News

POST TYPE

SATIRE

တံခါး
13-Aug-2017

လွန်ခဲ့တဲ့တစ်ပတ်က ကုလားပိန် ကျွန်တော့်ဆီ ရောက်လာတယ်။ သူ့သားတော်မောင် စီလုံးဆိုတဲ့ ငါးနှစ်သားကလေးကို လက်ဆွဲလို့ပေါ့။

ကုလားပိန်ဆိုပြီး ကျွန်တော့်စာတွေထဲ ထည့်ထည့်ရေးနေတဲ့သူ့ကို အချို့ကတော့ သိကြမှာပါ။ ဒါပေမဲ့ မသိတဲ့သူတွေ အတွက်တော့ ကျွန်တော် ရှင်းပြစရာရှိတာ ရှင်းပြပါဦးမယ်။

ကုလားပိန်ဆိုတာ ဗမာစစ်စစ်ပါ။ သူ့ရဲ့ မွေးသဖခင် ‘ပန်းသီး စက်ဘီး လေထိုးကျွတ်ဖာ ကော်ပိုရေးရှင်း’ ပိုင်ရှင် ဦးပန်းသီးနဲ့ သူ့အမေ ဈေးအိမ်သာ နေ့စားဝန်ထမ်း ဒေါ်သိန်းတို့ဟာလည်း ရေမရောတဲ့ ဗမာစစ်စစ်ကြီးတွေပါ။ ဒါပေသိ ကျွန်တော်တို့ရပ်ကွက် အခြေခံလူတန်းစားတို့ရဲ့ ထုံးစံအတိုင်း ဦးပန်းသီး၊ ဒေါ်သိန်းတို့ဟာ သူတို့ရဲ့ လေးယောက်မြောက် မွေးလာတဲ့ အသားမည်းမည်း၊ ဆံပင်ကောက်ကောက်၊ ပိန်ညှောင်ညှောင် ငတိလေးကို ကုလားပိန်လို့ပဲ ချစ်စနိုးခေါ်ရာက သူဟာ ကုလားပိန် ဖြစ်လာတာပါ။

ဒီနေရာမှာ ကျွန်တော် တစ်ခု ကြိုတောင်းပန်ချင်တာက ကုလားပိန်ဆိုတဲ့ နာမည်ဟာ လူမျိုးတစ်မျိုးအပေါ် နှိမ်ချခေါ်ဝေါ်တဲ့ဟာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာကျေးလက်ဆန်တဲ့ အခြေခံလူတန်းစားတွေရဲ့ ရပ်ကွက်ထဲက ပြီးစလွယ် သညာပြုထားတဲ့ နာမည်သက်သက်တစ်ခု ဆိုတာပါပဲ။

နာမည်ကိစ္စ ရှင်းပြီဆိုတော့ လူကိစ္စ ဆက်ကြသပေါ့ဗျာ။

ကုလားပိန်ဟာ ကျွန်တော့်ထက် ခြောက်နှစ်ငယ်ပါတယ်။ ဒါပေမဲ့ သူမွေးထားတဲ့သားက ငါးနှစ်ဆိုတော့ကာ ဝါအရတော့ ဒီကောင်က ကျွန်တော့်ထက် ကြီးတာပေါ့။ နို့... ကျွန်တော်ကလည်း မိန်းမသာ ရသေးတာ အခုထိ လူမှမဖြစ်သေးပဲကိုး... နော့။

ကုလားပိန်ဟာ ဘယ်နှတန်းအထိ ကျောင်းနေဖူးလဲတော့ ကျွန်တော်မသိပါဘူး။ ကုလားပိန်နဲ့ သူ့ရဲ့ မဟာပြိုင်ဘက် သန်းမြိုင်တို့ကို ကျွန်တော် သိတဲ့အချိန်မှာတော့ သူတို့ဟာ မြို့ထဲမှာ ရေသန့်ဘူးတွေ လိုက်ကောက်ရောင်းတဲ့ စီးပွားပြိုင်ဘက်တွေတောင် ဖြစ်နေကြပါပြီ။

