News

POST TYPE

SATIRE

ဂေါက်တောက်တောက် အတွေးများ
21-Oct-2017 tagged as


သီပေါမင်း ပါတော်မူပြီး ၂၅ နှစ်အကြာမှာ မြင်းမူဒေသဘက်က ပဲကူဆိုတဲ့ရွာမှာ မောင်သန့်ဆိုတဲ့ လူတစ်ယောက်ရှိခဲ့တယ်။ သူကြီးအိမ်မှာ ကပ်နေရတဲ့ သူရင်းငှားပေါ့။ မောင်သန့်က မနက်စောစောဆို သူကြီးအိမ်မှာ မွေးထားတဲ့ မြင်းတွေကို အစာထကျွေးရတယ်။

ဆောင်းတစ်မနက်မှာတော့ မောင်သန့်ဟာ ချမ်းချမ်းစီးစီးနဲ့ အညာစောင် အထူကြီးကို ပတ်၊ ပြောင်း ဖူးဖတ်ဆေးလိပ်ကိုဖွာရင်း မြင်းစာကျွေးဖို့ ပြောင်းရိုး စဉ်းနေတယ်။ အဲ့ဒီအခါ ဆေးလိပ်မီးပွားတွေဟာ သူ ခြုံထားတဲ့ စောင်ထူထူပေါ်ကျပြီး မီးလောင်ပါလေရောလား။ စောင်ကထူတော့ သူ့ပခုံးမှာ မီးတောက်နေတာ ရုတ်တရက် မောင်သန့်က သတိမထားမိဘူး။

ဒါကို သတိထားမိသွားတာက အစေခံ ကိုသာဦးဆိုတဲ့သူ။ သူကတစ်ဆင့် ဘုရားရှိခိုးဖို့ အိပ်ရာထလာတဲ့ အိမ်ကြီးပေါ်က သူကြီးကတော်ကို သွားခေါ်ပြီး ပြတယ်။ သူကြီးကတော် ဆိုတာ နှယ်နှယ်ရရ မဟုတ်။ သမိုင်းလေး ဘာလေး တီးမိခေါက်မိတော့ မုဆိုးဖိုက ဦးအောင်ဇေယျ မင်းဖြစ်ခါနီး လက်ရုံးက မီးထတောက်တယ်ဆိုတာ ဖတ်ဖူး ကြားဖူးတဲ့သူပေပဲ...။

မောင်သန့်ဟာ ရှင်ဘုရင်လောင်းလားပေါ့။ သေချာအောင် ကွန်ဖန်းဖို့အတွက်ကတော့ ရွာက နတ်ကတော်ဆီ ပြေးတာပဲ။ နတ်ကတော်ကလည်း ရွှေရင်နာဘုရားဆိုတာကို ပြန်တည်ပြီးတဲ့အခါ မောင်သန့်ဟာ မုဆိုးဆက် ဆယ့်တစ်ဆက်မြောက် ကုန်းဘောင်ဘုရင် ဧကန်ဖြစ်မယ်လို့ ဂျင်းထည့်လိုက်တယ်။

အဲ့ဒီမှာ သူကြီးကတော်ဟာ ထွေထွေထူးထူး မစဉ်းစားတော့ပဲ သူ့သမီးကို မောင်သန့်နဲ့ပေးစားပြီး အိမ်ဦးခန်းတင် ရှင်ဘုရင်လောင်းလေး လုပ်တော့တာပဲ။ သူကြီးကတော် လော်ဘီကောင်းမှုနဲ့ မြင်းမူဒေသတစ်ခုလုံးက မင်းလောင်း မောင်သန့်ဆိုပြီး ဆည်းကပ်ကြတယ်။

နယ်ချဲ့ကို တော်လှန်ချင်တဲ့ နောက်လိုက်တွေ ရလာတယ်။ နောက်ဆုံးတော့ အသက် ၂၀ သာ ရှိသေးတဲ့ မောင်သန့်က ကိုယ့်ကိုယ်ကိုယ် မင်းလောင်းဧကန်လို့ တကယ်မှတ်ပြီး ၁၉၁၀ နိုဝင်ဘာ ၉ ရက်မှာ နောက်လိုက်တွေနဲ့ မြင်းမူဂါတ်ကို ဝင်စီးတော့တာပဲ။

