News

POST TYPE

SATIRE

ဆားပုလင်း မောင်ဗြိနှင့် ရိုဂါလီ
24-Sep-2017

တစ်နေ့သ၌ ကျွန်ုပ် ဒေါက်တာအဲလက်စ်နှင့် မိတ်ဆွေကြီး ဆားပုလင်းမောင်ဗြိတို့သည် ရန်ကုန်မြို့၊ လမ်းမတော်ရပ်ရှိ စာအုပ်ပလာဇာကြီးသို့ ရောက်ရှိနေလေသည်။

ထိုပလာဇာကြီးတွင် စာအုပ်တစ်အုပ်ဝယ်လျှင် မုန့်ဟင်းခါးတစ်ပွဲကျွေးသည် ဟူသော သတင်းအရ ကျွန်ုပ်တို့ မိတ်ဆွေနှစ်ဦးသည်လည်း စာဖတ်ခြင်းကို ဝါသနာကြီးသည့်သူများ ဖြစ်သည့် အားလျော်စွာ အဟောင်းပုံထဲမှ ဆယ့်ငါးမိနစ်အတွင်း သောက်ကျိုးနည်း အောင်မြင်နည်းဟူသော ငါးရာကျပ်တန်စာအုပ် တစ်အုပ်စီ ဝယ်ယူခဲ့ကြလေသည်။

“ကဲ...ဒေါက်တာရေ...စာအုပ်တွေတော့ ဝယ်ပြီးပြီ... ဒီစာအုပ်နှစ်အုပ်ပြပြီး ပလာဇာပိုင်ရှင်တွေဆီမှာ မုန့်ဟင်းခါးစားလက်မှတ် နှစ်စောင် ထုတ်ရမယ်ဆိုတော့ ခင်ဗျား...ရုံးခန်းကို သွားထုတ်ဗျာ...အဲ့ဒီရုံးခန်းထဲမှာ ဘယ်သူမှတော့ တွေ့ရမှာ မဟုတ်ဘူး...ဒါပေမဲ့...အဲ့ဒီရုံးခန်းရဲ့  ညာဘက်အစွန်ဆုံး အခန်းလေးကို တံခါးသုံးချက် ခေါက်ပြီး ဆားပုလင်းမောင်ဗြိ  တရားခံနဲ့အတူ ရှိနေပြီ... လိုက်ခဲ့ပါလို့သာပြောလိုက်... လူတစ်ယောက် ထွက်လာလိမ့်မယ်... အဲ့ဒီလူနဲ့ ဒေါက်တာနဲ့ ကျုပ်ဆီသာ လာခဲ့ကြဗျာ...ကျုပ်ကတော့ ဟို ဝါးကုလားထိုင်လေးတွေမှာ ရှိမယ်”

ဆားပုလင်းမောင်ဗြိသည် သူ၏ အောင်မြင်ခံ့ညားလှပြီး ညှို့ဓာတ်အပြည့်ပါသော ညှောင်နာနာ အသံဖြင့် အထက်ပါအတိုင်း ပြောလေလျှင် ကျွန်ုပ်မှာ နှစ်ပေါင်းများစွာ အတူတကွ အမှုများ လိုက်ခဲ့သည့်အလျောက် ကိုမောင်ဗြိတွင် တစ်စုံတစ်ရာအကြောင်း ရှိပြီဟု ရိပ်စားမိချေ၏။

ကျွန်ုပ်က တစ်စုံတစ်ရာ မေးမြန်းခြင်းပြုရန် ဟန်ပြင်သော်လည်း ကိုမောင်ဗြိကား ကျွန်ုပ်အနားမှ အလွန်သွက်လက်သော ခြေလှမ်းများဖြင့် အိပဲ့အိပဲ့ ထွက်ခွာသွားပေပြီ။

ကျွန်ုပ်လည်း ‘တာဝန်မှအပ မဝင်ရ’ ဟု ရေးထားသော ပလာဇာရုံးခန်း အတွင်းသို့ တွန်းဝင်လိုက်သောအခါ ကိုမောင်ဗြိ ပြောသည့်အတိုင်းပင် မည်သူမျှ မတွေ့ရချေ။

