News

POST TYPE

SATIRE

ငလျင် နောက်ဆက်တွဲ
28-Aug-2016
သိမ့်ခနဲ၊ ငြိမ့်ခနဲ။

မောင်ဗြိ ထိုင်နေသည့် တိုက်ခန်းကြီးက လှုပ်ယမ်းသွားသည်။

“အလို ... ဘာဖြစ်တာပါလိမ့်”

အစ်မဝမ်းကွဲ တစ်ယောက်ကတော့ ပြောဖူးသည်။ ကိုယ်ဝန်စရှိခါစတွင် အဲ့ဒီလို သိမ့်ခနဲ၊ ငြိမ့်ခနဲ မူး သွားတတ်သည်ဟု။

ဟုတ်သေးပါဘူးလေ။ ယောက်ျား စစ်စစ်ကြီးက ဘယ်ကနေ ကိုယ်ဝန် ရှိရမှာတုံး။

“ငလျင် ... ငလျင် ... ငလျင်လှုပ်နေပါတယ်တော့ ... ငလျင်လှုပ်နေပါတယ်တော်”

ဘေးခန်းက အဒေါ်ကြီးက ငယ်သံပါအောင် ထွက်အော်သည်။

ဟာ ... ငလျင်လှုပ်တာ ဆိုပါလား။

ငလျင်လှုပ်လျှင် စားပွဲခုံတွေအောက် ဝင်ပုန်းရသည်ဟု မောင်ဗြိ ကြားဖူးနားဝ ရှိထားသဖြင့် စားပွဲခုံ ရှာသည်။

ခက်တာက စာရေးဆရာ မီလျံနာ မောင်ဗြိ အိမ်တွင် စားပွဲခုံနှင့် တူတာဟူ၍ ခွေးခြေခုံပင် မရှိ။

အောက်ထပ် ဆင်းပြေးဖို့ အဆင်းအတက် လှေကားကို ကြည့်လိုက်တော့လည်း လှေကားမှာ ကိုယ့်ထက် သတ္တိကောင်းသူတွေက အလုအယက် တိုးဝှေ့ နေကြသည်။

ဘေးခန်းက အဒေါ်ကြီးကတော့ သူအော်လျှင် ငလျင်ကြီး ရပ်သွားမည်ဟု ထင်သလားမသိ။

ဝရန်တာ ထွက်ပြီး အော်နေဆဲ။

ဟော ... ငလျင်က တကယ် ရပ်သွားသည်။ တစ်မိနစ်လောက်တော့ ကြာမည် ထင်သည်။

အဲ့ဒီညနေက မောင်ဗြိတို့ နိုင်ငံတွင် နည်းနည်း ကြမ်းသောငလျင် တစ်ခု လှုပ်သွားခဲ့၏ ။

ငလျင်ကား ပြီးသွားခဲ့၏။ ငလျင် နောက်ဆက်တွဲများကား မပြီး။

အစိုးရကို ကလော်မည့်သူများကတော့ ငလျင် လှုပ်လျှင် မင်း ပြောင်းမည်၊ အစိုးရ ပြုတ်မည်ဟု ဆိုသည်။

သူတို့ အဆိုအရဆိုလျှင် ဂျပန်နိုင်ငံက အစိုးရတွေ ခဏခဏ ပြုတ်ကုန်ရောမည်။ ဂျပန်လောက် ငလျင် များသည့်နိုင်ငံ ဘယ်မှာ ရှိမည်နည်း။

အစိုးရကို ဘုန်းတော်ဘွဲ့နေသူများကလည်း တစ်မျိုး။ မေမေ့ ဘုန်းတော်ကြောင့် ဆားတွေငန်ပြီး သကြားတွေ ချိုနေပါသည်ဟု ဆိုနေရာမှ မဟာပထဝီ မြေကြီးသည် ဘုန်းတော်ကြောင့် ရုတ်တရက် မြည်ဟည်း လှုပ်ရွ သွားပါသည်ဟု ပြောင်းဖားရန် အကွက် တွေ့သွားကြသည်။

အချို့ သတင်းထောက်များကလည်း ဒါ ဟိုပါတီ လူကြီး အဘဦးဒေါသက သတင်းထောက်ကိုဆဲလို့ ငလျင်လှုပ်တာဟု ဆိုကြ၏။

အဘဦးဒေါသ ဘက်တော်သားများကလည်း ဒါ အဘကို စော်ကားပြီး သတင်းရေးလို့ ငလျင်လှုပ်တာဟု အားကျမခံ ဆိုကြပြန်သည်။