ဒါပေမဲ့ မင်းလောင်း မောင်သန့်ရဲ့ တော်လှန်ရေးဟာ မအောင်မြင်ခဲ့ပါဘူး။ အကျအဆုံးတွေနဲ့ ဆုတ်ခွာခဲ့တဲ့ မောင်သန့်နဲ့အဖွဲ့ဟာ ရန်ကုန်ကို မီးရထားနဲ့ပြေးပြီး ခြေရာဖျောက်ပါတယ်။

ဒါပေမဲ့ အဲ့ဒီသတင်းကို အင်္ဂလိပ်ဆီ ပေးခဲ့တာက မောင်သန့် ပခုံးပေါ်က ဆေးလိပ်မီးပွားကို မင်းလောင်းဖြစ်တဲ့အထိ ချဲ့ကားခဲ့ကြတဲ့ သူကြီး အသိုင်းအဝိုင်းကပါပဲ...။

နောက်ဆုံးတော့ မင်းလောင်း မောင်သန့်နဲ့ ဗိုလ်ရာဘော်၊ ဗိုလ်ရွှေတုတ်တို့ဟာ ၁၉၁၁ မှာ အင်္ဂလိပ်အစိုးရရဲ့ ကြိုးပေးတာကို ခံခဲ့ရပါတယ်။

ဟိုတစ်ရက်က ရန်ကုန်မြို့ရဲ့ အထင်ကရ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်ကြီး မီးလောင်ပါတယ်။ ဟိုတယ်မီးလောင်မှုမှာ ဟိုတယ်ရဲ့ ခေါင်မိုးထိပ်က ဒေါင်းကြီး မီးမလောင်ဘဲ ကျန်ရစ်ပါတယ်။ ဒါကိုပဲ ဒေါင်းကြီး မီးမလောင်တာဟာ ဘုန်းတန်ခိုး အာနုဘော် ဘာဘာညာညာနဲ့ လက်ခမောင်းခတ်နေတဲ့သူတွေ တွေ့တော့ မောင်သန့် လက်မောင်း မီးတောက်တာ စမြင်တဲ့ ကိုသာဦးကို သတိရသွားမိတယ်။

တစ်ခါတစ်ခါ ကျွန်တော်က အဲ့ဒီလိုပဲ။ အဆက်အစပ် မရှိတာတွေကို လျှောက်လျှောက် တွေးတတ်တာရယ်။ နည်းနည်း ဂေါက်ချင်နေတာ ဖြစ်မယ်ထင်ရဲ့။ 

ပြီးတော့ နောက်တစ်ခုက အခုတစ်လော ခေတ်စားနေတဲ့ တီဗီပရိုဂရမ်လေး တစ်ခုကို ကြည့်မိပါတယ်။ လာပြိုင်တဲ့သူတွေကို အနိုင်ရရင် ဆုငွေပေးတဲ့ တီဗီပရိုဂရမ်ပေါ့။ အဲ့ဒီပရိုဂရမ်က နာမည်နည်းနည်းလေး ရလာချိန်မှာ ဝေဖန်မှုတွေ ကြုံရဟန်တူပါတယ်။

အစီအစဉ် တင်ဆက်တဲ့သူက ပထမတစ်ပတ်မှာ ရှင်းပြတယ်။

“ကျွန်တော်တို့ ပရိုဂရမ်က မေးခွန်းတွေကို လိုသလို မချိန်းရပါဘူး။ လိမ်တာ မဟုတ်ပါဘူး၊ အမှန်အကန်ပါ”ဆိုတာပေါ့။

အိုကေ...ယုံပါတယ်။ ဒီလိုပဲ ထင်တတ်ကြတာ ပဲကိုး။

အဲ... နောက်တစ်ရက် အစီအစဉ်ကျတော့ လည်း ဒါပဲ ထပ်ပြောပါတယ်။ ကျွန်တော်တို့ မလိမ်ပါ ဘူးပေါ့။ နောက် သုံးရက်၊ လေးရက်၊ ငါးရက် ဆက်တိုက် သူတို့မလိမ်ပါဘူးဆိုတာ တွင်တွင်ပြောနေတော့ အစက ဒီအစီအစဉ်က အမှန်အကန်ပါလို့ မြင်ခဲ့တဲ့ ကျွန်တော် တောင် ဒီလောက်ပြောနေတာ ဟုတ်မှ ဟုတ်ပါတော့ မလားလို့ သံသယ စဝင်လာပါတော့တယ်။

