News

POST TYPE

SATIRE

ဘီယာဘူး နိုင်ငံရေး
“ရောက်နေတာ ကြာပြီလား ကိုစိုး”

လက်ထဲက ဈေးခြင်းတောင်းကို အသာချပြီး ကျွန်တော်မေးလိုက်တော့ ကိုစိုးက ခေါင်းညိတ်ပြသည်။

“ဖိုးထိန် မရောက်သေးဘူးလား”

ကိုစိုးက ခေါင်းကိုသာ ထပ်ခါပြပြီး သူ့လက်ထဲတွင် ကိုင်ထားသော ဘီယာဘူးကို မော့သောက်နေ၏။ ဘီယာဘူးကို ပလတ်စတစ်အိတ် အနက်ရောင်လည်း ပတ်ထားသေးသည်။ ကျွန်တော်၊ ကိုစိုးနှင့် ဖိုးထိန်တို့က ညနေတိုင်းနီးပါး ဒီ City Express စတိုးဆိုင်ငယ်လေးတွင် ဆုံနေကျ။

အမှန်ဝန်ခံရလျှင် ကျွန်တော်တို့ သုံးယောက်လုံးသည် ဒီဆင်မင်းဈေးထဲသို့ ဈေးခြင်းတောင်းကိုင်ကာ အိမ်က မဟေသီမှာသမျှ လာဝယ်ရသည့် ဈေးဝယ်ပုရိသကြီးများ။

ကျွန်တော်တို့ထုံးစံက ဈေးဝယ်စရာရှိတာ ဝယ်ပြီးလျှင် City Express စတိုင်းဆိုင်သို့ဝင်ပြီး ဘီယာနှစ်ဘူးလောက် ဝယ်ကာ ဆိုင်ရှေ့အမိုးအကာလေး အောက်မှာပင် မတ်တတ်ရပ် သောက်လျှင်သောက်၊ သို့မဟုတ် ထိုင်သောက်ကြသည်။ အနီးအနားတွင် ဘီယာဆိုင်ကြီးများ ရှိသော်လည်း ဘီယာနှစ်ခွက်လောက်ဖြင့်လည်း ဝင်မထိုင်ချင်ကြ။ အိမ်မှာသောက်လျှင်လည်း သူ၏ ကညာမဒီ လေဒီဂါဂါများက ရွှေစိတ်တော် ငြိုမည်ငြင်မည်ကို စိုးရပြန်၏။

ဒါကြောင့် ကျွန်တော်တို့ City Express ကိုပင် အားကိုးရတော့သည်။ ဒီနေရာလေးမှာပင် ဘီယာနှစ်ဘူးကို သောက်ကြရင်း ကျွန်တော်တို့ စကားတွေ ပြောဖြစ်ကြသည်။

ကိုစိုးက ကာတွန်းဆရာ၊ ဖိုးထိန်ကတော့ အိမ်၊ ခြံ၊ မြေ ကုမ္ပဏီတစ်ခုတွင် ဝန်ထမ်း။ သူတို့အားလုံးက ရုံးဆင်းချိန်ဆိုလျှင် ကိုယ်စီအိမ်သူများထံ ဖုန်းဆက်ပြီး ညနေစာမီနူးအတွက် ဈေးဝယ်ရန် ညွှန်ကြားချက် တောင်းခံပြီး ဈေးဝင်ဝယ်ရသည်။

ဈေးကို သွက်သွက်လက်လက် ဝယ်ပြီးသည်နှင့် City Express ထဲ ဘီယာဘူး ဝင်ဝယ်ပြီး ဆိုင်ရှေ့နေရာလွတ်လေးတွင်ပင် ဂလုရင်း စကားပြောကြသည်။ ကိုစိုး၏ ထူးခြားချက်က တစ်နေ့လျှင် ဘီယာတံဆိပ် တစ်မျိုး ပြောင်းသောက်ခြင်းပင်။

ထိုသို့ ပြောင်းသောက်သည်က မထူးခြား။ ကိုစိုးက ဘီယာလေးများကို နာမည်ပေးထားသည်က ပိုစိတ်ဝင်စားစရာ ကောင်းနေ၏။

