News

POST TYPE

SATIRE

လော်စပီကာတို့၏ အောင်ပွဲ
04-Nov-2017 tagged as

သုဝဏ္ဏကွင်းက ONE Championship ပြိုင်ပွဲမှာ ဒီလိုအဖြစ်မျိုးနှင့် ကြုံတွေ့ခဲ့ရမည်ဟု အလိန်းဂါလာနီတစ်ယောက် ဘယ်တုံးကမှ တွေးထင်မထားမိခဲ့။ အခုတော့ ခဲလေသမျှ သဲရေ ကျဖြစ်ခဲ့ရပြီ။ နာမည်ကျော် ခြေကန်ချက်များဖြင့် လျင်မြန်စွာ ပွဲသိမ်းနိုင်ခဲ့သော ဟဲဗီးဝိတ်ချန်ပီယံ ကွန်ဂိုနွယ်ဖွား သစ်နက်ကြီးမှာ ပွဲတိုင်းကျော် ခြေထောက်ကို သုံးခွင့် မရလိုက်ဘဲ ပထမအချီ၏ လေးမိနစ် စက္ကန့် သုံးဆယ်အတွင်းမှာပင် သူ့ထက် ဝိတ်တန်း ငယ်သော မြန်မာစပါးအုံး၏ ရစ်ပတ်မှုအောက်တွင် အရှုံးပေးလိုက်ရသည်။   

တကယ်တော့ ဒီအဖြစ်သည် သွေးရိုးသားရိုး မဟုတ်ဘဲ ပြိုင်ပွဲ မတိုင်မီရက်များက ထိတ်လန့်ဖွယ် အဖြစ်ဆိုးများနှင့် ကြုံတွေ့ရသဖြင့် ဂါလာနီ အောင်လအန်ဆန်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထိုအရာသည် မြန်မာပြည်သို့ လာရောက်မည့် နိုင်ငံခြားသား ဧည့်သည်များအတွက် ထုတ်ဝေထားသော ခရီးသွားလမ်းညွှန်များတွင်လည်း မပါရှိသေးသဖြင့် ဒီလောက် ဆိုးဝါးသည့်အရာ ရှိနေမည်ဟု သူလုံးဝ ထင်မထားခဲ့။     

ရန်ကုန်မြို့တော်ရှိ သူတည်းခိုရာ နေရာကို ရောက်ကတည်းက ထူးဆန်းသော ကြောက်မက်ဖွယ် အသံကြီးတွေကို နေ့စဉ် ဆက်တိုက် ကြားခဲ့ရသည်။ ထိုအရာ၏အမည်မှာ လော်စပီကာ ဟူ၍ ဖြစ်ကြောင်းကို သူ့စကားပြန်က ရှင်းပြ၍သိခဲ့ရသည်။ အဲဒီ အသံကြီးကြောင့်ပင် ပြိုင်ပွဲမတိုင်မီ ညစဉ် ညတိုင်း အိပ်ရေး ပျက်ပြီး အားအင်တွေ ကုန်ခန်းစ ပြုလာသည်။ လေ့ကျင့်မှုများ ကောင်းကောင်း မလုပ်တော့။     

ဒါကြောင့်ပင် အားအင်လေး ရလိုရငြားဆိုပြီး မြန်မာပြည်ရှိ ကြော်ငြာကောင်းသော MLM ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ အားဖြည့်ဓာတ်စာများ ဝယ်သောက်ခဲ့သည်။ သို့သော် ဆေးအတွက်လေး ဆိုသလိုပင် မသိတာတွေကို သူတစ်ပါး ညွှန်းသလို သောက်လိုက်မိသဖြင့် ဝမ်းလျှော ဝမ်းပျက်တွေ ဖြစ်လာသည်။ အနားယူချိန်တွင်လည်း ဝယ်ထားသော ဆေးဖိုး အရင်းလေး ပြန်ရအောင် မန်ဘာ ရှာရသော အလုပ်တစ်ခုပါ ထပ်တိုးလာခဲ့တာပဲ အဖတ် တင်သွားသည်။  