လုပ်ငန်းတူတဲ့ သူတို့နှစ်ယောက်က သရက်သီးပြားတွေ ရောင်းတဲ့ လှလှချောကိုလည်း ကြိုက်တာချင်း တူကြပါတယ်။ နောက်ဆုံး လှလှချောဟာ မြို့ထဲက ပန်းထိမ်လုပ်တဲ့ ကောင်လေးနဲ့ လိုက်ပြေးသွားခဲ့တော့လည်း သူတို့နှစ်ယောက် အသည်းကွဲပြိုင်ကြပြန်ပါတယ်။ သန်းမြိုင်က တစ်ခုလပ် သန်းသန်းဝင်းကို ယူတော့ ကုလားပိန်ကလည်း အားကျမခံ ဆေးပေါ့လိပ် ဖင်အစီခံတွေ လိပ်တဲ့ မိချိုကို ခိုးပြေးပြန်ပါလေရော။

ဒီနှစ်ကောင်ဟာ မိန်းမသာ ခိုးပြေးကြတာ အဲ့ဒီအချိန်က ဆယ့်ခြောက်နှစ်ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။

အခုတော့ ကုလားပိန်ဟာ ဖင်အစီခံလိပ်တဲ့ မိချိုနဲ့ သူ့ရဲ့သားတော်မောင်ကို မိခင်ရဲ့ အလုပ်အကိုင်ကို ဂုဏ်ပြုသောအားဖြင့် မောင်စီလုံးလို့ မှည့်ပြန်ပါတယ်။

ကိုင်း... အခု ကုလားပိန် ကလေးလက်ဆွဲလာတဲ့ ကိစ္စကို ဆက်ကြဦးစို့ရဲ့ဗျာ။

ကုလားပိန်ဟာ အိမ်ရှေ့ရောက်ရောက်ချင်း အပိုင်ကွက်နဲ့ စနင်းတော့တာပါ။

“ကိုဗြိ... ဒီနေ့ အိမ်မှာပဲ စာရေးမယ်မှတ်လား”
“အေး... ဘာဖြစ်လို့လဲဟ”

“သူ့အမေကလည်း ဆွေမျိုးနာရေးတစ်ခု သွားကူနေတယ်။ ကျွန်တော်လည်း ဗဟန်းဘက် သွားစရာရှိလို့ စီလုံးကို ကိုဗြိဆီ ခဏအပ်ခဲ့မလို့”
“နို့... မင်းက ဗဟန်း ဘာသွားလုပ်မှာတုံး”

“အလုပ်ဗျ... အလုပ်... မနေ့က သန်းမြိုင်တစ်ကောင် ကိုတာတီးဆိုင်မှာ ဂရမ်းအပြာတွေ ဘာတွေတောင် ချနေတာဗျ... ဘယ်ရမလဲ...ကုလားပိန်ပဲလေ... ဒီကောင် ဒီလောက်ခိုင်နေတာ ဘယ်ခွင်တွေ့လို့လဲဆိုပြီး လှမ်းတောက်လိုက်တော့... ဗဟန်းမှာတဲ့ဗျာ... အဲ့ဒါ ကျွန်တော် လစ်လိုက်ဦးမယ်”

“ဟာ...ဟေ့ကောင်...ခဏနေဦးဟ...ဒီမှာ ငါ့ အိမ်နောက်ဘက်တံခါးက ပျက်နေတာ... နည်းနည်းပြန်လုပ်ချင်လို့... အဲ့ဒါ မင်းပြန်လာရင် လမ်းထိပ်က လက်သမားကိုသိန်းကို ဝင်ခေါ်ခဲ့ပေးကွာ”
“စိတ်ချ... ကိုဗြိ... ကလေးကို ကျွန်တော် စိတ်ချမယ်နော်”