“ဒီနေ့ မူကြိုတက်တယ်ဟေ့” ဟု ကိုစိုးက ဆိုလျှင် ကိုစိုးလက်ထဲတွင် ABC ဘီယာ ဖြစ်သည်ဟု ကျွန်တော်တို့ သိကြသည်။

“ဒီနေ့ ရေတွေကြီးတယ်၊ ကားတွေပိတ်တယ်ကွာ” ဟု ကိုစိုးကပြောလျှင် သူ့လက်ထဲ ပလတ်စတစ် အိတ်အမည်းဖြင့် ပတ်ထားသည့် ဘီယာဘူးသည် ဒဂုံဘီယာ ဖြစ်သည်ဟု မှတ်ပေ။

မန္တလေးဘီယာ ဆိုလျှင်တော့ ကိုစိုးက “China Town ဘက် ခြေဦးလှည့်နေသဟေ့” ဟု တစ်မျိုး။

“မင်းနှစ်ပါးရဲ့ စီးတော်ယာဉ် စီးကြည့်တာ” ဆိုလျှင် တိုက်ဂါးဘီယာ။
“သင်္ကြန်ကျတယ်ဟေ့” ဆိုလျှင် တူးဘို့ ဘီယာ ဖြစ်မည်က ဧကန်။
“ခရိုနီဓာတ်စာလေး သုံးဆောင်မယ်” ပြောလျှင် သေချာပြီ ရိုးမဘီယာ။

မြန်မာဘီယာ သောက်ပြီဆိုလျှင်တော့ မနေ့ညက ဘောလုံးပွဲတွင် သူလောင်းသည့်အသင်း ရှုံးလာသည်က သေချာပေါက်။

ထီထွက်၊ ချဲထွက်သည့်ရက်များ ဆိုလျှင်တော့ သူက Regal 7 ပဲ သောက်ပြန်သည်။ ၇ ဆိုသည်က ကံကောင်းဆိုသည့် နံပါတ်မဟုတ်လား။

ထိုသို့ ထူးထူးဆန်းဆန်း အတွေးလေးများဖြင့် ကိုစိုး၏ စကားလုံးများကို မြည်းရင်း ကျွန်တော်တို့သည် ဘီယာကို သွက်သွက်လေး သောက်ကြရသည်။

ဒီကနေ့လည်း ကိုစိုးက စကားတစ်ခု ပြောပြန်သည်။

“ကိုဗြိရေ... မြန်မာပြည်က ဝန်ကြီးတွေ ခေတ်အဆက်ဆက် လာဘ်စားလာတာ ဘာကြောင့်လဲ ခင်ဗျား တွေးမိလား”
“အာဏာရှင်စနစ်၊ ကြိုးနီစနစ်နဲ့ လူတန်းစား ကွာဟမှုကြောင့်ပေါ့...ကိုစိုးရ”
“မဟုတ်ဘူးဗျ... သေမှာကြောက်လို့”
“ဟမ်...ဘယ်လို...ဘယ့်နှယ်...ခင်ဗျားဟာက မဟုတ်သေးပါဘူး...သေမှာကြောက်တာနဲ့ လာဘ်စားတာနဲ့”