ငလျင်မလှုပ်ခင် ဖြစ်သွားသည့် အဲဒီ သောက်ရူး ပြဿနာကလည်း တစ်မျိုး။

အစိုးရနှင့် ဘာမှမဆိုင်သော ပါတီလူကြီး ဒေါသ အိုးကွဲဘဘကို သတင်းထောက်ကလေးက အစိုးရအဖွဲ့ သတင်း သွားမေးမိ၏။

အဘကလည်း ဖြေချင်လျှင် အစိုးရဝန်ကြီးတွေ အီးဘယ်နှခါ ပါတာကအစ စိတ်လိုလက်ရဖြေသည်။

မဖြေချင်လျှင်တော့ ဆဲလွှတ်တတ်သူ။

အခုလည်း ဂုဏ်သရေရှိ လူကြီးပီပီ မင်းက သောက်ရူး မင်းက သောက်ရူးဟု ခြောက်ခါတိတိ သောက်ရူးဋီကာ ပီယဝါစာဖြင့် ဆုမွန်ကောင်းခြွေပေး လိုက်သည်။

သတင်းဂျာနယ်ကလည်း သူတို့ သတင်းထောက်ကို လူကြီးတစ်ဦးက ကျောသပ်ရင်သပ်ဖြင့် သောက်ရူး ဘွဲ့ ပေးလိုက်သည့်သတင်းကို ဂုဏ်ယူစွာဖြင့် ဂျာနယ် အချပ်ပို မျက်နှာဖုံးတွင် တင်လွှတ်လိုက်သည်။

အဲ့ဒီမှာ ပြဿနာက စသည်။

အမေဂျမ်းကို ဘရာစီယာဈေး သွားမေးသည့် အပေါက်မျိုး ဖြစ်သွားသည့်အတွက် ရယ်ရခက် ငိုရခက် ကြီးပင်။

အမေဂျမ်းသည် အင်းဝခေတ်ကတည်းက ထဘီ ရင်လျားနေသော နတ်ဖြစ်သည်။ ဘယ့်နှယ် ဘရာစီယာ ဈေးသိမတုံး။

ဒါကို သွားမေးသည်ဆိုတော့ ဟိုက အမေဂျမ်း ပီပီ တုတ်လွှတ်လိုက်တာ ဖြစ်သည်။

သောက်ရူးကိစ္စ အသာထား။

ငလျင်ကိစ္စ ဆက်ရဦးမည်။

ယနေ့ ညနေတွင် လှုပ်ခဲ့သော ငလျင်နှင့် မြန်မာ့ ငြိမ်းချမ်းရေး အကြို ဆွေးနွေးပွဲနှင့် သွားတိုက်ဆိုင်နေသည်ဟု သိရသည်။

ငလျင်လှုပ်သည်နှင့် လက်နက်ကိုင် ခေါင်းဆောင်များ၊ ကိုယ်စားလှယ်တော်များ အစည်းအဝေး ခန်းမထဲက အလျင်အမြန် ပြေးထွက်လာကြသည့် ပုံများလည်း တွေ့ရသည်။

ငလျင်သာ နည်းနည်း ပြင်းလျှင် အကုန်လုံး မာလကဈာန်ကြွပြီး ငြိမ်းချမ်းရေး စောစောရရင်ရ မရလျှင်လည်း ကိုယ်စားလှယ်တော်ကြီးများ အဆင့် မြင့်မြင့် နတ်ပြည်တက် ဆွေးနွေးရမည့်ကိန်း ဖြစ်သည်။

ယခုတော့ တော်ပါသေးသည်။

ငလျင်က သိပ်မကြမ်းသဖြင့် ကိုယ်စားလှယ်တော်ကြီးများ နောက်ထပ် နှစ်သုံးဆယ်လောက် ဝိုင်လေး သောက်ရင်း ငြိမ်းချမ်းရေးကို ထပ်ဆွေးနွေးနိုင်လိမ့်ဦးမည်တော့ သေချာသည်။ (ဖွဟဲ့ ...)

