News

POST TYPE

SATIRE

အစ်ကိုလေးရဲ့ အတိုလေး
21-Oct-2017 tagged as

ကာတွန်းဆရာ စိုးစံဝင်းကို ရဲစခန်းသို့တိုင်ရန် ကျွန်တော် စဉ်းစားနေပါသည်။ ဆရာစိုးစံဝင်းနှင့် ကျွန်တော်ကား အသက်ချင်း ကွာခြားသော်လည်း တကယ့် မိတ်ဖက်ဆွေပေါင်းများ။

သရော်စာရေးသည့် မောင်စူပါ ခေါ် ကိုဇင်သော်နိုင်၊ ဆရာစိုးစံဝင်းနှင့် ကျွန်တော်တို့သည် တစ်ချိန်က သောကြာညနေတိုင်း ဆုံတွေ့နေကျ မိတ်ဆွေများဖြစ်သည်။

တိုင်းပြည်၏ အနာဂတ်၊ ကမ္ဘာကြီး၏ပြဿနာ၊ အနုပညာ၏ ကြီးမြတ်မှုတို့ကို မန္တလေးရမ်တစ်လုံး ရှေ့ချပြီး အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြဖူးသည်။ ယခုတော့ ကိုယ်စီ အလုပ်များနှင့် သောကြာညနေများတွင် မဆုံဖြစ်တော့သော်လည်း ဆရာစိုးစံဝင်းနှင့်မူ ၃၅ လမ်းတစ်ဝိုက်တွင် တစ်ခါတစ်ရံ ဆုံဖြစ်ကြသည်။ ဒီလောက် ပြောမနာဆိုမနာ ရင်းနှီးနေသည့်သူတစ်ယောက် ဆိုသော်လည်း ကျွန်တော် သူ့ကို ရဲစခန်းသို့ တိုင်မှဖြစ်တော့မည်။ ဒါမှ ကျွန်တော်သည် နိုင်ငံသားတစ်ယောက် တာဝန်ကျေမည် မဟုတ်ပါလား။

ပြဿနာက အစကတော့ အတိုလေးကိစ္စပင်။

ဟိုတစ်ရက်က နေပြည်တော် လေဆိပ်တွင် သူဌေးအစ်ကိုလေးတစ်ယောက်ကို သေနတ်တွေ၊ ဆေးပြားတွေနှင့်မိသည်။ သရက်သီးသနပ်နှင့် ဘိုင်အိုဂျက်ဆစ်ဆေးပြားတွေ မဟုတ်။ အမှန်အကန် ကျည်ဆန်ထည့်ပစ်ရသော လူသတ်လက်နက်များ။

မိမိချင်းကာလမှာပင် လုံခြုံရေး တာဝန်ရှိသူ အစ်ကိုကြီးတစ်ဦးက မီဒီယာများသို့ အင်တာဗျူးဖြေသည်။

“ကိုယ့်လုံခြုံရေးအတွက် ကိုယ်ဆောင်ထားတဲ့ အတိုလေးတွေပါ။ ဘာမှ အန္တရာယ်မရှိပါဘူး”ဟူ၏။

မှန်ပေသည်။

ထိုတာဝန်ရှိသူ အစ်ကိုကြီး ပြောသလိုပင် ဒီနေ့ ဒီအချိန်ခါကြီးတွင် အစ်ကိုလေးတို့လို လူငယ်လေးတွေဆီက အတိုလေးမိတာ ဘာမှ ကြီးကြီးကျယ်ကျယ်မဟုတ်။

မသကာ လူငယ်လေးတွေ လက်ဖက်ရည်သောက်ပြီး စိတ်တွေကြွကာ အတိုလေးနှင့် နောက်စေ့တေ့ ပစ်တာလောက်ပဲ ဖြစ်နိုင်တာ မဟုတ်လား။ ဘာမှ စိုးရိမ်စရာမဟုတ်။

သို့ပေတည့် အတိုလေးနှင့် အစ်ကိုလေး၏ လေဆိပ်ဇာတ်လမ်းက သတင်းစာမျက်နှာတွေကြား ဟော့သွားသည်။ အစ်ကိုလေး၏ ဟိုတယ်တွေ၊ နေအိမ်တွေထဲကနေ အတိုလေးတွေ ထပ်ထပ် မိသွားပြန်သည်။