“ဒါပြောရင် သမိုင်းနဲ့ချီ ပြောရလိမ့်မယ်ဗျ... ၁၉၄၇ ခုနှစ်လောက်က စရလိမ့်မယ်...၁၉၄၇ မေလ မှာ ဘကြီးဘဘေဟာ လာဘ်စားတဲ့အတွက် ကက်ဘိနက်ဝန်ကြီး နေရာကနေ ဗိုလ်ချုပ်ကိုယ်တိုင် ထုတ်ပစ်လိုက်တယ်... သူ့နေရာမှာ ဗိုလ်ချုပ်အစ်ကို ဦးဘဝင်းကို အစားထိုးလိုက်တယ်လေ...ဟော့...မကြာပါဘူး...ဇူလိုင်လလည်းကျရော ကက်ဘိနက် အစည်းအဝေးကို ဦးစောတို့ ဝင်ပစ်ကြတော့ အသစ်စက်စက်ဝန်ကြီး ဦးဘဝင်း သေပါလေရောလား...အောင်မယ်...လာဘ်စားတယ်ဆိုပြီး ထုတ်ခံရတဲ့ ဝန်ကြီး ဦးဘဘေကျ သေဘေးက လွတ်သွားတယ်ဗျာ... အဲ့ဒီကစပြီး ဝန်ကြီး အဆက်ဆက်က ဘကြီးဘဘေကတော့ လာဘ်စားလို့ သေဘေးက လွတ်တယ်ဟလို့မှတ်ပြီး အကုန်စားလိုက်ကြတာမှ နှစ်ပေါင်းခြောက်ဆယ်ကို ကျော်ပါရောလေ”

“အလို...ကိုစိုးရယ်...ခင်ဗျားနှယ့်...ပေါက်ပေါက်ရှာရှာဗျာ...ဟားဟား”

တစ်ရက်တော့ ကျွန်တော်လည်း မိန်းမဝယ်ခိုင်းလိုက်တဲ့ ကန်စွန်းရွက်နဲ့ ဝက်သားငါးဆယ်သား ဝယ်ပြီး ထုံးစံအတိုင်း ဘူးလေးကိုင်မော့ဖို့ စတိုးဆိုင်ကို လာခဲ့သည်။ အရင်ကဆို အစောရောက်နေကျ ကိုစိုးကို မတွေ့ရ။ ဖိုးထိန်တစ်ယောက်သာ စတိုးဆိုင်ရှေ့ အမိုးအောက်လေးမှာ ဘီယာဘူးလေးကို အသာကိုင်ပြီး ထိုင်နေတာ တွေ့ရ၏။

“ဟေ့ရောင်...ဖိုးထိန်...ဒီနေ့ ကိုစိုး မလာသေးဘူးလားကွ”
“မလာသေးဘူး...အစ်ကို...ကျွန်တော်တောင် သုံးဘူးမြောက် ဖြစ်နေပြီ...ဒီဘဲကြီး ဒီနေ့ ဘာဖြစ်လဲ မသိဘူး”
“အေးကွာ...သူမရှိတော့ ပျင်းခြောက်ခြောက်ကြီး”
“ဟုတ်တယ်...အစ်ကိုရာ...ကိုစိုး တော်ကီတွေ နားမထောင်ရတော့ ပျင်းတယ်...ဘယ်လိုကြီးလဲ မသိဘူး”

အဲ့ဒီနေ့တော့ ဖိုးထိန်လည်း စောစောပြန်သွားပြီ ကျွန်တော်လည်း ဘီယာနှစ်ဘူး မြန်မြန်သောက်ပြီး ပြန်လာခဲ့လိုက်သည်။ ထိုနေ့က ကိုစိုး မလာလို့လား မသိ။ ကျွန်တော်လည်း အလွဲလွဲအချော်ချော်။

မိန်းမ မှာလိုက်သည့် ကြောင်စာ မေ့လာသည့်အတွက် နောက်တစ်ခေါက် ဈေးသို့ ပြန်ထွက်ရပြန်သည်။ ဈေးရောက်တော့ စတိုးဆိုင်ရှေ့တွင် ကိုစိုးကို ရှာမိသေးသည် မတွေ့။

ကြောင်စာဝယ်ပြီး ပြန်လာပြန်တော့ အိမ်က ကြောင်များ အချင်းချင်း ပြန်ကိုက်နေသဖြင့် ကြောင်ရေဖျန်းပွဲ ကျင်းပပေးရသေး၏။ အိမ်က ကြောင်တွေကတော့ တော်တော်ခက်သည်။