သို့နှင့် ကျွန်ုပ်လည်း အခန်း၏ ညာဘက်အစွန်းတွင် Toilet ဟု ရေးထားသော အခန်းငယ်လေးတစ်ခုအား တွေ့သည်နှင့် တံခါးကိုခေါက်ကာ ဆားပုလင်းမောင်ဗြိ ပြောခိုင်းသည့်အတိုင်း ပြောလိုက်လေသည်။

ခဏအကြာတွင် တံခါးပွင့်သွားပြီးနောက် လူတစ်ယောက်ထွက်လာပြီး ကျွန်ုပ်အား အောက်ပါအတိုင်း ပြောလေသည်။

“ခင်ဗျား...ဒေါက်တာအဲလက်စ် ထင်ပါရဲ့...ကိုမောင်ဗြိ ဘယ်မှာလဲ”

ကျွန်ုပ်လည်း စကားမပြောဘဲ နောက်ကလိုက်ခဲ့ရန် အချက်ပြလိုက်သည်နှင့် ထိုသူလည်း ကျွန်ုပ်နောက်မှ သွက်သွက်လှမ်းကာ လိုက်လာလေသည်။

ပလာဇာထောင့်စွန်းရှိ ဝါးကုလားထိုင်များ အနားသို့ ရောက်သောအခါ ကိုမောင်ဗြိသည် ကြမ်းပြင်တွင်ထိုင်လျက် ဝါးကုလားထိုင်များနောက်မှ မှန်ချပ်များကို စိတ်ဝင်တစား ကြည့်ရှုနေသည်ကို တွေ့ရသည်။

ကျွန်ုပ်တို့ သူ့အနား ရောက်သွားကြသည်နှင့် ကိုမောင်ဗြိသည် မျက်ရိပ်ပြကာ ထိုင်ခိုင်း၏။

“ကဲ...ကိုဟန်နီ...ခင်ဗျားပြောတဲ့ ခေါင်းမွေးဖြူ အဘိုးအိုဆိုတာ... သူပဲမဟုတ်လား” ဟု မေးလိုက်လျှင် ကိုဟန်နီဆိုသူက ခေါင်းညိတ်လေသည်။

ကျွန်ုပ်ကား သူတို့နှစ်ယောက် ပြောနေသည်ကို နားမလည်သဖြင့် ဝါးကုလားထိုင်ပေါ်တွင် ဖုန်းတစ်လုံးကိုင်ကာ ထိုင်နေသော အဘိုးအိုကိုသာ အကဲခတ်နေမိ၏။

အဘိုးအိုသည် တစ်ခေါင်းလုံး ဖွေးနေသောဆံပင်၊ မျက်နှာပေါ်ရှိ အရေးအကြောင်းများစွာ၊ ချောင်ကျနေသောနားထင်နှင့် မျက်တွင်းများ၊ ပိန်ချည့်ချည့် ဖြူလျော်လျော်ဖြင့် အားနည်းနေဟန် ရှိ၏။

သို့သော်ငြား သူ၏လက်ထဲတွင်ကိုင်ထားသော ဖုန်းအပြားလေးကို စူးစိုက်ကြည့်နေသည့် သူ့မျက်လုံးမျာကတော့ ဖျော့တော့သော သူ့ပုံသဏ္ဌာန်နှင့် မလိုက်ဖက်စွာ အရောင်တလက်လက် တောက်နေသည်ကို တွေ့ရသည်။

“ဟုတ်တယ်...ကိုမောင်ဗြိ...ခဏနေ...သူ လုပ်ငန်းစတော့မယ်...စောင့်ကြည့်နေပါ” ဟု ကိုဟန်နီက ပြောလိုက်လေသည်။

ဆားပုလင်းမောင်ဗြိကား လွန်စွာတည်ကြည် ခံ့ညားသောဟန်ဖြင့် မချိုမချဉ် ပြုံးလိုက်ရင်း...