“လုံခြုံရေးကုမ္ပဏီလေး ထောင်ဖို့ ဝယ်ထားတာတွေပါ။ သူဖွဲ့ထားတဲ့ အဖွဲ့ဆိုတာလည်း စိတ်ကူးယဉ်ပြီး ဖွဲ့ထားတာပါ။ ကျန်တာတော့ စစ်ဆေးနေဆဲပါ။ စစ်ဆေးနေဆဲပါ”

အစ်ကိုလေး၏ ရှေ့နေတာဝန်ကိုပါ တစ်ခါတည်း ကိုယ်စားလှယ် ပါဝါလွှဲယူလိုက်သည့် တာဝန်ရှိသူ အစ်ကိုကြီး၏ စကားတွေက ကျွန်တော့် ရင်ကို ထိရှစေသည်။

ကျွန်တော့်စိတ်ထဲတွင် ကာတွန်း ဦးအောင်ရှိန်၏ ကာတွန်းထဲမှ စိတ်ကူးယဉ်သွားလို့ပါ ဖေဖေဟု မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်တတ်သော စိတ်ကူးယဉ်ဖြူဖြူလေးကို သွားသတိရသည်။

စိတ်ကူးယဉ် အစ်ကိုလေးက အတိုလေးတွေ ကိုင်လာတာ ဘာများ အရေးကြီးလို့တုံး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲလေ။ ကုသခြင်းထက် ကာကွယ်ခြင်းက ထိရောက်တယ် မဟုတ်လား။

ဆေးပြားတွေ ဘာတွေ ဆိုတာကလည်း အစ်ကိုလေးတို့က ကျန်းမာရေး ချူချာတတ်သဖြင့် အရေးပေါ် သောက်ရန် ဆောင်ထားတာလည်း ဖြစ်မည်။ ဒါကိုပဲ လူတွေက အထအန ကောက်ကြသည်။

တာဝန်ရှိသူ အစ်ကိုကြီး ပြောသည့်အတိုင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အေကေမောင်းပြန် ဝယ်မည်ဟု ပြောသူကပြော။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အာပီဂျီ ဝယ်မည်ဟု ဆိုသူကဆို။ တင့်ကားကြီး ဝယ်မယ်ဟုလည်း ဖေ့စ်ဘွတ်ခ်ပေါ် တင်သူက တင်သည်။

ဒီအတိုင်းသာ တကယ်ဆိုလျှင် ၂၀၂၀ လောက်ကျ လမ်းမပေါ်တွင် အာပီဂျီထမ်းပြီး လျှောက်သွားနေသော သူကောင်းသားများ၊ မောင်းပြန် ရိုင်ဖယ်လွယ်ကာ ကျောင်းတက်နေသော ကျောင်းသူလေးများ၏ မြင်ကွင်းများ ဖြစ်လာနိုင်၏။

ထိုအချိန်ကျလျှင် ကားပွဲစားတန်းတွေလို လက်နက်ပွဲစားတန်းတွေ ပေါ်ချင်ပေါ်လာမည်။ အခု ဖုန်းပြင်ဆိုင်တွေလို သေနတ်ရှိုးရွမ်းများ၊ သေနတ်ပြင်ဆိုင်များ အပြိုင်အဆိုင် ပေါ်လာမည်ကို ကျွန်တော် စိတ်ကူးကြည့်မိသည်။

မြန်မာသည် စင်ကာပူကို မီမမီထက် အမေရိကန် ကောင်းဘွိုင် ကားတွေထဲမှ တက်ကဆက်ပြည်နယ်ကိုတော့ မီလာမည်က ကျန်းသေ သည်။ ထိုအခါကျမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အတိုလေးဆောင်ထား သည့် အစ်ကိုလေးသည် မြန်မာ့လက်နက်လောက၏ စွန့်ဦးတီထွင်ဖြစ်သည်ဆိုပြီး ဂုဏ်ပြုချင် ဂုဏ်ပြုကြဦးမည်။

ကျွန်တော်ကတော့ သရော်စာသမားပီပီ အဲ့ဒီလို မထော်မနန်းတွေ လျှောက်ပြီးတွေးဖြစ်လိုက်၏။ သို့သော် ကျွန်တော်ကား အတွေးသမား သက်သက်။ တကယ့် အကောင်ထည်ဖော်သူကတော့ ခုန ကာတွန်းဆရာ စိုးစံဝင်းပင်။