စိတ်မကောင်းစရာ ကောင်းသည်က ငလျင်ကြောင့် ပုဂံရှိ ရှေးဟောင်းစေတီပုထိုးတွေ ပြိုကျခြင်းဖြစ်သည်။

အံ့သြစရာ ကောင်းသည်က အချို့ ရှေးဟောင်း စေတီများအတွင်းမှ တရုတ်လုပ် ပီဗီစီကော်ပိုက်များ ထွက်လာကြခြင်းပင်။

နရသီဟပတေ့ ခေါ် တရုတ်ပြေးမင်း လက်ထက်က ပုဂံသို့ လာတိုက်သော တရုတ်များနှင့် သွင်းကုန်စာချုပ် ချုပ်ကာ တရုတ်ပိုက်လုံးများ အင်ပို့သွင်းခဲ့သလားဟု မောင်ဗြိ စဉ်းစားမိသေးသည်။

နောက်တော့မှ ယင်းဘုရားများသည် ယခင် ယူနီဖောင်းဝတ် ဘဘကြီးများ အစိုးရလက်ထက်က ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းသည့် စူးရောက် လှသော မဟာ ဉာဏ်ပညာတော်ကြီးများ ဖြစ်ကြောင်း သိရတော့သည်။

သွားလေသူ ယူနီဖောင်းဝတ် ဘဘကြီးများ၏ ကောင်းမှုကုသိုလ် စေတနာတို့ကား ငလျင်လှုပ်မှ ပိုက် လုံးလိုက် ပေါ်လာတော့သည်တကား။

ဘာပဲဖြစ်ဖြစ် မောင်ဗြိတို့နိုင်ငံကား တဖြည်းဖြည်းနှင့် နိုင်ငံတကာ အဆင့်မီလာပြီ ဖြစ်သည်။

နွေရာသီဆို အာဖရိကကဲ့သို့ ရေပြတ်သည်။

မိုးရာသီဆိုလျှင် တရုတ်နိုင်ငံကဲ့သို့ ရေကြီးသည်။

အခု ငလျင်များပါ မကြာခဏ လှုပ်လာပြီဖြစ်သဖြင့် ဂျပန်ကိုမီဖို့ နီးလာချေပြီ။

တိုင်းပြည်တွင် ဘေးဒုက္ခ တစ်ခါ ကျသည်နှင့် အလွှာစုံမှ ပရဟိတ အလှူခံအဖွဲ့ပေါင်း တစ်သိန်းလောက် တစ်ပြိုင်တည်း ပေါ်ပေါက်လာသည်ကတော့ မောင်ဗြိတို့ နိုင်ငံကို မီမည့်နိုင်ငံ မရှိသေး။

ကုသိုလ်ရတာချင်း အတူတူ လှူတာထက် အလှူခံ လုပ်တာက ကိုယ့်ပိုက်ဆံ သက်သာတယ်ဟုများ တွေးနေကြသလားမသိ။

အလှူခံတွေက လိုအပ်တာထက် ပိုများနေသည်။

လှူမည့်သူ တစ်ရာဆိုလျှင် အလှူခံ တစ်ထောင်နှုန်းဖြင့် အချိုးကျစွာ တည်ရှိသော ပရဟိတများပင်။

ယခု ငလျင်ကိစ္စတွင်လည်း အစိုးရနှင့် သက်ဆိုင်ရာ အဆင့်ဆင့်မှ အလှူအဖွဲ့များနှင့် ပြန်လည် တည်ဆောက် ပြုပြင်မည့်အဖွဲ့များကို သေချာ ကြီးကြပ်ပေးမှ အိုကေမည် ထင်သည်။

နို့မဟုတ်လျှင် ယခုပြိုကျသည့် ဘုရားထဲက ထွက်လာသည့် ပလတ်စတစ်ပိုက်တွေ နေရာတွင် အအေး သောက်သည့်ပိုက်တံတွေ ဖြစ်ကုန်တော့မည်။

ပြောင်းလဲချိန်တန်ပြီဟု မောင်ဗြိတို့ အစိုးရမင်းများ အော်ခဲ့ကြသလို မောင်ဗြိတို့လည်း အော်ခဲ့ကြသည်။

ဒီမိုကရေစီ အစိုးရမင်း နှစ်ဆက်တိတိ၏ ဘုန်း တန်ခိုးကြောင့် ပြောင်းလဲချိန် တန်ပြီ ဆိုသည့်အတိုင်း ရာသီဥတုကအစ နိုင်ငံတကာ စံချိန်အတိုင်း ပြောင်းလဲ ခဲ့ချေပြီ။

ဘာပဲဖြစ်ဖြစ် ... မောင်ဗြိကတော့ ငလျင် နောက်ဆက်တွဲအဖြစ် အမိမြန်မာပြည်၏ သောက်တလွဲ ခြောက်ခါတွေအကြောင်း ရေးထားသည့် စာတစ်ပုဒ် ကို စိတ်မကောင်းစွာဖြင့် ရေးထုတ်လိုက်ရသည်။

ဗြိတိသျှကိုကိုမောင်


  • VIA