News

POST TYPE

SATIRE

စိုပြေ ဘဘကြီးကို မဆဲနဲ့
20-Aug-2017 tagged as

စိုပြေ သည်းမခံနိုင်တော့။ စိုပြေကို ကြိုက်သလောက်ဆဲ။ ကြိုက်သလောက် ပုတ်ခတ်။ ဘာမှမဖြစ်။ ပျော်တောင် ပျော်သေးသည်။ စိုပြေ့ကို လူရာသွင်းတာပဲလို့ ကိုယ့်ဟာကိုယ် အထင်ကြီးမိသည်။ 

ဒါပေမဲ့ နိုင်ငံခေါင်းဆောင်တွေကို ဆဲနေရင်တော့ စိုပြေ သည်းမခံနိုင်။ ခေါင်းဆောင်တွေမှ မဟုတ်ပါ။ အခြားသော အနုပညာရှင်တွေ၊ နာမည်ကျော်တွေကို ထိရင်လည်း မခံနိုင်။ 

“မင်းမခံ သူ့ဟာသူ ခံမှာပေါ့” လို့ ပြောမလားတော့ မသိ။ 

သူ့ဟာသူ ခံနေလည်း စိုပြေကတော့ မခံပါဘူး။ ဒါကြောင့် စိုပြေလည်း ၆၆ (ဃ) ကို သုံးတော့မည်။ 

အမေစုကိုကြည့်။ တိုင်းပြည်အတွက် ဒီလောက်လုပ်တာ။ နှစ်ပေါင်းများစွာ အနစ်နာခံခဲ့တာ။  ဒါတွေကိုမှ မထောက်။ အမေစုကို ဆဲတဲ့လူနဲ့။ ပုတ်ခတ်တဲ့လူနဲ့။ နာမည်ဖျက်တဲ့လူနဲ့...။ 

အဲ့လိုလူတွေကို စိုပြေ သည်းမခံနိုင်။ ဒါကြောင့် အမေစုကို ပုတ်ခတ်စော်ကား ဆဲဆိုနေသူတွေကို စိုပြေ တရားစွဲမည်။ ပုဒ်မ ၆၆ (ဃ) နဲ့ကို စွဲမည်။ အဲ့ ဥပဒေ မပြင်ခင်ကို တရားစွဲမည်။ ဥပဒေ ပြင်လိုက်ရင် စိုပြေ တရားစွဲလို့ မရဘဲ ဖြစ်သွားမည်...။ 

ဒါပေမဲ့ ပြန်ကြည့်လိုက်တော့ အမေစုကို ဝန်းရံသူတွေက အများသား။ စိုပြေ တရားမစွဲလည်း အမေစုကို စော်ကားသူတွေကို အခြားလူတွေက တရားစွဲနေကြတာပဲ။ နည်းတာမှ မဟုတ်။ အမေစုကို စော်ကားလို့ ဦးထင်ကျော်ကို စော်ကားလို့ ထောင်ထဲရောက်သွားသူတွေတောင် ရှိတာပဲ။ ကောင်း၏။ ဒါမှမှတ်မှာ...။ 

အဲ့တော့ အမေစုနဲ့ သမ္မတကြီးအတွက်တော့ စိတ်ချရပြီ။ ဒါပေမဲ့ အခြားလူတွေအတွက် စိတ်မချရသေး။ 

ဟိုတစ်လောက ဆရာစည်သူအောင်မြင့်နဲ့ တွေ့တော့ ပြောဖြစ်သည်။ 

“စာဖတ်နေသူကြီး အဆန်းပါလားဗျ။ အရင်က ဆိုးခဲ့သလောက် အခုတော့ တော်တော်ငြိမ်နေတယ်။ သူ့ကို ဘယ်သူဆဲဆဲ ဘာမှပြန်မလုပ်ဘူး။ တရားမစွဲဘူးနော်... အံ့သြစရာပဲ...။ ပြီးတော့ သူ့ကိုဆဲလို့ ဆိုပြီးတော့လည်း သူ့နောက်လိုက်တွေက တရားစွဲမပေးကြပါလား” လို့...။ 