“ခဏနေ မဟုတ်ပါဘူး...ကိုဟန်နီ...အခုကို...လုပ်ငန်းစနေပါပြီ... သူ အသံထွက်မလာသေးလို့ပါ...ခင်ဗျား လူကြီးက ပေါ့သေးသေးတော့ မဟုတ်ဘူးဗျ...သူ့ထဲမှာ ဂျပန်ပြည်ဖြစ်တွေချည်းပဲ”

ဆားပုလင်းမောင်ဗြိက ထိုသို့ပြောလိုက်လျှင် ကိုဟန်နီ ဆိုသူမှာ တွန့်ခနဲ ဖြစ်သွားလေ၏။

“ဒါနဲ့...သူ့ထဲကဟာတွေက ဂျပန်ပြည်ဖြစ်တွေ ဆိုတာ ကိုမောင်ဗြိ ဘယ်လိုသိလဲ”

“ဟိုမှာလေဗျာ...သူ့နောက်မှာ မှန်ရှိတယ်...မှန်ထဲကနေ ကျွန်တော်က ထိုင်ကြည့်နေတာ...အသံထွက်လာတာနဲ့...ကျွန်တော်က လှုပ်ရှားမယ်...ဒေါက်တာနဲ့ ကိုဟန်နီက သူထွက်ပြေးမယ်ကြံရင် ဖမ်းဖို့ တာဝန်ယူပါ”

ဆားပုလင်းမောင်ဗြိနှင့် ကိုဟန်နီတို့၏ စကားများကို ကျွန်ုပ်က နားမလည် ဖြစ်နေစဉ် အဘိုးအိုထိုင် နေရာထံမှ ကြောက်မက်ဖွယ်ရာ အသံစူးစူးရှရှကြီးများ ထွက်လာလေသည်။

အသံထွက်လာသည်နှင့် တစ်ပြိုင်နက် ဆားပုလင်းမောင်ဗြိသည် အဘိုးအို ထိုင်နေရာဆီသို့ တစ်ဟုန်ထိုး ပြေးသွားပြီးနောက် လွှားခနဲခုန်ကာ လက်ထဲက ဖုန်းကို လုယူလိုက်လေသည်။

ကျွန်ုပ်နှင့် ကိုဟန်နီတို့လည်း ထွက်ပြေးရန် ပြင်ဆင်နေသော အဘိုးအိုကို တစ်ဖက်တစ်ချက်စီက ဝင်ချုပ်လိုက်လေ၏။

ဆားပုလင်းမောင်ဗြိ၏ လက်ထဲသို့ လက်ကိုင်ဖုန်း ရောက်သွားသည်နှင့် ထိုအသံအနက်ကြီးများသည် အလွန်တရာမှ အံ့သြစရာကောင်းလှအောင် ပျောက်ခြင်းမလှ ပျောက်သွားလေသည်။

ဆားပုလင်းမောင်ဗြိသည် အနီးအနားမှ ကော်ဖီဆိုင်မှ မိန်းမပျိုလေးများအား အဆိုပါဖုန်းကို မြှောက်ပြသောအခါ မိန်းမပျိုလေးများက ဆားပုလင်းမောင်ဗြိအား ကယ်တင်ရှင်ကြီးသဖွယ် ဝိုင်းဝန်းကြည့်ကြသဖြင့် ကျွန်ုပ်ပင် မနာလိုဝန်တိုစိတ် ပေါ်မိပေသည်။

သို့သော်ငြား ကျွန်ုပ်၏ မိတ်ဆွေကြီး ဆားပုးလင်း မောင်ဗြိသည် မိန်းမနှင့် ပတ်သက်လာလျှင် အနေအထိုင် တည်ကြည်လွန်းသူဖြစ်ပြီး ဆယ်တန်းကျောင်းသား ဘဝကတည်းက ကျောင်းသူအိမ်သာ သွားချောင်းမှုဖြင့်  ကျောင်းအုပ်ကြီးက ကြိမ်ဖြင့်ဆော်သည်ကိုပင် ဖင်တုတပ်ပြီး အရိုက်ခံသည်အထိ ယောက်ျားပီသသူ ဖြစ်လေ၏။

