News

POST TYPE

SATIRE

ခပ်သိမ်းသော သူတို့၏ သောကမျက်ရည်ကို မောင်ဒင်၏ လက်အစုံဖြင့် သုတ်ပါအံ့
17-Sep-2017 tagged as ရခိုင်

(တစ်)

နေရာကား ယိုးဒယားပြည် အမ်မခန်အရပ်ရှိ ကျွန်ုပ်၏နေအိမ်ဖြစ်၍ အချိန်ကား ယိုးဒယားဘာသာ စကားဖြင့် ဆောင်ထုန်း ခေါ်  ည ခုနစ်နာရီဝန်းကျင် ဖြစ်၏။ မှောင်မိုက်လျက်ရှိသော အိမ်အပြင်ဘက် တစ်ခိုတွင် နီယွန်မီးရောင်အချို့သည် ညအမှောင်ကို အန်တုလျက် ရှိကြ၏။ ညနေချိန်က အိပ်တန်းပြန်ခဲ့ကြသော ငှက်မျိုးစုံတို့ကား သိုက်မြုံတွင် ဟောက်သံကိုယ်စီဖြင့် အိပ်မောကျနေလောက်ကြလေပြီ။

ယင်းသို့သော အချိန်ကာလသမယ၌ ကျွန်ုပ်နှင့် တပည့်ကျော်တစ်သိုက်သည် အနောက်ဥရောပထွက် ဥရောပ ဝိုင်ပုလင်းမျိုးစုံ၊ ဝက်သစ်ချသားဖြင့် စီမံအပ်သော ဝိုင်စည်အချို့အပြင် မြောက်မြားစွာသော ကမ္ဘာကျော် ယမကာပုလင်းများဖြင့် တင်ထားသည့်စင်များဖြင့် မွမ်းမံထားအပ်သည့် ကျွန်ုပ်၏ ဧရာမ ထမင်းစားခန်းကြီးထဲတွင် ညစာသုံးဆောင်ကြရန်အလို့ငှာ ဝိုင်းဖွဲ့ထိုင်လျက် ရှိကြ၏။

ကျွန်ုပ်တို့ရှေ့တွင် တစ်ဝက်ကျော် ဖြည့်ထားသော ဝိုင်ခွက်ကိုယ်စီ ရှိနေကြ၏။ ထိုသို့ ညစာမသုံးဆောင်ကြမီ ရှေ့ပြေးအဖြစ် မှီဝဲနေကြသည့် ယင်းဝိုင်အရက်မှာ တံဆိပ်အမည်ကို ကျွန်ုပ်ကိုယ်တိုင် မဖတ်တတ်သော ပြင်သစ်ပြည်ဖြစ် ကမ္ဘာကျော် ဝိုင်အမျိုးအစား ဖြစ်၏။ ထို့အတူ ဖူးခက်မြို့ကြီးရှိ နာမည်ကျော် ဟိုတယ်ကြီးများမှ မှာယူထားသော အမြည်းစားဖွယ်တို့သည်လည်း စားပွဲနှင့် မဆံ့အောင်ပင် အဆင်သင့် ရှိနေကြ၏။

ထိုစားမြိန်စားဖွယ်တို့တွင် မြောက်အန္တိာတိက တိုက်အရပ် ဆွီဒင်နိုင်ငံမှ တင်သွင်းသော ဆယ်လ်မွန် ငါးကင်၊ တစ်ကီလိုလျှင် ဘတ်ငွေနှစ်ထောင့်ငါးရာတန်သော (Lobster) ခေါ် ပုစွန်တုပ်ကြီးသုပ်၊ အရှေ့အလယ်ပိုင်း ပါရှန်နိုင်ငံမှ သိုးသား၊ ဒိန်းမတ်နိုင်ငံမှ အမဲသား၊ တစ်ကောင်လျှင် မြန်မာငွေကျပ် ငါးသိန်းခန့်မျှ ကျသင့်သည့် သီရိလင်္ကာနိုင်ငံထွက် ကဏန်းကြီး မဆလာချက် စသည်တို့ ပါဝင်ပြီး အခြားသော အမည်စုံလင်လှသည့် စားဖွယ်တို့ကိုကား ကြွားလုံးထုတ်ရာ ရောက်မည်ဖြစ်၍ ဆက်လက်မဖော်ပြလိုတော့ပြီ။

(နှစ်)

