News

POST TYPE

SATIRE

လာဘ သိဒ္ဓိ ငုံးဥ
15-Oct-2017

မာမူ ဈေးရောင်းသည်။ 

ပြဿနာမရှိ။ 

လွတ်လပ်သော မြန်မာပြည်မှာ... ဘယ်နေရာမှာ ဈေးရောင်းရောင်း...။ 

ရောင်းလို့ရသည်။ စည်ပင် မဖမ်းရင်ပေါ့လေ။ 

မာမူက ငုံးဥပြုတ်ရောင်းသည်။ 

စားကောင်းမည့်ပုံပေါ်သည်။ 

ဒါကို ဘစ်ရှော့အချို့က အမြင်မကြည်ပါ။ 

မာမူသည် အန္တရာယ်ရှိလောက်သည်။ မာမူ့ အမျိုးတွေက ဗုံးတွေ ဖောက်သည်။

သေနတ်တွေပစ်သည့် ရာဇဝင်ရှိသည်။ 

ဒါကြောင့် မာမူ့ကို သတိထားရမည်ဟု တွေးကြသည်။ 

ပြီးတော့ အဏုမြူဆိုတာ သေးသေးလေး ဖြစ်သည်။ 

ငုံးဥတွေထဲ အဏုမြူတွေ ထည့်ယူလာရင် ဘယ်လို လုပ်မလဲ။ 

ငုံးဥထဲမှာ အဏုမြူတွေထည့်ပြီး ဖောက်ခွဲလိုက်ရင် နားကားမည်။ 

ငုံးဥထဲ အဏုမြူထည့်လို့ရလား မရလားတော့ မသိ။

ဒါကြောင့် မာမူ့ကို တားဆီးသည်။ 

ဒီနားမှာ မရောင်းနဲ့။ 

ဒီနားက ဘုရားနား...။ 

ခပ်ဝေးဝေးမှာ သွားရောင်း...။ ဒီနားမကပ်နဲ့။ 

နောက်တစ်ခါလာရင်တွေ့မယ်။

အဲ့လို နှင်ထုတ်ကာ ဖေ့စ်ဘွတ်စ်ပေါ်ကို တင်သည်။ 

ဗုံးဒဏ်မှ ကာကွယ်ပေးလိုက်သလိုလို။ 

တစ်မျိုးသားလုံးကို ကယ်တင်လိုက်သလိုလို...။ 

နောက်နောင် ဘုရားနားမှာ မာမူတွေကို တွေ့ရင် ပြောလာသမျှ နှင်ထုတ်မယ်။ ဆိုပြီးတော့တောင် ရေးလိုက်သေးသည်။ 