ကျွန်ုပ်တို့လည်း ထိုအဘိုးအိုကို ဖမ်းဆီးလာပြီး ရုံးခန်းအတွင်းသို့ ဝင်လိုက်သောအခါ ရုံးခန်းအတွင်းတွင် အင်းစိန်စီအိုင်ဒီမှ အိုင်ပီမြင့်ဦး ရောက်ရှိနေသည်ကို တွေ့ရလေသည်။

“အိုင်ဆေး...ကိုမောင်ဗြိရေ...အမှုတွေက ကိုမောင်ဗြိဆီ မလာတော့ ကိုမောင်ဗြိက အမှုတွေဆီ လိုက်နေရတယ်ထင်ပ...ဒါနဲ့...ဒီသက်ကြားအို အဘိုးကြီးက စာအုပ်ဆိုင်တွေချည်းရှိတဲ့ ဒီနေရာမှာ ဘာပြစ်မှုများ ကျူးလွန်လေသလဲဗျ”

အခန်းတွင်းသို့ ဝင်ဝင်ချင်း အိုင်စီအက်စ်မြင့်ဦးက ထိုသို့ပြောလိုက်လျှင် ကိုမောင်ဗြိသည် ပြုံးလျက် သာနေလေ၏။

“ဒီလိုပါဗျာ... ကျွန်တော်တို့ ဒီပလာဇာကို စဖွင့်ကတည်းက နေ့ခင်းဘက်ဆို ဒီအဘိုးကြီးက တက်လာတယ်။ ပြီးတော့ စာအုပ်ဝယ်သူတွေ၊ စာဖတ်သူတွေနားဖို့ ချပေးထားတဲ့ ဝါးကုလားထိုင်တွေမှာ ထိုင်ပြီး ကန်တော့ပါရဲ့ ညစ်ညမ်းကားတွေကို ကြည့်တယ်ဗျာ... ဒီတိုင်းကြည့်ရင် တော်သေးတယ်... အခုဟာက အသံကို အကျယ်ကြီး ဖွင့်ကြည့်တာ...အဲ့ဒီတော့ ပလာဇာကိုလာတဲ့ အမျိုးသမီးတွေ၊ စာအုပ်ဆိုင် ဝန်ထမ်းမလေးတွေနဲ့ ဘယ်သင့်တော်မတုံးဗျ...အဲ့ဒါနဲ့ ကျွန်တော်က ခု ဆားပုလင်းမောင်ဗြိကို အကူအညီတောင်းပြီး လက်ပူးလက်ကြပ်ဖမ်းခိုင်းရတာပါပဲ...တောက်... ဒီ လူကြီးဗျာ...အသက်ကြီးမှ ကိုယ့်ဘာသာ ဘူးထရင်လည်း အသံတော့ တိုးတိုးလုပ်ပေါ့ဗျာ”

ကိုဟန်နီက ဒေါသတကြီး ပြောနေချိန်တွင် ဆားပုလင်းမောင်ဗြိသည် တစ်စုံတစ်ခုကို တွေးတောနေပြီ ဆိုလျှင် သူလုပ်တတ်သည့် အကျင့်အတိုင်း တင်ပါးကိုသာ တဗြင်းဗြင်းကုပ်နေလေ၏။

“ကဲ...ကိုဟန်နီ...ပြောမနေပါနဲ့တော့...ကျွန်တော် ကောက်ချက်ဆွဲရသလောက်တော့ သူဟာ နားလေးနေပုံပဲဗျ... မှန်း..ဒေါက်တာရေ...သူ့အိတ်ထောင်ထဲကို တစ်ချက်လောက် နှိုက်ကြည့်ပေးပါဗျာ...နားကြားကိရိယာလေးရှိရင် ရှိနိုင်တယ်”