ကုလားပိန်ကတော့ သူ့အရှုပ်ထုပ် ကျွန်တော့်ဆီ အပ်ပြီး ထွက်သွားပါပြီ။ ကျွန်တော်လည်း စာရေးလက်စမို့ စီလုံးလေးငြိမ်အောင် ဖုန်းထဲက ဘောလုံးကန်တဲ့ဂိမ်း ပေးဆော့ထားပါတယ်။ ငါးနှစ်သား ဆိုပေမယ့် အခုခေတ် ကလေးတွေဆိုတော့ ဖုန်းနဲ့က ရင်းနှီးပြီးသားရယ်ဗျ။

ကန်တင်ချင်ရင် ဒီဟာနှိပ်၊ ဂိုးသွင်းရင် ဒီလိုနှိပ် စီလုံးရေ ဆိုတာနဲ့တင် ဒီကောင်က ဆော့တတ်သွားလေရော။

ဟန်တော့ကျသား။

ကျွန်တော်က စာထိုင်ရေး။ ဖိုးစီလုံးက ဖုန်းနဲ့ ဂိမ်းထိုင်ဆော့။ ခဏနေတော့ ဂိမ်းဆော့နေတဲ့ အခြေအနေကိုကြည့်ဖို့ ဒီကောင့်နား ကပ်သွားလိုက်တယ်။

အလို... ဒီကောင်က... ဂိမ်းထဲမှာ ကိုယ့်ဂိုးတွေချည်း ကိုယ်သွင်းထားတာကိုးဗျ။

“ဟာ... ဖိုးစီလုံး ဟာ မင်း တော်တော်ဆိုးတဲ ကောင်ပါလား...ဘာလို့ ကိုယ့်ဂိုးတွေချည်း ကိုယ်သွင်းနေတာတုံး”
“ဟာ...ဦးဗြိကလည်း ကိုယ့်ဂိုးမို့ ကိုယ်သွင်းတာပေါ့ဗျ... သူများဂိုး သွားသွင်းတော့ ဘယ်ကောင်းမလဲ... တကယ်ဆိုးတဲ့ကောင်တွေက ဟိုဘက်ကကောင်တွေ...တွေ့လား...သူတို့ ကိုယ့်ဂိုးကျ ကိုယ်မသွင်းဘဲ သူများဂိုးတွေ လာလာသွင်းတယ်... သားကတော့ သူများဂိုးမသွင်းဘူး...ကိုယ့်ဂိုးပဲ ကိုယ်သွင်းတယ်”

အလို...ဒီကလေးအတွေး ကျွန်တော့်ကို တကယ်တွေဝေသွားစေသဗျ။
အားကစားဆိုတာ နားမလည်သေးတဲ့ ကလေးအရွယ်။ 

“ဖိုးစီလုံးကလည်း ဘောလုံးကန်တယ်ဆိုတာ သူများဂိုးကို သွင်းရတာကွ... ကိုယ့်ဂိုးကိုယ်မသွင်းရဘူး”
“သားတို့ ကေဂျီတန်းက ဆရာမကပြောတော့ သူများဟာ မယူရဘူး... သူများကို သွားရန်မလုပ်ရဘူး... အဲ့ဒီလို သူများပိုင်တဲ့ဟာကို သွားလုပ်ရင်...လူဆိုးတဲ့... အခုကျတော့ သားက သူများဂိုးမို့ သွားမသွင်းဘူး... ကိုယ့်ဂိုးကိုယ်သွင်းတာ... ဘယ်လိုလုပ် လူဆိုးဖြစ်မှာလဲ...ဦးရဲ့”