အဲ့တော့ ဆရာစည်သူအောင်မြင့်က ပြန်ပြောသည်။ 

“အဲဒီ့ ဘဘကြီးကို အွန်လိုင်းပေါ်မှာ ဆဲသူတွေကို ခင်ဗျား တရားစွဲကြည့်ပါလား... တဲ့...။ အဲ့ဒါဆိုရင် ခင်ဗျားလည်း နာမည်ကြီးမယ်။ ပြီးတော့ သူ့ဆီကတောင် အထောက်အပံ့တွေ လာချင်လာနိုင်တယ်” ဆိုပြီး စိုပြေ့ကို မြှောက်ပေးသည်။ 

အဲ့ကတည်းက စိုပြေလည်း စဉ်းစားနေတာ။ လုပ်ရင်ကောင်းမလား၊ မလုပ်ရင် ကောင်းမလား။  လုပ်လိုက်ရင်တော့ နာမည်ကြီးမှာ သေချာသည်။ စိုပြေက ဘဘကြီးကိုယ်စား တရားစွဲသကွဆိုပြီး အွန်လိုင်းပေါ်မှာ ပေါက်မည်။ ဂျာနယ်တွေ၊ သတင်းစာတွေမှာလည်း ပါလာနိုင်သည်။ ဘဘကြီးကို ထောက်ခံသည့် ဂျာနယ်မှာဆို မျက်နှာပြူးပြူးကြီးနဲ့ အင်တာဗျူးတာပါ ခံရနိုင်သည်။ ပြီးတော့ အထောက်အပံ့တွေကလည်း လာနိုင်သည်။ 

ဒါပေမဲ့ သေချာတာကတော့ လူမုန်းများမည်။ အခန့်မသင့်ရင် ချောင်းရိုက်တာပါ ခံရနိုင်သည်။ ဒါကလည်း ကိစ္စတော့မရှိ။ ဦးဝီရဲ့လူတွေ ရှိသည်။ ဒါပေမဲ့ လောလောဆယ်တော့ စိုပြေ့ကို ဦးဝီရဲ့ လူတွေက သိပ်မကြည်။ သို့သော် ဦးဝီရဲ့လူတွေ ဝန်းရံလာအောင်လည်း လုပ်ရတာ လွယ်သည်။ 

ဦးဝီကို ဆဲဆိုနေသူတွေကိုပါ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်၊ တရားစွဲ။ သူတို့လည်း ရုံးတက်နေရတာ ဆိုတော့...။ စိုပြေ့ကို အဆင်သင့် ဝန်းရံကြလိမ့်မည်။ 

ဟာ မဖြစ်သေး...။ အဲ့လိုသာ လုပ်လိုက်ရင် စိုပြေ့ကို နှစ်ထပ်အမုန်းတွေ ဖြစ်ကုန်နိုင်သည်။ ဘဘကြီးအတွက် တရားစွဲပေးလို့ မုန်းနေရတဲ့ကြားထဲ...။ ဦးဝီ အတွက်ပါ တရားထပ်စွဲပေးလျှင် အနုပ်နုပ် အစဉ်းခံရနိုင်သည်။ ပြီးတော့ အစိုးရ ပြောင်းသွားတော့လို့ ဦးဝီတောင် အခြေအနေမကောင်းတာ။ 

ဒီတော့ လူကြိုက်များသူ၊ လူချစ်လူခင်များသူ တစ်ယောက်ယောက်ကို ရွေးမှဖြစ်မည်။ သူ့ဘက်မှာနေမှ သူ့နောက်လိုက်တွေကပါ စိုပြေ့ကို ဝန်းရံမှာပေါ့။ 

ဒီတော့ ဘယ်သူရှိတုံး...။ ဟာ... ကြီးၿဖဳိး...။ ကြီးၿဖဳိးအတြက္ ကြီးၿဖဳိးကို ဆဲသူတွေကို ၆၆ (ဃ) နဲ့ တရားစွဲပေးရင်ရော...။ 

သိပ်တော့မလို...။ ကွီးဖြိုးက သတ္တိရှိသည်။ သူ ကိုယ်တိုင် ထထစွဲတာ...။ သူ့အတွက်လည်း စိတ်ချရသည်။ 