ဆားပုလင်းမောင်ဗြိက ထိုသို့ဆိုလျှင် ကျွန်ုပ်လည်း အဘိုးအို၏ အိတ်ကပ်ကို နှိုက်ကြည့်ရာ နားကြားကိရိယာလေး တစ်ခုကို တွေ့ရသဖြင့် အလွန်ပင် အံ့သြသွားလေသည်။

“ကဲ...ဒေါက်တာ...တစ်ဆက်တည်း အဲ့ဒီကိရိယာလေးရဲ့ နောက်က ဓာတ်ခဲထည့်တဲ့ နေရာမှာ ဓာတ်ခဲမရှိဘူး ဆိုတာလေးပါ အတည်ပြုပေးပါဦး”

ကိုမောင်ဗြိ ပြောသမျှ မှန်နေသဖြင့် ကျွန်ုပ်တို့ အားလုံးမှာ တအံ့တသြ ဖြစ်ကြရလေ၏။

“မအံ့သြကြနဲ့ဗျ...သိပ်ရိုးစင်းပါတယ်...ခုန သူကြည့်နေတဲ့ဟာတွေက မိတ်အင်ဂျပန်ဇာတ်ကားတွေ...တော်ရုံလူတောင် နားမခံသာဘူး...ဒါကို သူက အသံအကျယ်ကြီးဖွင့်တယ် ဆိုတော့ နားထိုင်းနေလို့ လို့ ကျုပ် ကောက်ချက်ဆွဲကြည့်တာ...နားထိုင်းတဲ့ သက်ကြီးရွယ်အို တော်တော်များများမှာ နားကြားကိရိယာလေးတွေ ပါတတ်လို့လည်း ခုနလို စမ်းခိုင်းကြည့်တာ... အဲ...ပါပါလျက်နဲ့ မသုံးဘူးဆိုတော့ ဓာတ်ခဲမရှိလို့ပေါ့ဗျာ...နော့”

ဆားပုလင်းမောင်ဗြိက ထိုသို့ရှင်းပြမှ ကျွန်ုပ်တို့အားလုံးလည်း ထိုအချက်ကို တွေးမိလေတော့သည်။

“ကဲ...ဒီ အဘကိစ္စကတော့ ခဏနေ ပုလိပ်ဘက်ကလည်း လာကြတော့မှာဆိုတော့ ပြီးပြီပေါ့... ဒါနဲ့ အိုင်စီအက်စ်ဦးမြင့်ဦးက ဘာကိစ္စများတုံးဗျ...”

“ဒီလိုဗျာ ကိုမောင်ဗြိ...အခု ကျုပ်တို့နိုင်ငံ ကြုံနေရတဲ့ အခြေအနေကို ခင်ဗျားလည်း အသိပဲ။ ဟိုး  အနောက်ဘက်က ဘင်္ဂါလီတွေကို ကျုပ်တို့က အကြမ်းဖက်သတ်ဖြတ်တယ်ဆိုပြီး နိုင်ငံကြီးတွေက စွပ်စွဲနေကြသဗျ။ အဲ့ဒီလို ပုံဖော်နေတဲ့ သတင်းဌာနတွေကလည်း ရှိနေတယ်လေ...”

“အင်း... ဒီကိစ္စက ရယ်တော့ ရယ်ရသားဗျ။ နို့နေပါဦး... အခုက လူတွေသေတယ်...ထွက်ပြေးရတယ်ပေါ့ဗျာ... ဒီကိစ္စကို အနောက်ဘက်နိုင်ငံတွေက လူသားချင်းစာနာတယ်ပေါ့...နေစမ်းပါဦး...ဟိုးအရင် အီရတ်တို့၊ အာဖဂန်တို့မှာ ဗုံးကြဲခံရပြီး အစုလိုက် အပြုံလိုက် မာလကီးယား ကုန်တာကရော လူတွေ မဟုတ်ဘူးလားဗျ။ အဲ့ဒီနေရာတွေကနေ အသည်းအမဲ ထွက်ပြေးရတာလည်း လူတွေပဲ မဟုတ်လား”