အလုပ်နားရက် စနေနေ့ညတိုင်းတွင် မောင်ဒင့် မဟာကရုဏာတော် ရေစီးကမ်းပြိုလိုက်လျက် တပည့်ကျော် တစ်သိုက်အား တည်ခင်းကျွေးမွေးသည့် ကြီးကျယ်ခမ်းနားလှသော စားပွဲကြီး ဖြစ်လင့်ကစား ထူးခြားစွာ တိတ်ဆိတ်ငြိမ်သက်လျက် ရှိ၏။

ခါတိုင်းရက်များတွင် ဝေသာလီပြည်မှ ဟိုတယ်ကြီးကို ဘီလူးဝင်စီးသည့်အလား ပါးဖြဲနားပြဲ ဗိုက်ကွဲထွက်မတတ် မျိုဆို့ကြရုံမက အန်ဖတ်ပါဆို့အောင် သောက်တော်မူကြသော တပည့်တို့ကား ဝိုင်ခွက်ကိုယ်စီကိုင်ရင်း ငေးငိုင်လျက် ရှိကြကုန်၏။ ခြင်းရာကား ထူးခြားလှပေသည်မို့ တိတ်ဆိတ်ခြင်းကို ကျွန်ုပ်ကပင် စတင်ဖြိုခွင်းလိုက်ရသည်။

“ဟေ့။ မောင်ကပ္ပလီငယ် ဆြာတပည့်။ ခါတိုင်းကဲ့သို့ ငတ်ကြီးမကျ ပါးစပ်ကြီးဟလျက်သား ငေးငိုင်နေသည်မှာ အဘယ်ကြောင့်ပေနည်း”

“လိမ္မာသလိုလိုနှင့် ဉာဏ်အိုလှချည့်ကော၊ ဟန်သာအပြည့် အဆန်နတ္ထိနှင့် ငါ့ဆြာ။ ရခိုင်အရေး စိုးစဉ်းမျှပင် မကြားပြီလော။ သည်အရေး ရတက်မအေး လှသည်မို့ အဘယ်သို့လျှင် အပင်းဆို့ပါအံ့နည်း”

ကပ္ပလီ၏လေသံမှာ ကျေးဇူးရှင်ကို သရော် စော်ကားသည့်လေသံ ဖြစ်၏။ သို့သော် ဂုရုဆြာ မဟာပဏ္ဍိတ် ဟိတ်အပြည့် ရှိလေသည့် ကျွန်ုပ်ကား အမျက်မသို သောလေသံဖြင့်သာ တုံ့ပြန်လိုက်ရချေသည်။

“ပညာရှိ သတိဖြစ်ခဲ ဆိုသမို့ အကြောင်းစုံကို လင်းစမ်းပါဦး မောင်ရယ်”

“ဆြာ၊ ဆြာနဲ့ အတော်ချာတဲ့ ကလချာပါကလား။ ပြီးခဲ့တဲ့အပတ်တုန်းက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်မှာ အကြမ်းဖက်သမားတွေက နယ်ခြားစောင့် ရဲကင်းစခန်း ၃၀ လောက်ကို တစ်ပြိုင်တည်း ဝင်စီးတာ အကျအဆုံး များကုန်ပြီဆြာရေ။ အပြစ်မဲ့ ဒေသခံ အရပ်သားတွေလည်း အသတ်ခံရတဲ့အပြင် အိုးအိမ်တွေစွန့်ပြီး ထွက်ပြေးနေကြရသတဲ့ ခင်ဗျ”

“အောင်မယ်လေးဟဲ့။ ဒါလေးများ မောင်ရယ်။ ဘာပါလိမ့်လို့ ငါဆြာမှာ ဗျာပါထိတ်လိုက်ရတာ။ အနှီအကြောင်း ဆိုရင်တော့ သောကရတက်အေးစွာ ခပ်ဖြည်းဖြည်း တစ်ခွက်သာ မော့လိုက်ပေတော့မောင်။ မင်းရို့ဆြာကြံရင် ခံနိုင်ရိုးလားကွယ်”

(သုံး)

တပည့်ကျော်ကပ္ပလီသည် ဝိုင်ခွက်ကို တစ်စက်မျှမကျန် ဂွတ်ခနဲမော့လိုက်ရင်း မယုံသင်္ကာကြည့်ဖြင့် ကျွန်ုပ်အား တစ်ချက်လှမ်းကြည့်ရင်း လျှာဆက်ရှည်ပြန်ချေသည်။

