိတ်ကြီး စတင်ခဲ့တာ ၉၇ နှစ်ပြည့်တဲ့ အမျိုးသား အောင်ပွဲနေ့တောင် ရောက်တော့မယ်။ ကျုပ်တို့တစ်တွေ နယ်ချဲ့အစိုးရကို ဆန့်ကျင်ပြီး လမ်းလျှောက် ဆန္ဒပြခဲ့ဖူးတဲ့ ရန်ကုန်လမ်းမတွေကို လွမ်းသဗျာ”

“ဟုတ်ပ ... သခင်မြရေ ... တစ်ခါတစ်ခေါက်လောက်တော့ အဲ့ဒီလမ်းမတွေမှာ သပိတ် အလွမ်းပြေ လမ်းလျှောက်ချင်သား”

“ကိုင်း ... ပြောနေကြာတယ် ... ကိုဘဦးရေ ... အခု တာဝတိံသာမှာရှိနေတဲ့ ကျုပ်တို့ ပထမကျောင်းသား သပိတ်က ညီနောင်တွေကိုခေါ်ပြီး ရန်ကုန်က လမ်းမတွေမှာ အမျိုးသားနေ့ အမှတ်တရ စီတန်းလမ်းလျှောက်ရင်း အလွမ်းဖြေကြစို့ဗျာ”

မကြာမီပင် တာဝတိံသာ၌ စံမြန်းလျက်ရှိသော ၁၉၂၀ ခုနှစ် ပထမကျောင်းသားသပိတ် ခေါင်းဆောင်ကြီးများဖြစ်သည့် သခင်မြ၊ ဦးဘဦး၊ ဦးညီပိတ်၊ ဦးအေး၊ ဦးဖိုးကျား၊ ဦးလူဖေဝင်း၊ ဦးအောင်ဒင်၊ ဦးဖိုးလတ်၊ မစ္စတာဆင်းတို့သည် အမျိုးသားအောင်ပွဲ အမှတ်တရ လမ်းလျှောက်ကြရန် လူအယောင် ဖန်ဆင်းကာ မဟာရန်ကုန်မြို့၏ လမ်းမများထက် ဆင်းသက်လာကြ ကုန်၏။

“ဦးမင်း ... ဦးမင်းတို့ ... ဘာလာလုပ်ကြတာတုံး”

ဝန်ကြီးများရုံးရှေ့၊ စပတ်လမ်းခေါ် ဗိုလ်အောင်ကျော်လမ်းသို့အရောက်တွင် သပိတ်လွမ်း အဘိုးအို တစ်သိုက်အား လူငယ်တစ်ဦးက ဟစ်အော်လျက် ပြေးလိုက်လာသည်။

“မင်း ... အောင်ကျော် မဟုတ်လား ... ဒုတိယ ကျောင်းသားသပိတ်က အာဇာနည်အောင်ကျော် မဟုတ်လား”

အသားညိုညို၊ ဆံပင် ကတုံးဆံတောက်နှင့် လူငယ်က ခေါင်းညိတ်ပြသည်။

“ဦးမင်းတို့ ... တာဝတိံကနေ အုပ်စုလိုက်ကြီး ဘာလာလုပ်ကြတာတုံး”

“အမျိုးသားအောင်ပွဲနေ့ နီးပြီလေကွာ။ ဒါနဲ့ ဆန္ဒပြ လမ်းလျှောက်တာလေး သပိတ် အလွမ်းပြေ လာလုပ်တာ”

“ဟာ ... တူမောင်လည်း အဲ့ဒီစိတ်ကူးနဲ့ တုသိတာ နတ်ပြည်က ခဏ ဆင်းလာတာ”

“ကဲ ... ဒါဆိုလည်း မောင်အောင်ကျော် ကျုပ်တို့ နဲ့ ပူးပေါင်းလေကွယ်”

“မရဘူး ... ဦးမင်းတို့ ... အခု လူ့ပြည်အစိုးရက အမိန့် ထုတ်ထားတယ် ... ဆန္ဒပြပွဲတွေ၊ စီတန်းပွဲတွေကို မြို့ထဲ မလုပ်ရဘူးတဲ့”