“ဟုတ်တယ်လေ...ကိုမောင်ဗြိ”

“အဲ...နောက်တစ်ခုက...အဲ့ဒီတုန်းက လူတွေသေအောင် လေကြောင်းကနေ ဗုံးကြဲတာကရော...အခု လူသားချင်းစာနာပါတယ်ဆိုပြီး ကျုပ်တို့ကို ရှုတ်ချနေတဲ့ လူတွေပဲ မဟုတ်လား...ကျုပ်တို့ဆီကမှ မြေပြင်မှာ ဂျင်ကလိလောက်၊ သေနတ်လောက်နဲ့ ဖြစ်ကြတာပါဗျာ... သူတို့က ကလေးလူကြီးမရှောင် ဗုံးတန်နဲ့ချီ ကြဲချခဲ့တာပဲ...ဒီလိုဆို...သူတို့ ဗုံးကြဲချခဲ့တဲ့ လူတွေက လူတွေမဟုတ်ဘူးဆိုတဲ့ သဘောလား... အဲ့ဒီလူတွေကို ဗုံးကြဲခဲ့တဲ့ သူတို့ကရော အပြစ်မရှိတော့ဘူးတဲ့လား”

ဆားပုလင်းမောင်ဗြိ၏ စကားအဆုံးတွင် အိုင်စီအက်စ် ကိုမြင့်ဦးသည် ခေါင်းကိုသာ တွင်တွင်ခါယမ်းနေ၏။

“ဟုတ်တယ်...ကိုမောင်ဗြိ...ခက်တာက...နိုင်ငံခြားသတင်းဌာနတွေက ဒီဘင်္ဂါလီတွေကို ရိုဟင်ဂျာ ဆိုတဲ့ အမည်တပ်ပြီး ကျုပ်တို့ နိုင်ငံသားတွေပါလို့ အတင်းထိုးကျွေးနေတဲ့ ပြဿနာဗျ...ဒီလူတွေက ဘယ်ကလူတွေလဲ ဆိုတာ ကျွန်တော်တို့ သက်သေပြဖို့ လိုမယ်...ကိုမောင်ဗြိ”

အိုင်စီအက်စ် ကိုမြင့်ဦး၏ စကားဆုံးသည်နှင့် ဆားပုလင်းမောင်ဗြိသည် သူ့ထုံးစံအတိုင်း တင်ပါးကို တဗြစ်ဗြစ်မြည်အောင် ကုပ်လိုက်ပြီးနောက်... အနီးဆုံး စာအုပ်ကောင်တာ တစ်ခုဆီသို့ ထသွားလေ၏။

အတန်ကြာပြီးနောက် စာအုပ်တစ်အုပ်ကို ယူလာကာ အိုင်စီအက်စ်ကိုမြင့်ဦး ရှေ့သို့ပစ်ချပြီး အောက်ပါအတိုင်း ပြောလိုက်လေသည်။
“ဒီလို ပြောကြကြေးဆို ကျုပ်တို့ဘက်ကလည်း ဒီရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ပြောတဲ့လူတွေ ဘယ်ကလာလဲဆိုတဲ့ အထောက်အထား တိတိကျကျပြလို့ ရပါတယ်ဗျ”

ကိုမြင့်ဦးသည် ဆားပုလင်းမောင်ဗြိအား တစ်လှည့်၊ စာအုပ်အား တစ်လှည့် မယုံမရဲဖြင့် ကြည့်ပြီးနောက်...