“သိပ်လည်း အလွယ်မပြောနဲ့ဆြာ။ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာလည်း ခေတ်မီအမ်အိုင်ဂျီ တိုက်လေယာဉ်၊ အက်ဖ်(၇) နဲ့ လေယာဉ်တင် သင်္ဘောကြီးတွေ အသင့်နေရာယူထားပြီတဲ့။ ဆြာ့တပည့်တော့ ဒီအရေးမှာ ကိုယ်တိုင်သာ ရှေ့တန်းထွက်ပြီး တိုက်လိုက်ချင်တော့တယ်”

“တယ်ခက်ပါကလား မိကျောင်းသားရယ်။ ငါဆြာက စိတ်အေးဆိုရင် စိတ်ချလက်ချ အေးလိုက် စမ်းပါလကွာ။ ကဲ စားမှာစားစမ်းကွာ။ ရော့ မစားခင် ဝိုင်နောက်တစ်ခွက်ချလိုက်ဦး”

ဤတွင် ကပ္ပလီငယ်သည် ကျွန်ုပ် ကမ်းပေးလိုက်သော ဝိုင်ခွက်ကို ဆတ်ခနဲ လှမ်းယူလိုက်ရင်း တစ်ကီလို ဘတ်နှစ်ထောင့်ငါးရာတန် ပုစွန်တုပ်ကြီးသုပ်ပန်းကန်ကို ၎င်း၏ရှေ့သို့ ဆွဲယူလိုက်သည်၏ တစ်ခဏ၌ တောဇီးကွက် မျောက်ကုတ်သည့် မျက်နှာထားနှင့် ညောင်နာနာ လေသံ ထွက်လာပြန်သူမှာ လေမင်းသားဖြစ်၏။

“အင်း...၊ ဒီခေတ်ကြီးမှာ စစ်တိုက်တယ်ဆိုတာ သူတင်ကိုယ်တင် ဒိုင်းညှောင့်ဒိုင်းညှောင့် လုပ်နေကြရုံနဲ့ မပြီးဘူးဆြာ။ သတင်းခေတ်ကြီးမှာ ဝါဒဖြန့်ချိရေး ဆိုတာလည်း သိပ်အရေးကြီးတယ်။ ခုတော့ တစ်ကမ္ဘာလုံးက မီဒီယာတွေ ဝိုင်းပြီး သတင်းမှားဖြန့်လိုက်ကြတာ တပည့်တို့ တိုင်းပြည်ဟာ လူမျိုးတုံး သတ်ဖြတ်နေပါတယ်လို့တောင် အစွပ်စွဲခံနေရ ခင်ဗျ။ ဒီအကြောင်းကို တွေးရင် မိအေးနှစ်ခါနာရတဲ့ အဖြစ်ကို အသည်းနာလွန်းလို့ ဘာမှစားချင်သောက်ချင်စိတ်တောင် မရှိတော့ပါဘူး ဆြာ”

“သြော်၊ သင်းလည်း ဒီအရေး တွေးပူနေရှာသကိုး။ ပူတတ်ရန်ကော မောင်ရယ်။ လူ့ပြည်မှာ မင်းရို့ဆြာ လူလာဖြစ်တာ သတ္တဝါတွေကို ကယ်မဖို့ကွဲ့။ ကဲ၊ ကဲ၊ စိတ်အေးအေးထားပြီး အပင်းဆို့မှာသာ ဆို့ပေတော့”

လေမင်းသားကား ကျွန်ုပ်အား သံသယ အတိပြီးသော မျက်လုံးအစုံဖြင့် လှမ်းကြည့်ရင်း ဝိုင်ခွက်ကို တစ်ကျိုက်တည်းမော့ကာ သိုးသားပြုတ်ပန်းကန်ကို ၎င်း၏ရှေ့သို့ လှမ်းဆွဲလိုက်ပြန်သည်ကို အကင်းပါးလှသော ကျွန်ုပ် ကောင်းစွာသတိထားမိ၏။ ဇာတ်လမ်ားး ဤတွင် တစ်စခန်း မရပ်နိုင်ပြန်သေးချေ။ တစ်ချိန်လုံး အဆွံအအကဲ့သို့ နှုတ်ဆိတ်နေခဲ့သော၊ အာရုံ ခေါ် ဖေကြည်က အစထောင်လာပြန်ချေသည်တမုံ့။

(လေး)