အိမ်ကို သိပ်ဒုက္ခမပေးသည့် စာကလေးတွေ၊ အိမ်မြှောင်တွေဆို အသေခုတ်သည်။ စာကလေး၊ အိမ်မြှောင်များ မခုတ်ရလျှင် ကိုယ့်အချင်းချင်း ကုတ်ကြ၊ ကိုက်ကြသည်။ နောက်ဖေးတွင် သောင်းကျန်းနေသည့် ကြွက်စုတ်တွေကို ခုတ်ဖို့ကျ အိပဲ့အိပဲ့နှင့်။

ထားတော့ ဒါက သူတို့ ကြောင်ရေးကြောင်ရာ ကိစ္စတွေ ကိုယ်သိပ်နားမလည်။

နောက်တစ်နေ့ကျ ကိုစိုးနှင့် ဈေးထဲက ကြက်ဥဆိုင်တွင် တည့်တည့်ကြီး ဆုံကြပါသည်။

“ကိုစိုး...မနေ့က ပေါ်မလာပါလားဗျ”
“အေးကွာ... ဟိုတစ်နေ့ညနေက မင်းတို့နဲ့ သောက်ပြီး ပြန်သွားတယ်။ ညဘက်ကျ နောက်ဖေးအိမ်က ဘိန်းစားက ငါတို့ နောက်ဖေးခြံစည်းရိုးကို ဖြဲဝင်ပြီး မော်တာလာဖြုတ်ခိုးတာ။ အဲ့ဒါ ငါက မနိုးဘူး... ငါ့မိန်းမပဲ နိုးတော့... သူက အော်တာနဲ့ ငါလည်း နိုးလာပြီး မော်တာဖြုတ်နေတဲ့ သူခိုးကို တုတ်နဲ့ ဆော်ထည့်လိုက်တယ်... ပြီးတော့ ဒီကောင်က နောက်ဖေးအိမ်ကကောာင် ဖြစ်နေတော့ ခြံစည်းရိုးကျော်ပြီး ပြေးပါလေရောလား”

“အဲ့ဒါ...ကိုစိုးတို့က ရဲစခန်း မတိုင်ဘူးလား”
“ဟေ့ကောင်ရေ...ငါက တိုင်ဖို့နေနေသာသာ သူက အရင်ရပ်ကွက်ရုံးပြေးပြီး သူ့ကို ငါက တုတ်နဲ့ ရိုက်နေပါတယ်... သူတင်မက သူ့သားသမီးတွေကိုပါ ရိုက်ပါတယ်ဆိုပြီး သွားတိုင်လို့ကွာ”

“ဟာ...အစ်ကို့ဟာကလည်း အမှန်က ကိုယ်က သူခိုးထက် ဦးအောင်သွားတိုင်ရမှာကို”
“အေးကွာ အိမ်မှာလည်း သူခိုးဝင်တာ ခြံစည်းရိုးကို ပြီးစလွယ်ကာခဲ့လို့တို့၊ အိပ်ရာက မနိုးလို့တို့နဲ့ ကိုယ့်အိမ်သားအချင်းချင်း ကွိုင်နေတာကို အရင်ဖြေရှင်းနေရတာနဲ့ သူခိုးက ကိုယ့်ပြန်တိုင်တဲ့အဖြစ် ဖြစ်သွားတာ”

“အင်း...အစ်ကို့အဖြစ်ကလည်း ကျွန်တော်တို့ အိမ်က ကြောင်ကြီးတွေအတိုင်း အချင်းချင်းပဲ ကိုက်ကြပြီး...ကြွက်ကျတော့ တို့ထိတို့ထိ လုပ်နေသလိုပါလား”

ဈေးဝယ်ပြီးသည့်နောက် ကိုစိုးက နောက်ဖေးအိမ်က သူခိုးပြဿနာတွေး၊ ကျွန်တော်က အိမ်က ကြောင်ကြီးတွေ အကြောင်းတွေးရင်း ကိုယ်စီသက်ပြင်းများချရင်း စကားမပြောမိကြ။

ထိုနေ့က စတိုးဆိုင်လေးရှေ့တွင် ကျွန်တော်တို့ မြန်မာဘီယာပဲ သောက်ဖြစ်ကြပါတော့သည်။

ဗြိတိသျှကိုကိုမောင်