“ဟေ ... ဆန္ဒပြပွဲတို့၊ စီတန်းပွဲတို့ဆိုတာ နိုင်ငံရေးအရ ကိုယ့်ဆန္ဒကို အစိုးရနဲ့ပြည်သူ သိအောင် လုပ်ကြရတာလေ ... တို့က မြို့ထဲမလုပ်ဘဲ ... ဟိုး ရွာကနွား တင်းကုပ်ရှေ့ သွားလုပ်တော့ ဘာထူးမှာတုံး”

“အဲ့ဒါတော့ မသိဘူး ... မြို့ပြင်ထွက်လုပ်ရမယ်တဲ့ ... အမိန့်ချထားတာပဲ”

“အလိုလေး ... အင်္ဂလိပ် အစိုးရတောင် ငါတို့ကို ရန်ကုန်ထဲ ဆန္ဒပြခွင့်ပေးလို့ အမျိုးသားနေ့တောင် ဖြစ်လာတာလေ ... နောက်မှ မြင်းနဲ့တိုက်၊ တုတ်နဲ့ရိုက်တာ ရိုက်တာပဲ”

“လမ်းပိတ်လို့ပါတဲ့ ... ဦးမင်းတို့ရဲ့ ... လမ်းပိတ်တဲ့ ပုဒ်မတဲ့”

“အောင်မယ်လေး ... မောင်အောင်ကျော်ရေ ... မပြနဲ့ဆိုလည်း မပြတော့ပါဘူး ... ဘယ့်နှယ် နေမဝင် အင်ပါယာကိုတောင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့တဲ့ ကျုပ်တို့တွေ အခုကျမှ လမ်းပိတ်ဆို့မှုနဲ့ ဆွဲစေ့ခံရမှာတော့ မနိပ်ဘူးဟ”

“ဒါနဲ့ ကျုပ်တို့ စီတန်းလမ်းလျှောက်ချင်ရင် ဘယ်မှာ သွားလျှောက်ရမတဲ့လဲ”

“မြို့ပြင်တဲ့ ... ဦးမင်းတို့ ... မြို့ပြင်တဲ့”

“အိမ်း ... အခုမှ ကိုညိုမြရေးတဲ့ နွားသပိတ်လို ကျုပ်တို့လည်း မြို့ပြင်ထွက်ပြီး မြက်စားနေတဲ့ ကျွဲတွေ၊ နွားတွေကို သပိတ်အင်အားပြ သပိတ်တရား ဟောရတော့မယ်ထင်ပ”

“မတတ်နိုင်ဘူး ... ဦးမင်းရေ ... အစိုးရမင်းများ အမိန့်ကိုး ...”

“အေးလကွယ် ... မြို့ပြင်ဆိုတော့လည်း လမ်းကလေးလျှောက်၊ လေကလေးရှူ၊ လယ်ကွင်းကလေးတွေငေးရင်း ကန်းထရီးသပိတ်၊ ကန်းထရီး ဘွိုင်ကောက်ပေါ့ ... အေးလေ ... အေးလေကွယ် ... အစိုးရက ဆန္ဒပြ လမ်းလျှောက်သူတွေကို ကျန်းမာစေချင်တယ်ထင်ပါရဲ့ ... ကဲကွယ် ... ဒါနဲ့ ... တို့တစ်တွေ ... မြို့ပြင်ကို ဘယ့်နှယ် သွားကြမလဲ”

သင်သည် အမျိုးသားနေ့တွင် ရန်ကုန်မြို့ထဲ ရောက်ခဲ့သည်ဆိုပါစို့။

ကားမှတ်တိုင်တစ်ခု၌ ရန်ကုန်မြို့ပြင်သို့ ကားစီးရန် စောင့်နေကြသော အဘိုးအိုတစ်အုပ်ကို တွေ့ရှိပါက ... ၁၉၂၀ ဒီဇင်ဘာလ ၂၀ ရက်နေ့ (၁၂၈၂ တန် ဆောင်မုန်း လပြည့်ကျော် ၁၀) ရက်နေ့က အမျိုးသား ပညာရေး၊ နယ်ချဲ့ ဆန့်ကျင်ရေးအတွက် ရန်ကုန်လမ်းမများပေါ် ဆန္ဒပြပွဲ၊ သပိတ်မှောက်ပွဲများ ဆင်နွှဲခဲ့ကြသော ခေါင်းဆောင်အချို့ကို သတိရလိုက်ပါ မိတ်ဆွေ။

ဗြိတိသျှကိုကိုမောင်

  • VIA