စဉ်းစားရင်း ဖေ့ဘွတ်လေး ပွတ်လိုက်ရာ အဖြေတွေ့သည်။ 

စိုင်းစိုင်း...။ 

စိုင်းစိုင်းက လူကြိုက်တော်တော်များသည်။ နှုတ်ခမ်းနီမလေးတွေရော...။ ဆံထုံးနဲ့ မမကြီးတွေရော အကုန်ကြိုက်သည်။ ဒါပေမဲ့ စိုင်းစိုင်းလည်း လူဆိုတော့ မနာလိုသူများသည်။ စိုင်းစိုင်း အောင်မြင်နေတာကို ကြည့်မရသူတွေ ဒုနဲ့ဒေး...။ ဆဲသူတွေလည်း မရှား....။ 

မနေ့ကတင် လူတစ်ယောက်က စိုင်းစိုင်းရေးထားတဲ့ စာလေးအောက်မှာ...။ 

“မလေးရှားတွေ ဒီလောက်ယုတ်မာနေတာ ခင်ဗျားက ဖွန်ကြောင်နေနိုင်တယ်နော်” ဆိုပြီး မန့်ထားတာ တွေ့သည်။ အခြားပြောင်လှောင်နေသူလည်း မနည်းမနော...။ 

ဒီတော့ စိုင်းစိုင်းကို အပုပ်ချသူ၊ ဆဲဆိုသူတွေကို ရှာမည်။ သက်သေတွေ စုမည်။ ပြီးရင် စိုင်းစိုင်းကိုယ်စား ၆၆ (ဃ) နဲ့ တရားစွဲမည်...။ 

ဒါဆိုရင်တော့...။ 

စိုင်းစိုင်းကိုကြိုက်တဲ့ ကောင်မလေးတွေ စိုပြေ့ကို ဝန်းရံလာမည်။ 

ဒါဆို ဘဘကြီးအတွက် တရားစွဲပေးလို့ မုန်းနေသူတွေကို ဂရုစိုက်စရာ မလိုတော့...။ 

စိုပြေ့ကို လာတိုက်ခိုက်လျှင် စိုင်းစိုင်း အာမီနှင့် တွေ့သွားမည်။ စိုင်းစိုင်း အာမီဆိုတာက ချစ်စနိုးခေါ်တာ...။ စိုင်းစိုင်းကို ချစ်ကြသူတွေပေါ့။ 

ဘာပဲဖြစ်ဖြစ် ဒါဆိုရင် တရားရုံးမှာ...။ 

စိုင်းစိုင်း အာမီက ကောင်မလေးတွေရော၊ ဘဘကြီး အာမီက ကောင်ကလေးတွေရော တရုန်းရုန်းနဲ့။ တရားသူကြီးတော့ မျက်စိနောက်မှာ သေချာသည်။ အမလေး...။ တွေးရင်းနဲ့တင် ပျော်စရာကောင်းနေပြီ။ 

ဒီနေ့ကစပြီ။ စိုင်းစိုင်းနဲ့ ဘဘကြီးကို ဆဲရဲတဲ့လူတွေ ဆဲကြည့်စမ်းပါ။ စိုပြေ သက်သေတွေ စုနေပြီ။ ဆဲသူတွေ အကုန်တရားစွဲမည်။ မဆဲရင်လည်း ကိစ္စမရှိ...။ 

စိုပြေ ကြည့်မရသူတွေရဲ့ ဓာတ်ပုံတွေရှာပြီး အကောင့်တုလုပ်မည်။ ပြီးရင် ဘဘကြီးနဲ့ စိုင်းစိုင်းကို ဆဲမည်။ အဲ့ဒါကို သက်သေယူပြီး တရားစွဲမည်...။ 

လောလောဆယ်တော့ အဲ့လိုတရားစွဲဖို့ သက်သေ စုဖို့အတွက် ရန်ပုံငွေလိုသည်။ 

ဒါကြောင့် စိုင်းစိုင်းနဲ့ ဘဘကြီးကို ကာကွယ်စောင့်ရှောက်သူများအဖွဲ့ အတွက် အလှူငွေလေးတွေလည်း လက်ခံနေပါပြီလို့...။ 

စိုပြေ

  • TAGS