“ကိုဗြိ အားလား”

“အားတယ် ... ဆရာစိုး ... ဘာလဲ ... ဒီညနေ သောက်ဖို့လား”

“မဟုတ်ဘူးဗျ ... ခင်ဗျား ဟို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အတိုလေးတွေ ဆောင်ထားကြတာ သိပြီးပြီ မဟုတ်လား”

“အင်း ... သိတယ်လေ ... ဆရာစိုး”

“အဲ့ဒါဗျာ ... ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဆောင်ထားတယ် ဆိုလား။ အဲ့ဒါဆို အန္တရာယ် မရှိဘူးဆိုလား ပြောတယ်လေဗျာ”

“ဟုတ်ကဲ့ ... ဖတ်ရတယ်လေ”

“ဖတ်ရတယ် မလုပ်နဲ့ ... အခု တော်တော်များများက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သေနတ်တွေ ဝယ်မယ်၊ လောင်ချာတွေ ဝယ်မယ် ပြောကုန်ကြပြီ”

“ဖေ့စ်ဘွတ်ခ်ပေါ် လျှောက်ပြောနေကြတာပါဗျာ”

“ကျုပ်အသက်က အခုမှ ငါးဆယ်ကျော်လေးဆိုတော့ လူငယ်ဖြစ်ခါစပဲရှိသေးတယ်။ အလုပ်ကလည်း ကာတွန်းဆရာ။ ဟိုလူ့ သရော်ရ၊ ဒီလူ့ ဟာသလုပ်ရနဲ့ဆိုတော့ လိုတဲ့လူ မလိုတဲ့လူတွေ ရှိတယ်။ တော်ကြာ လူတိုင်း ကာကွယ်ဖို့ သေနတ် ဆောင်ကုန်ကြရင် ကျုပ်အတွက် ခက်မယ်ဗျ”

“ဟာ ... ဆရာကလည်း ...”

“ဆရာကလည်း မလုပ်နဲ့ ကိုယ့်လူ ... အခု ကျုပ်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ပစ္စည်းဝယ်ဖို့ စီစဉ်နေတာ”

ဒီတစ်ခါတော့ ကျွန်တော် တကယ် မျက်လုံးပြူးသွားသည်။

သူများတွေလို ဖေ့စ်ဘွတ်ခ်ပေါ်တွင် လေဖြင့် နောက်နေ စနေကြခြင်း မဟုတ်ဘဲ ဒီကာတွန်းဆရာက သူ့ကိုယ်သူ ကာကွယ်ဖို့ ပစ္စည်းဝယ်တော့မည်တဲ့။

“ဟာ ... ဆရာရယ် ... ဥပဒေနဲ့ မလွတ်ပါဘူးဗျာ ... မဝယ်ပါနဲ့ ... ဒါမျိုး တွေက အန္တရာယ်ရှိတယ် ... တော်ကြာ အစ်ကိုလေးနဲ့ အတိုလေးလိုဖြစ်နေပါ့မယ် ... အတိုလေးနဲ့ အစ်ကိုလေးကိုက ကာကွယ်ပေးမယ့်သူတွေရှိတယ် ... ဆရာ့မှာက...”

“မရတော့ဘူး ... ကိုဗြိ ... မနက်ဖြန် ညနေ အရောင်းအဝယ် လုပ်ဖို့ သိမ်ကြီးဈေး ထိပ်ကိုတောင် ချိန်းပြီးပြီ ... သူများတွေ မဝယ်ခင် ကျွန်တော် ကြိုဝယ်ထားမှဖြစ်မယ် ... ကဲ ... သွားပြီဗျာ ...”

ဆရာစိုးစံဝင်းသည် သူ၏ ခိုင်မာသောမေးရိုးကြီးကို တင်းတင်း ကြိတ်ကာ ဖြေပြီး ကျွန်တော့်အနားမှ ထွက်သွား၏။

ထို့ကြောင့် ကာတွန်းဆရာ စိုးစံဝင်းကို ရဲစခန်းသို့တိုင်ရန် ကျွန်တော် စဉ်းစားနေရခြင်းဖြစ်ပါသည်။