“အာမခံ လွယ်လှချည့်လားဆြာရယ်။ ရခိုင်ပြဿနာရဲ့ နောက်ဆက်တွဲက မသေးလှဘူးနော်။ အခု လတ်တလော ကြားနေရတဲ့ သတင်းတွေအရ ယီမင် အကြမ်းဖက် ခေါင်းဆောင်ကတောင် မြန်မာပြည်မှာ ဂျီဟတ်စစ်ပွဲ ဆင်နွှဲဖို့ တိုက်တွန်းသတဲ့။ ဒါကြောင့် မြန်မာပြည်ရဲ့ မြို့ကြီးတွေမှာ လုံခြုံရေး အစီအမံတွေ လုပ်နေရပြီတဲ့ ခင်ဗျ။ ဘယ်နှယ့်လုပ် စားဝင်အိပ်ပျော်ပါ့မတုံး ဆြာရယ်”

ကြွက်စုတ်ရေမွန်းနေသကဲ့သို့ ရှိသော ဖေကြည်ငယ်၏ မျက်နှာကား သူ၏စိုးရိမ်ကြောင့်ကြ ဗျာပါရကို ထင်ရှားစွာ ဖော်ပြလျက် ရှိသည်မို့ အိမ်ရှေ့ပူ အိမ့်နောက်မချမ်းသာ သင်း၏အပူမီးကို ကျွန်ုပ် ငြှိမ်းသတ်ရပြန်၏။
“ဖြစ်ရလေ ဆြာ့တပည့်ရာ။ ကြံကြောက်လှည်း အောက်မအိပ်လေနဲ့တဲ့။ ဒီအရေးက မောင်ရင်ထင်သလောက် ပူစရာ မဟုတ်ပါဘူးလေ။ ဆြာ့တာဝန်သာထား။ စားမှာစားလကွဲ့”

သည်တစ်ကောင်မှာကား ဆြာ့စကားကို နားဝင်သည်လား၊ ကျန်တပည့်ကျော် နှစ်ယောက်ထက် နောက်ကျလျှင်ဖြင့် အခက်ဟူ၍ တွေးမိသည်လော မဆိုနိုင်၊ ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်ရင်း သိုးသားပေါင်းပန်းကန်ကို လှမ်းဆွဲကာ...၊

“ဆြာ့အနေနဲ့ ဒီလောက်တောင် အာမခံနေပြီ ဆိုရင်ဖြင့် တပည့် သိပ်မပူတော့ဘူး။ ထည့်ပါဦးခင်ဗျ။ ဝိုင်နောက်တစ်ခွက်။ ဒါနဲ့ ဘေးအန္တရာယ်အသွယ်သွယ်နဲ့ ကပ်ကြီးသုံးပါး ကျော်နင်းနိုင်မယ့် ဆြာ့နည်းလမ်းလေး မစပါဦးခင်ဗျာ။ စားရင်းသောက်ရင်း နားထောင်ရတာပေါ့”

သို့နှင့် ကျွန်ုပ်လည်း ကျွန်ုပ်၏ အိတ်ထောင်ထဲတွင် အမြဲတစေ အဆင်သင့်ဆောင်ထားသော စာရွက်တိုကလေးများကို တပည့်တစ်ဦးချင်းစီအား တလေးတစား ကမ်းပေးလေရာ ထိုစာရွက်ငယ်ပေါ်မှ စာသားများကို သင်းတို့ သံပြိုင်နီးပါး ဖတ်ရှုရွတ်ဆိုကြသည်မှာ အောက်ပါအတိုင်း ဖြစ်လေ၏။

“သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတသဟဿာနိ၊ နမာမိ သိရသာမဟံ။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေဥပဒ္ဒဝေ။ အနေကာ အန္တရာယာပိ၊ ဝိနဿန္တု အသေသတော”

(ငါး)

စာရွတ်သံ ဆုံးသည်နှင့် သုံးကောင်စလုံး သောက်လက်စ ဝိုင်သီး ကုန်ကြသောကြောင့် ဖွီးခနဲ ထွေးထုတ်လိုက်ကြရင်း ထွက်ပေါ်လာသည့် အသံကား ဤသို့ တည်း။

“အာ... အဟုတ်မှတ်လို့ ဖတ်မိပါတယ်။ လက်စသတ်တော့ ဆြာ့ဥစ္စာက သံဗုဒ္ဓေဂါထာကြီးပဲဗျ”