စည်ပင်တွေသာ ဘစ်ရှော့အချို့တွေလို အလုပ်လုပ်ကုန်လျှင် ခက်မည်။

အခုလို စည်ပင်လုပ်ခြင်း၏ အကျိုးဆက်ကား ဘစ်ရှော့တို့ အဆဲခံရသည်။ 

ဆဲတာမှ ပိုးစိုးပက်စက်ဆဲသည်။ ဆဲနည်းက ပေါင်းစုံသည်။ 

ပြည်သူတွေကား ဆဲရုံနှင့် မပြီး။

မာမူနှင့် အတူရပ်တည်သည်။ မာမူ့ကို ဝန်းရံသည်။

ဝီစတန်းဝစ် ငုံးဥသည်ဆိုပြီး ပုံတွေ တင်ကြသည်။

မာမူ့ကို ဝိုင်းဝန်း ထောက်ပံ့သည်။ မာမူ့ကို ထောက်ပံ့ဖို့ ဆော်ဩကြသည်။

ခေတ်ကြီးကား မာမူ့ကို မဝန်းရံလျှင်၊ မာမူ့ကို မထောက်ပံ့လျှင် လူရာ မဝင်တော့။

ဒီလိုနှင့် မာမူ့ကို ဖုန်းတွေ ဝယ်ပေးသည်။ 

ပိုက်ဆံတွေပေးသည်။

ဘစ်ရှော့တို့ ဆွေ့ဆွေ့ခုန်ပြီ။

မရောင်းရအောင် နှင်ထုတ်လိုက်ပေမယ့်... အခုတော့ မာမူမှာ အေးဆေးဖြစ်ပြီ။ 

ငုံးဥပြုတ်တောင် ရောင်းစရာ မလိုတော့...။ 

အလှူရှင်တွေကြောင့် အခုဆို အရုပ်တွေ ပြောင်းရောင်းမည်ဟု ကြားရသည်။

ဒါပေမဲ့ မာမူ့အနေနဲ့ အခြားအရုပ်တွေ ရောင်းလို့ရသည်။ သမ္မတအရုပ်ကိုတော့ ရောင်းလို့မရနိုင် ရှော့ရှိသည်။

ဒါတင်မကသေး...။ 

အာဏာရပါတီကြီးကပါ  မာမူ့ကို ဂုဏ်ပြုလိုက်သေးသည်။ 

အခုဆို မာမူ့မှာ သိန်းကို ဆယ်နှင့်ချီပြီး ရသွားသည်။ 

တချို့ကတော့ မာမူ့ကို ဒီလို ဂုဏ်ပြုတာ အမြင် မကြည်။

အာဏာရပါတီအနေနှင့် ပေါ်ပင် မလုပ်သင့်ဟု ဆိုသည်။ 

ဒီလောက်လိုလို့လားဟုလည်း ဆိုကြသည်။ 

ရခိုင်တွေ ဒုက္ခရောက်နေတာကိုတော့ ခေါက်ဆွဲခြောက်လောက်လှူပြီး မာမူ့ကို ချစ်ပြနေတာ မသင့်တော်ဟု ဆိုကြပြန်သည်။

မာမူ့ကို နှင်ထုတ်လိုက်သည့် ဘစ်ရှော့တွေကတော့ အပြင်ကို ထွက်မလာတော့...။ 

တော်တော် ရှက်နေလောက်သည်။

ဒါမှမဟုတ် တရားစွဲခံရမှာ ကြောက်လို့လား။

ဒါမှမဟုတ် အစကတည်းက ဘစ်ရှော့တွေ မရှိတာလား။

ဘာလို့လဲဆိုတော့ ဒီဇာတ်လမ်းက နှစ်တိုင်း ဖြစ်သည်။

ရွှေတိဂုံနားမှာ အခါကြီး ရက်ကြီးဆို မာမူတွေ ဈေးလာရောင်းသည်။

အဲ့အခါ ဈေးရောင်းသည့် မာမူတွေကို ဘစ်ရှော့တွေက နှင်ထုတ်။ မာမူတွေကို လူတွေကသနား။

ဘစ်ရှော့တွေကို ဆဲ။

ချဲစကားနှင့်ပြောလျှင် ကလန်ဒါကျ ဇာတ်လမ်း။

နောက်ပိုင်းမှား အဲ့ဘစ်ရှော့တွေရဲ့ သတင်းတွေကို မကြားရတော့။ ဒါပေမဲ့ နောက်တစ်နှစ်မှာတော့ ပြန်ပေါ်လာစမြဲ။