အခု အင်္ဂါနေ့တိုင်း ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေ ကျင်းပနေတယ်လေ။ ခဏခဏ အင်္ဂါနေ့တိုင်း ကျွန်တော်တို့ဟာ ချစ်ကြပါတယ် ချစ်ကြပါတယ်လို့ တတွတ်တွတ်ဆိုနေတော့ ကျန်တဲ့နေ့တွေမှာ မချစ်ကြလို့များလားပေါ့။

ဟိုအစီအစဉ် တင်ဆက်သူ အစ်ကိုရဲ့မျက်နှာကိုလည်း မဆီမဆိုင် သွားပြေးမြင်မိသေး။ ချစ်ကြည်ပွဲတွေထဲ တွေ့သမျှ လိုက်ပတ် ကန်တော့နေတဲ့ အစ်ကိုကြီးတွေကိုလည်း ဝေဖန်နေကြတာ မြင်ရတယ်။

ဟိုးအရင် အငြိမ့်ပြိုင်ပွဲတွေခေတ်က လူရွှင်တော် ဦးမိုးဒီကြီးကို သတိရတယ်ဗျာ။ မင်းသမီးကို ဦးမိုးဒီကြီးက လက်အုပ်ချီ ကန်တော့တယ်။ ပြစ်မှားမိလို့ပါတဲ့။ ခဏ ခဏ ကန်တော့တယ်။ မင်းသမီးကို ခဏ ခဏ ပြစ်မှားမိလို့တဲ့။

အဲ့ဒါနဲ့ အားမရဘူး။ ကျန်တဲ့ လူရွှင်တော်တွေကိုပါ လက်အုပ်ချီပြီး လိုက်ကန်တော့တယ်။ ပြစ်မှားမိလို့တဲ့။ ကျွန်တော်တို့မှာ ရယ်လိုက်ရတာ။

လူရွှင်တော်တွေက သူတို့ တင်ပါးလေးတွေကို လက်နဲ့ပိတ်ပြီး ပြေးကျတော့ ပရိသတ်ဘက် လက်အုပ်က လှည့်လာတယ်။ ပရိသတ်ကြီးကိုလည်း ပြစ်မှားမိလို့တဲ့။ အခုတော့ ရယ်ရခက်၊ ငိုရခက်။

ရယ်ရခက် ငိုရခက်ဆို ... အခုတစ်လော ကျွန်တော့် စိတ်တွေက ဂေါက်တောက်တောက်ရယ်။

ဂေါက်တောက်တောက်ဆိုတော့ အဆက်အစပ် မရှိတာတွေ လျှောက်တွေးတာပေါ့။ အပြစ်တော့ မယူကြပါနဲ့။

အခု ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေ၊ ချစ်ကြည်ရေးတွေ အပတ်စဉ်လုပ်ကြတာ ကောင်းပါတယ်။ မုန်းတီးတာထက် ချစ်ကြည်တာ ကောင်းတာပေါ့။

ဒါနဲ့ ခင်ဗျားတို့ ရေသူမကို ငါးသေတ္တာကျွေး၊ အကသင်ခိုင်းပြီး ဒေါက်ဖိနပ် တစ်ဒါဇင်လောက် ဝယ်ပေးတဲ့ စေတနာဗလာပွ ရွာသားတွေအကြောင်း ပုံပြင်လေး ကြားဖူးကြလားဗျ။

အင်းဗျာ ... အခုတစ်လော ... လူက ဂေါက်တောက် တောက်ရယ် ... အဆက်အစပ် မရှိတာတွေကို ဘယ်လိုလျှောက်ပြော လျှောက်တွေးနေမိမှန်း မသိဘူး။

ဒါပါပဲဗျာ ... အပြစ်တော့ မယူကြပါနဲ့။ လူက ဂေါက်တောက်တောက် ဖြစ်နေလို့ပါဗျာ။

ဗြိတိသျှ ကိုကိုမောင်

  • VIA
  • TAGS