News

POST TYPE

SATIRE

ချစ်ကြည်ရေး ကမ်းလှမ်းချက်
29-Oct-2017 tagged as

မနေ့ညက ရပ်ကွက်ထဲမှာ မိုက်နဲ့ လိုက်အော်သံတော့ ကြားတယ်။ ချစ်ကြည်ရေး ဆုတောင်းပွဲတဲ့ ...။ ကောင်းတာပေါ့။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို လုပ်တာပဲ။ မုန်းတီးရေး လုပ်ရင်သာ မကောင်းတာ။ ချစ်ကြည်ရေးဆိုတော့ အားပေးပါတယ်။ မြို့ထဲရောက်နေသူတွေကတော့ အားမပေးကြဘူး။   

ပွဲမစခင်ကတည်းက ပြဿနာ တက်တော့တာပဲ။ ကားလမ်းတွေ ပိတ်တာကိုး ...။ ကားလမ်းပိတ်တော့ လူတွေလည်း စိတ်ညစ် ...။ အဲ့တော့ ဘာသာပေါင်းစုံကို ဆဲကြပါလေရော ...။ အခုလို ဘာသာပေါင်းစုံလုပ်တာလည်း ကောင်းတယ်။ တစ်ဘာသာတည်းကသာ လုပ်ရင် တစ်ဘာသာတည်း အဆဲခံရမှာ ...။ အခုတော့ ဘာသာတိုင်း အဆဲခံရပါလေရော ...။ ဆဲတဲ့လူအတွက်လည်း ကောင်းတယ်။ ကိုယ့်ဘာသာကို ဆဲတာ မဟုတ်ဘူး။ အခြားဘာသာတွေကို ဆဲတာလို့ ပြောလို့ရတယ်။ ကိုယ့်ဘာသာကို ဆဲနေရင် ငရဲကကြီးဦးမယ် ...။ 

ဘာပဲဖြစ်ဖြစ် ဘယ်သူတွေဆဲဆဲ ပါဖောင့်မန့်တွေတော့ ရှယ်ပဲ ...။ ဘုန်းကြီးလည်း ကန်တော့တယ်။ မော်လဝီဆရာလည်း ကန်တော့တယ်။ သင်းအုပ်ဆရာလည်း ကန်တော့တယ်။ ဟိန္ဒူဘုန်းကြီးကိုလည်း ကန်တော့တယ်။ ဒါတင်မကသေးဘူး ...။ ဘာသာတွေ စုံအောင်လို့ဆိုပြီး ကျောင်းသားတွေကိုပါ ခေါ်လာတယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ ကျောင်းသားတွေပါမှ ဘာသာစုံမှာပေါ့။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စတဲ့ ဘာသာတွေပါ ပါလာရော ...။ 

ဘာသာပေါင်းစုံ မငြိမ်းချမ်းမချင်း ဆုတောင်းမယ်ဆိုရင်တော့ ...။ ပြဿနာ ရှိပြီ။ ရန်ကုန်မှာ ငြိမ်းချမ်းအောင်လား၊ ရခိုင်မှာ ငြိမ်းချမ်းအောင်လား ...၊ တစ်ကမ္ဘာလုံးမှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ရအောင်လား ...။ ဒါဆိုရင်တော့ ငါးနှစ်လောက်လည်း မရလောက်ဘူး။ တစ်သက်လုံး လုပ်ရမယ်ထင်တယ်။ စိုပြေ့မှာလည်း  ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် ကမ်းလှမ်းချင်တာတွေ ရှိတယ်။ မဆဲဘူးဆိုရင်တော့ ပြောပြချင်တယ်။ အင်း ... ဆဲလည်း ဆဲပေါ့ ...။ ပြော စရာရှိတာတော့ ပြောရမှာပဲ ...။