အခု ဒီတစ်ခါကတော့ တကယ်ဖြစ်လောက်သည်။

တကယ်သာဆို မာမူ့ကို လှူလေ...။ ဘစ်ရှော့တို့စိတ်ထဲမှာ ကျလိကျလိဖြစ်လေ။ 

နောက်ဆုံးတော့ အဲ့ဘစ်ရှော့တွေကလည်း ကြံဖန်ပြီး ဂုဏ်ယူလို့ရသည်။ 

ငါတို့ နှင်ထုတ်ပေးလိုက်လို့သာ ဒီမာမူ အခုလို ကောင်းစားသွားတာ။ 

ဒါပေါ့...။ 

တချို့ကတော့ ဘစ်ရှော့တွေကို တရားစွဲဖို့ မာမူ့ကို တိုက်တွန်းသည်။ 

မာမူကတော့ ဘာလုပ်မယ်မသိသေး။ 

မလုပ်သင့်ပေ...။

ဘစ်ရှော့တို့ ကျေးဇူး မာမူ့အပေါ်မှာရှိသည်။ 

ဘစ်ရှော့တွေတာ နှင်မထုတ်ရင် မာမူလည်း အခုလို အလှူငွေတွေ ရမည်မဟုတ်။ 

နာမည်ကျော်မည်မဟုတ်။ 

ကျေးဇူးရှင် ဘစ်ရှော့တွေပေါ့။ 

ကြံဖန်ပြီးကျေးဇူးတင်လို့ရသည်။

တစ်ခုတော့ စိုးရိမ်မိသည်။ 

အခုလို မာမူနှင့် ဘစ်ရှော့ဇာတ်လမ်းကို အခြားသူတွေကပါ ကူးချမှာစိုးသည်။ 

မာမူ့ကို ဘစ်ရှော့က နှင်ထုတ်လို့ မာမူ ကောင်းစားသွားတာ မဟုတ်လား။

အဲ့ဒါကို မသမာသူတွေက ပုံတူကူးချ...။ 

မာမူတွေ အများကြီးကို ခေါ်။ ဒါမှမဟုတ် မာမူနှင့် ဆင်သူတွေ အများကြီးကို ခေါ်။

ပြီးရင် ငုံးဥတွေပေး။

ငုံးဥတွေရိုးလျှင် ကြက်ဥ၊ ဘဲဥ၊ ငှက်ဥတွေ ရောင်းခိုင်းပေါ့။

ပစ္စည်းတွေ စုံလျှင်

ရွှေတိဂုံစောင်းတန်းတွေကိုသွားခိုင်း...။ 

ငုံးဥတွေရမယ်။ ကြက်ဥတွေရမယ်။ အော်... 

ပြီးရင် ဘစ်ရှော့တွေကို ခေါ်။

အင်း ဒါပေမဲ့ ဒီတစ်ခါတော့ ဘစ်ရှော့တွေကို ခေါ်လို့ရတော့မည် မထင်။

ဘစ်ရှော့တွေလည်း မှတ်သွားလောက်ပြီ။

အဲ့တော့လည်း ထုံးစံအတိုင်း ဘစ်ရှော့အတု တွေဖန်တီး။

ပြီးရင် ဘစ်ရှော့အတုတွေက မာမူ အတုတွေကို နှင်ထုတ်ခိုင်း...။

ဇာတ်ပိုနာချင်ရင် ဘစ်ရှော့တွေကို နည်းနည်း ပါးပါးရိုက်နှက်ခိုင်းလိုက်။

အဲ့အခါ မာမူတွေကို သနားကြ။

အလှူငွေတွေ ပေးကြ။ 

အာဏာရပါတီကြီး ဂုဏ်ပြုကြနဲ့...။ 

နောက်တိုင်းပြည်ကြီးမှာ...။ 

နေ့စဉ်

ငုံးဥရောင်းပွဲ...။ 

မာမူ့နှင်ထုတ်ပွဲ...။ 

အလှူငွေပေးအပ်ပွဲ...။ 

ဂုဏ်ပြုပွဲတွေနဲ့...။ 

တော်တော်ကြီး ပျော်စရာ ကောင်းပေတော့မည်။ 

ဇာတ်ပေါင်းသော် ဘစ်ရှော့တို့ကား ဗီလိန်။ 

မာမူကား မင်းသား...။ 

အလှူရှင်များနှင့် အာဏာရပါတီကား ဇာတ်ရံများ ဖြစ်ပေတော့သတည်း...။

သာဓု သာဓု သာဓု

စိုပြေ

  • VIA