တပည့်ကျော်တို့၏ ပေါ့တန်တန် တုံ့ပြန်ချက်ကြောင့် ဝိုင်အရှိန်ကလေး ရနေသော ကျွန်ုပ်၏ ဒေါသစိတ်သည် ငယ်ထိပ်သို့ ရောက်ရှိသွားလေသည်။

“ဟ။ ငတုံးတွေရ။ တုံးလှချည့်လား။ ရခိုင်အရေးကို ကျော်လွန်နိုင်ဖို့ ဓားကိုဓားချင်း၊ လှံကိုလှံချင်း တုံ့ပြန်ဖို့ဆိုတာ လွယ်တယ် ထင်သလားကွ။ မကြာခင်ကဖြစ်ခဲ့တဲ့ ကိုးကန့်စစ်ပွဲကို နမူနာယူစမ်းပါလေ။ ခြင်းကြားတပ်ကြီးနဲ့ ခေတ်မီတိုက်လေယာဉ်၊ တိုက်သင်္ဘောတွေကို ဘယ်လိုယှဉ်ပါ့မတုံး။ ခေတ်မီတပ်မတော်ကြီး ဖြစ်လာဖို့ လူထုနဲ့ တစ်သားတည်းရပ်ဖို့ လိုတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လိုတယ်။ ဒါမှ နိုင်ငံသားတိုင်း အသိဉာဏ်သုတ ရှိလာမယ်။ လူစွမ်းလူစ ရှိလာမယ်။ အဲဒီအချိန်ကျရင် ဘယ်မအေ့လင်ရန်ကိုမှ တစိမ့်စိမ့်တွေးပြီး ကြောက်ချေးပန်းနေစရာ မလိုတော့ဘူးလေ။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလို အဓိကကျတဲ့ ခြေလှမ်းတွေ မလှမ်းနိုင်သေးသရွေ့တော့ ဒီတစ်ပူပြီး နောက်တစ်ပူ၊ အပူပေါ် အပူဆင့်ပြီး ပူလွန်းလို့ ပြာကျသေကြရင်တောင် အပူတွေ ငြိမ်းနိုင်စရာအကြောင်း မရှိဘူးလဟေ့။ အဲဒီအခြေအနေ မရောက်ခင် သံဗုဒ္ဓေဂါထာတော်ကြီးကို ရွတ်နေတာ ထက်ကောင်းတဲ့အလုပ် ဘယ်မှာရှိပါမတုံး မောင်တို့ရာ”

ကျွန်ုပ်၏စကားအဆုံးတွင် တပည့်ကျော် သုံးဦးသားမှာ ဝိုင်ခွက်ကိုယ်စီကိုင်ရင်း ငေးငေးငိုင်ငိုင်ဖြစ်လျက် ရှိကြ၏။

ဤတွင် ကျွန်ုပ်သည် ကျွန်ုပ်၏ အောင်မြင်ခံ့ညားလှသော အသံဝါကြီးဖြင့် သံဗုဒ္ဓေ ဓမ္မသီချင်းကြီးကို သီဆိုကြွေးကြော်ရင်း တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်ရပြန်ချေ၏။

(မြို့တိုင်းရွတ်ကြပါလေ၊ နယ်တိုင်းရွတ်ကြ ဂါထာသံဗုဒ္ဓေ။ ရွာတိုင်းရွတ်ကြပါလေ၊ အိမ်တိုင်းရွတ် ကြ ဂါထာသံဗုဒ္ဓေ)၂
(မြန်နယ်ပြေ၊ မယွင်းချွတ်စေ၊ ရွတ်ဖတ်ကြ သံဗုဒ္ဓေ။ အန္တရာယ်တွေကင်းလွတ်မလေ၊ ရွတ်ဖတ်ကြ သံဗုဒ္ဓေ)၂။
စည်းစိမ်ရွှေငွေ၊ ရတနာမိုး ဂါထာတန်ခိုးနဲ့ သွန်းဖြိုးလို့ဝေ။ ဘေးရန်ခပ်သိမ်း၊ ကင်းငြိမ်းနိုင်ကြစေ၊ မြန်တိုင်းဌာနေ၊ အေးချမ်းလို့ သာယာဖို့အခြေ၊ ဂါထာတော် ထူး၊ ကျူးနိုင်ကြစေ၊ သံဗုဒ္ဓေ၊ သံဗုဒ္ဓေ၊ ဘေးအပေါင်း၊ မကောင်းတို့၊ ဝေးကွာရှောင်းမယ့်၊ ကောင်းတဲ့သံဗုဒ္ဓေ။

မင်းဒင်