“ဟာ...ကိုမောင်ဗြိက...နောက်ရော့မယ်... ဒါ ရှိတ်စပီးယားပြဇာတ်စာအုပ် မဟုတ်လားဗျ...အဲ့စာအုပ်ထဲမှာ ဘယ့်နှယ် ဒီရိုတွေ...ဘင်္ဂါလီတွေကိစ္စက ပါပါ့မလဲ”

ကိုမြင့်ဦးက စောဒကတက်သည်နှင့် ဆားပုလင်းမောင်ဗြိသည် လွန်စွာမှ နားထောင်ကောင်းသော ညှောင်နာနာအသံဖြင့် ရယ်လိုက်ပြီး -

“အခု ရိုဟင်ဂျာလို့ နိုင်ငံတကာမှာ ပြောနေကြတဲ့သူတွေက သူတို့နာမည်ရှေ့မှာ ရိုဆိုတာ တပ်ကြတယ် မဟုတ်လားဗျ... ဥပမာ - ရိုရွှေမောင်တို့၊ ရိုနေလင်းစိုးတို့ ဆိုတာ ခင်ဗျားလည်း ကြားဖူးမှာပေါ့”

“အင်း...အဲ့ဒါတော့ ဟုတ်တယ်လေ...ဒါပေမဲ့ အဲ့ဒါ ရှိတ်စပီးယားနဲ့ ဘာဆိုင်လို့တုံး ကိုမောင်ဗြိရဲ့”

“ဂန္ထဝင် အင်္ဂလိပ်ပြဇာတ်ရေးဆရာကြီး ဝီလျှံရှိတ်စပီးယားရဲ့ ပြဇာတ်စာအုပ်ထဲက အခန်းသုံးကို လှန်ကြည့်လိုက်ပါ ကိုမြင့်ဦးရေ... သူ့ပြဇာတ်နာမည်က ရိုမီယိုနဲ့ ဂျူးလိယက်တဲ့ဗျ... ဇာတ်ကောင်နာမည်က ရိုမီယိုနော်... အဟင်း... ၁၆ ရာစုက ရှိတ်စပီးယားကတော့ မောင်တော မရောက်ဖူးလောက်ဘူးဗျ... ဒီအချက်ကို ကြည့်ခြင်းအားဖြင့် နာမည်အစမှာ ရိုတပ်ထားကြတဲ့ ဒီမောင်တွေဟာ အင်္ဂလန်နိုင်ငံသားတွေဖြစ်ဖို့ ရာခိုင်နှုန်း များတာပေါ့ဗျာ...အင်္ဂလန် မဟုတ်တောင် ပြဇာတ်ထဲမှာ အခြေပြုထားတဲ့ အီတလီ မြို့သားတွေ နေမှာပေါ့ ... ဟုတ်တယ်မဟုတ်လား ... ကိုမြင့်ဦးရဲ့... ဟားဟား”

လွန်စွာမှ ဉာဏ်ပညာဗဟုသုတဖြင့် ပြည့်စုံသော ကိုမောင်ဗြိ၏ ရှင်းလင်းချက်များကို ကျွန်ုပ်နှင့် အိုင်စီအက်စ် ကိုမြင့်ဦးတို့ တွေးတော့မဆုံးခင်မှာပင် အစောပိုင်းက ကျွန်ုပ်တို့ ဖမ်းဆီးခဲ့သော စာအုပ်ပလာဇာပေါ်မှ အဘိုးအိုသည် ပုလိပ်အရာရှိများနှင့်အတူ ဖြတ်သွားသည်ကို တွေ့ရလေသည်။

အဘိုးအိုကို မြင်သည်နှင့် ဆားပုလင်းမောင်ဗြိသည် ထိုင်နေရာမှထပြီး အဘိုးအိုနှင့် ပုလိပ်သားများ ရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားလေသည်။

ထို့နောက် အဘိုးအို၏ ရှေ့တည့်တည့်သို့ ရပ်လိုက်ပြီး အောက်ပါအတိုင်း အောင်မြင်ခံ့ညားစွာ ပြောလိုက်လေတော့သည်။

“အဘ...မသွားခင်လေး...ဖုန်းဇတ်ပြာလေး ဖွင့်ပြီး...ကျွန်တော့်ဖုန်းထဲ...ဟိုကားလေးတွေ ပစ်ထည့်ပေးခဲ့ပါဦး”

ဗြိတိသျှကိုကိုမောင်