အမှန်ဝန်ခံရရင်တော့ ဖိုးစီလုံးရဲ့ စကားက ကျွန်တော့်ကို တော်တော်အလုပ်ပေးပါတယ်။

ကလေးက သူ့ဘာသာသူ ကိုယ့်ဂိုးတွေကိုယ် ဆက်သွင်းနေပေမယ့် ကျွန်တော်ကတော့ စာဆက်မရေးနိုင်တော့ပါဘူး။

ဘာပဲဖြစ်ဖြစ် ကုလားပိန်ဟာ သူကိုယ်တိုင် အတန်းပညာ မရှိပေမယ့် သူ့သားသမီးကိုတော့ ကျောင်းထားရကောင်းမှန်း သိတာလေးတစ်ခုတော့ ချီးကျူးစရာပါ။

ညနေစောင်းတော့ ကုလားပိန် ပြန်ရောက်လာပါတယ်။ ရေသန့်ဘူးငါးကတ်ကို ပခုံးပေါ်ထမ်းလို့၊ သူ့သားအတွက် ကြက်ကြော်တစ်တုံးလည်း ပါလာသေး။

“ရော့...ကိုဗြိ...ဒီမှာ ရေသန့်ဘူးတစ်ကတ် ယူချင်ယူထား...ဟဲဟဲ”
“ဟေ့ကောင်...မင်း အရင်က ရေသန့်ဘူးကောက်တယ်ဆို ဘူးခွံတွေပါကွ... အခုဟာ ဘူးအသစ်တွေ ကတ်လိုက်နဲ့ ဘယ်လိုဖြစ်တာတုံး၊ အောင်မယ်..ကြက်ကြော်ကလည်း ပါသေး”

“ဟာ... မြန်မာနိုင်ငံကြီးက အရင်လို မဟုတ်တော့ဘူး... ကိုဗြိရေ... ဒီနေ့ သိပ်ဂေါ်တာပဲ...ကျွန်တော်က ပြည်သူ့ရင်ပြင်ထဲ ဘူးခွံကောက်ဖို့သွားတာ ကြက်ကြော်စားပွဲဆိုလား မသိဘူး...ထူးဆန်းတယ်ဗျိုး...လူကြီးတွေပါ စားတယ်တဲ့...အလကားကျွေးလို့ စားလာတာ... ဖိုးစီလုံးအတွက်တောင် တစ်ခုတောင်းလာသေး”

“ကြက်ကြော်ကတော့ ဟုတ်ပါပြီ... သူတို့က ရေသန့်ဘူးပါ ကတ်လိုက်ပေးတာလားဟ”
“ဘယ်ကလာဗျာ... အဲ့ဒီကလည်းထွက်ရော... ဗဟန်းဘက်က သပိတ်ပျောက်တယ် ဆိုလား...သပိတ်မှောက်တယ်ဆိုလား ပွဲလုပ်တဲ့နေရာကို သွားတာ။ အဲ့ဒီမှာ ရေသန့်ဘူးတွေ အများကြီး ဆင့်ထားပြီး ပွဲကလူတွေ ရေတော်တော်သောက်မှာပဲ... ရေသန့်ဘူးခွံတွေ အများကြီး ရနိုင်တယ်လို့ အရက်ဆိုင်မှာ သန်းမြိုင် ပြောနေသံ ကြားတာနဲ့ ကျွန်တော်လည်း ထွက်လာလိုက်တာ”