ဘယ့်နှယ် ကိုယ့်စာပေ လောကသားများထဲမှ အစ်ကိုလေးတွေ ထပ်ထွက်လာသည်ကို ခွင့်ပြုလို့မဖြစ်။ တာဝန်သိပြည်သူ တစ်ဦးအနေနှင့် တာဝန်ကျေရပါမည်။ တစ်ဖက်ကလည်း ဆရာစိုးစံဝင်းလို သောက်ဖော် သောက်ဖက် တစ်ဦးကို ထိုသို့လုပ်ရမည်ကလည်း မလုပ်ရက်သေး။

သို့ကလိုနှင့် သူတကယ် လက်နက်ဝယ် မဝယ် သိပြီးမှ ရဲစခန်းတိုင် မတိုင် ဆုံးဖြတ်မည်ဟု ကျွန်တော်တွေးကာ သူ အရောင်းအဝယ်လုပ်ရန် ချိန်းထားသည်ဆိုသော သိမ်ကြီးဈေးထောင့်တွင် ကျွန်တော် သွားစောင့် ကြည့်မိသည်။

ဟော့ ... တွေ့ပါပြီ ...။

ရှည်မျောမျော အရာတစ်ခုကို ပီနန်အိတ်ဖြင့် ပတ်ကာ ထမ်းပြီး လမ်းလျှောက်လာသော ကာတွန်းဆရာ။

“ဟာ ... ဆရာစိုး ... တကယ်ကြီး ဝယ်ချလာတာလား”

“ဟုတ်တယ် ... ဒါကြီး လူကြားထဲဖြေချလို့ မကောင်းဘူး။ ခင်ဗျား အိမ်လိုက်ခဲ့ပါလား။ ကျွန်တော်လည်း အကူအညီရတာပေါ့”

ဆရာစိုးစံဝင်းလက်ထဲမှ အရာကြီးကို စိတ်ဝင်စားသောကြောင့် သူ့အိမ်သို့လိုက်ရန် ကျွန်တော် ဆုံးဖြတ်လိုက်သည်။ အိမ်သို့ရောက်သောအခါ ဆရာစိုးစံဝင်းသည် ပီနန်အိတ်ဖြင့်ပတ်လာသော ထိုရှည်မျောမျော ကြီးကို စဖွင့်သည်။

“အလို ... ဆရာ ... ခင်ဗျားဟာက ... ပေါက်ပြားကြီးပါလားဗျ”

“အင်းလေ ... ကိုဗြိရဲ့ ... ခင်ဗျားက ဘာထင်လို့တုံး”

“ပြောတော့ ... ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ဆို”

“ဟုတ်တယ်လေဗျာ ... ခင်ဗျား စဉ်းစားကြည့် ... ပိုက်ဆံတတ်နိုင်တဲ့ သူဌေးတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သေနတ်တွေ ဝယ်ကိုင်တယ်ပဲထား ... ပစ်ကြခတ်ကြ ဖြစ်ကုန်တော့မယ်... အဲ့ဒီကျ ကျုပ်တို့ သေနတ် မဝယ်နိုင်တဲ့ ငမွဲတွေက ဘာလုပ်ကြမတုံး”

“ဘာလုပ်ကြမလဲ ... မသိဘူး”

“ဟ ... ကတုတ်ကျင်း တူးပြီး ပုန်းနေကြမယ်လေဗျာ ... မတော် အစ်ကိုလေးတွေ ပစ်ကြတဲ့ကျည်ဆန် ချော်မှန်လည်း တွင်းတူးခ မကုန်တော့ဘူး ပေါ့ ... ကဲ ... ကြာတယ် ... လာ ... ခင်ဗျားပါဝိုင်းကူ ... အိမ်ရှေ့မှာ ကတုတ်ကျင်း သွားတူးကြမယ် ... ပြီးရင် ခင်ဗျားအိမ်မှာလည်း ကတုတ်ကျင်း တူးထား ... ကျုပ်လည်း ဝိုင်းကူမယ်”

ထိုသို့ သို့ကလို ... အစ်ကိုလေး၏ အတိုလေး ပြဿနာ ကောင်းမှုဖြင့် ကျွန်တော်သည် ကာတွန်းဆရာစိုးစံဝင်း အိမ်ရှေ့တွင် ခါးတောင်းကို မြှောင်နေအောင်ကျိုက်ကာ ကတုတ်ကျင်း တူးနေသောအဖြစ်သို့ ရောက်ရလေသတည်း။

ဗြိတိသျှကိုကိုမောင်

  • VIA
  • TAGS