ဒီလိုနဲ့ ဂါဘာနီ ခမျာ နှလုံးတခုန်ခုန် ရင်တတုန်တုန်နဲ့ပဲ ပြိုင်ပွဲရက်က ရောက်လာခဲ့သည်။ ဂါလာနီတစ်ယောက် စိန်ခေါ်ထားမိပြီမို့သာ ဝင်ပြိုင်ရသည်။ ခြေတွေ လက်တွေ မသယ်ချင်တော့။ ခြေဆစ်တွေ မခိုင်လို့ ပန်သာတစ်ကောင်လိုလည်း မခုန်နိုင် မပျံနိုင်တော့။ ပထမအချီမှာ အောင်လအန်ဆန်းရဲ့ နာမည်ကြီး စပါးအုံး ချုပ်နည်းနဲ့ သူ့လည်ပင်းကို ချုပ်ထားလို့ ရုန်းထွက်ဖို့ ကြိုးစားစဉ်မှာ မြန်မာပရိသတ်ထဲက လူတစ်ယောက်က “ငါက ဗိုလ်အောင်ဒင်”လို့ အော်သံကို ကြားလိုက်ရပြီးတဲ့ နောက်မှာတော့ ဂါလာနီခမျာ  မျက်လုံးတွေပြာပြီး ဘာမှကို ပြန်မလုပ်တတ်တော့ဘဲ ဆန့်ငင်ဆန့်ငင်ဖြစ်ကာ အရှုံးပေးလိုက်ရတော့သည်။     

ဒါကြောင့် နာမည်တွင် “အောင်”ပါသောသူများကို ဂါလာနီ့တစ်သက်တွင် အကြောက်ကြီး ကြောက်သွားခဲ့ပါပြီ။           

တကယ်တော့ အောင်လအန်ဆန်းလည်း ဒီပွဲမှာ အနိုင်ရဖို့ ကြိုတင်ပြင်ဆင်မှုတွေ စနစ်တကျ လုပ်ခဲ့ရသည်။ တချို့ ပရိသတ်တွေ ပြောသလို ကံကောင်းထောက်မလို့ အနိုင်ရခြင်းမျိုးမဟုတ်။ တစ်ချိန်က မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ခဲ့ပြီး မြန်မာယဉ်ကျေးမှု ဓလေ့နှင့် အကျွမ်းတဝင် ရှိပြီးဖြစ်၍ ရန်ကုန်သို့ ရောက်သည်နှင့် အရေးအကြီးဆုံး ပြင်ဆင်မှုကို စတင်ခဲ့သည်။ နီးစပ်ရာဆိုင်မှ ဂွမ်းတစ်ထုပ်ဝယ်ပြီး ညအိပ်ချိန်မှာ နားထဲကို ဂွမ်းဆို့ပြီး အိပ်ခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် အိပ်ရေးမပျက်ဘဲ ခွန်အားအပြည့်နဲ့ ကစားနိုင်ခဲ့ခြင်းဖြစ်သည်။ အောင်မြင်မှုရဲ့လျှို့ဝှက်ချက်က LION အားဖြည့် အချိုရည် မဟုတ်ဘဲ နားထဲ ဂွမ်းဆို့အိပ်ခြင်းနှင့် အားကစား လေ့ကျင့်ချိန်တွင် နားထဲ ဂွမ်းဆို့ထားခြင်းဖြစ်သည်။ 

အောင်လကိုချစ်တဲ့ ရန်ကုန်မြို့က လူတွေက မြန်မာ့ဂုဏ်ဆောင် အားကစားမောင်ကြီး အနိုင်ရအောင် ကူညီပေးခဲ့သည် မဟုတ်ပါလား။ သည်ဖြစ်ရပ်က ဝါစိုက်တောင်သူတွေ အတွက်လည်း အခွင့်အလမ်းသစ်တွေ ရတော့မည် ဖြစ်သည်။ ယခင်ကလို ပေါက်ဖော်ကြီး၏ ဝယ်လိုအားကိုသာ အားထားရသည့် ခေတ်တွေ ကုန်တော့မည်။ ဝါတွေစိုက်ပြီး ဂွမ်းတွေ အကြီးအကျယ် ထုတ်လုပ်တော့မည်။ မင်္ဂလာဒုံ လေဆိပ်နှင့် ဟိုတယ်တည်းခိုခန်းများတွင် ရောက်ရှိလာမည့် နိုင်ငံတကာမှ ဧည့်သည်များအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းအဖြစ် မြန်မာ့ဝါဂွမ်းထုပ်လေးတွေကို ဒေါ်လာဖြင့် ရောင်းနိုင်တော့မည်ဖြစ်သည်။

ရာဇာငညို

  • VIA
  • TAGS