လွယ်လွယ်လေးပါ။ အစိုးရက ဥပဒေတစ်ခု ပြဋ္ဌာန်းလိုက်။ ဘာသာဝင် အချင်းချင်း လက်မထပ်ရ။ လက်ထပ်ရင် ထောင်ဒဏ် ...။ ဘာသာခြားများနှင့်သာ လက်ထပ်ရမည်။ အခြားဘာသာက လူတွေနဲ့ယူ။ အဲ့တော့ ဘာဖြစ်လာမလဲဆိုရင် ....။ ဘာသာ တစ်ခုနဲ့တစ်ခု အမျိုးတွေ တော်လာလိမ့်မယ်။ ဆွေမျိုးတွေ ဖြစ်လာမယ်။ ကိုယ့်အမျိုးထဲမှာ ဘာသာပေါင်းစုံ ရှိမယ်။ အဲ့တော့ ဆွေမျိုး အချင်းချင်း ရန်ဖြစ်တာတော့ ရှိမယ်။ ဘာသာရေးကို အကြောင်းပြပြီး ရန်မဖြစ်တော့ဘူး။

နောက်တစ်ခုက အဲ့လိုမျိုး ဘာသာခြားတွေကို ယူတာဟာ ဉာဏ်ကောင်းစေတယ်။ လူမျိုး၊ ဘာသာ မတူတာတွေ ယူတော့ မျိုးစိတ်အသစ်တွေ ပေါ်လာပြီး ဉာဏ်ကောင်းတာ။ အမေရိကန်ကကောင်တွေ ဉာဏ်ကောင်းပြီး တိုးတက်တာဟာ လူမျိုးဘာသာ မတူတာတွေ ယူကြလို့။ အဲ့ဥပဒေသာ ပြဋ္ဌာန်းလိုက်ရင် နောက်မျိုးဆက်တစ်ခုဟာ ဉာဏ်တွေကောင်းပြီး တိုင်းပြည်ကြီး တိုးတက်သွားမှာ ...။ အမေရိကလိုပေါ့။

ဒီလို ဘာသာခြားနဲ့ လက်ထပ်ယူခြင်း ဥပဒေ အောင်မြင်ရင် လူမျိုး အချင်းချင်း လက်မထပ်ရ ဥပဒေ ထပ်ထုတ်။ အဲ့လိုသာ လုပ်လိုက်ရင် မျိုးဆက် တစ်ဆက်လောက် ဖြတ်သန်းပြီးတာနဲ့ ပြည်တွင်းစစ်တွေတောင် ပြီးသွားလိမ့်မယ်။ အခုပြည်တွင်းစစ်က လူမျိုးရေးကို အခြေခံထားတာကိုး ....။ အကုန်လုံး ကပြားတွေသာ ဖြစ်သွားရင် လူမျိုးရေး ခံယူချက်တွေလည်း ရှိတော့မှာ မဟုတ်ဘူး။ အဲ့ဒါက တစ်နည်းပေါ့နော် ...။ နောက်တစ်နည်းကတော့ အလွယ်ဆုံးပဲ ...။ ဘာသာရေး ပဋိပက္ခတွေ ဖြစ်တာဟာ ဘာသာရှိနေလို့ ...။ အဲ့တော့ ဘာသာရေး လုပ်ခွင့်ကို ပိတ်ပင်လိုက်။ ဘယ်ဘာသာမှ မကိုးကွယ်ရ ...။  ခိုးပြီး ကိုးကွယ်သူတွေကို ဖမ်း၊ ထောင်ထဲပို့။ ဘာသာရေး အကျဉ်းသားပေါ့။ ဒါကြောင့် ဆုတောင်းပွဲ လုပ်တာလည်း လုပ်။ စိုပြေပြောတဲ့ ဥပဒေတွေကိုလည်း ပြဋ္ဌာန်းနိုင်အောင် လုပ်။ ဒါဆိုရင် အေးချမ်းပြီ ...။ 

စိုပြေ 

  • VIA
  • TAGS