“အဲ့ဒီတော့... ဘာဖြစ်သတုံး”
“ဘာဖြစ်ရမတုံးဗျာ... ဟိုရောက်တော့ လူက သုံးလေးယောက်ပဲရှိပြီး ရေသန့်ဘူးတွေက များနေတာ မသိရင် ရေသန့်ဒိုင်ကျလို့... ကျွန်တော်လည်း ဒီရေဘူးတွေ ဒီလူတွေ အကုန်များ သောက်မလားပေါ့... သူတို့သောက်ပြီးရင် ငါတော့ ဘူးခွံတွေ အသာလိုက် ကောက်လိုက်လို့ကတော့ ညနေ ဂရမ်းအပြာ တစ်ပြားတော့ ခိုင်ပြီဆိုပြီး စောင့်ကြည့်နေတုန်း... သူတို့က သပိတ်ရပ်တယ် ဆိုလား ဘာလား အော်ဟစ်ပြီး ပစ္စည်းတွေသိမ်း ကားပေါ်တင်နေတုန်း...ကိုယ်လည်း ဝိုင်းကူသလိုလိုနဲ့ ရေသန့်ငါးကတ်ဆွဲပြီး လစ်လာတာ... ဘယ့်နှယ့် အရှုံးတော့ ဘယ်ခံမလဲဗျ”

ကိုင်း... ကုလားပိန်ဆိုတာ အဲ့ဒီလိုကောင်ဗျ။

သပိတ်လှန် နေကာမျက်မှန်အုပ်စုနဲ့ ဘူးခွံမရ ကတ်လိုက်ဆွဲပြန်တဲ့ ကုလားပိန်တို့ တွေ့ကြတဲ့ပွဲပေါ့။

“ဒါနဲ့... ဟေ့ကောင်...နေပါဦး...အနောက်တံခါးကိစ္စ မင်းကို ငါခေါ်ခိုင်းလိုက်တဲ့ လက်သမား ကိုသိန်းရော”
“ကျွန်တော် ခေါ်လာပါတယ်ဗျ...ဟိုမှာ...လာနေပြီ...ဟိုမှာ”

“ဟာ...ဟေ့ကောင်... အဲ့ဒါ လက်သမား ကိုသိန်းမှ မဟုတ်တာ... သော့ဖျက်တဲ့မောင်အေး မဟုတ်လား...မင်း...ငါ ခေါ်ခိုင်းတာ လက်သမား ကိုသိန်းလေ... မင်းကွာ လုပ်ချလာပြန်ပြီ”

ဒီတော့မှ ကုလားပိန်က ခေါင်းကို ဖွဖွကုပ်ပြီး ပြောတယ်။

“ကိုသိန်းနဲ့ ကျွန်တော်က မတည့်ဘူးဗျ...အဲ့ဒီလူကို ကြည့်မရဘူး...အဲ့ဒါကြောင့် သူနဲ့မတည့်တဲ့ သော့ပြင်သမား မောင်အေးကို ခေါ်လာပေးတာ... အစ်ကို့ အနောက်တံခါး မလုံတဲ့ကိစ္စ သော့ပြင်တဲ့ လူနဲ့လည်း ဆိုင်မလားလို့”
“ဟဲ့အကောင်ရယ်...မင်းနဲ့ ကိုသိန်း မတည့်တာနဲ့ပဲ... ကိုသိန်းနဲ့ မတည့်တဲ့ သော့ပြင်သမားနဲ့ တွေ့ပြီး ငါ့ဆီခေါ်လာတယ်... ဘာဆိုင်လို့လဲဟ..တံခါးတစ်ခုလုံး မလုံပါဘူး ဆိုနေမှ မင်းသော့သမားက သော့လာဖျက်ဦးမှာလား... မင်းလုပ်ပုံနဲ့ ငါ့အနောက်တံခါးတော့...ကောင်းဦးမယ်...အေးအေး”

အဲ့ဒါပါပဲဗျာ။ အဲ့ဒါပဲ။

သူ့သား ငါးနှစ်ကလေး ဖိုးစီလုံးကမှ သူ့ထက်ရင့်ကျက်ဦးမယ်။ ကုလားပိန်ဆိုတာ အဲ့ဒီလိုကောင်ပါ ဆိုနေမှ။

လူကလည်း မရူးမကောင်း၊ ဒီကြားထဲ ကလေးစိတ်ကလည်း မပျောက်သေးတာ့...အိမ်း... ခက်သားလား။

ဗြိတိသျှကိုကိုမောင်