News

POST TYPE

SATIRE

မျက်လုံးချင်း စကားပြောကြတဲ့မြို့
30-Jul-2017

အခုတော့... ကျွန်တော်တို့ နှစ်ယောက် မျက်လုံးချင်း စကားပြောနေကြပြီ။

ထိုသို့ အစချီထားသဖြင့် မောင်ဗြိတစ်ယောက် မိန်းမရတာမှ မကြာသေးဘူး၊ အခု ဘယ်ဟာမလေးနဲ့ မျက်လုံးချင်း စကားပြောနေပါလိမ့်ဟု အထင်တကြီး မတွေးပါနှင့်။

ကျွန်တော့်လို ပူစီဖောင်းကို မျက်မှန်တပ်ပေးထားသည့်ရုပ်ကို ဘယ်ဟာမလေးကမှလည်း မျက်လုံးချင်း စကားပြောလိမ့်မည် မဟုတ်။ ပြောချင်းပြော ကျွန်တော်လိုကောင်အား သက်ဆိုင်ရာကသာ စကားပြောပေလိမ့်မည်။

ယခု ကျွန်တော်နှင့် မျက်လုံးချင်း စကားပြောနေသည့်သူမှာ ကိုသောင်းအေး ဖြစ်သည်။ တိတိကျကျ ပြောရလျှင် YBS ၂၂ ဘတ်စ်ကားဒရိုင်ဘာ ကိုသောင်းအေး ဖြစ်သည်။

ကျွန်တော် ကားပေါ်တက်တက်ချင်းပင် ကိုသောင်းအေးက မျက်လုံးချင်း စကား စပြောတော့သည်။

YBS ၂၂ သည် အခြားဘတ်စ်များလိုပင် စပယ်ယာ မပါတော့သည့်အပြင် ယာဉ်စီးခကို ဒရိုင်ဘာဘေးမှ အလှူခံပုံးလို ငွေပုံးလေးထဲ ထည့်ရသည့်စနစ် ဖြစ်၏။

ကျွန်တော်သည် ဒီအချိန် ဒီမှတ်တိုင်တွင် စီးနေကျ ဖြစ်သဖြင့် ကိုသောင်းအေး ကားနှင့် အမြဲလိုလို ဆုံသည်။

“ရှေ့က ပုံးထဲကို ယာဉ်စီးခလေးများ ထည့်သွားကြပါ... ရှေ့ပေါက်ကတက်ပြီး နောက်ပေါက်က ဆင်းပေးကြပါ”

ဒါက ကိုသောင်းအေး ကားပေါ် ခရီးသည် တက်လာတိုင်း ပြောနေကျစကား။ အခုတော့ ကိုသောင်းအေး အသံမကြားရ။ တက်လာသမျှ ခရီးသည်တိုင်းကို ကိုသောင်းအေးက မျက်လုံးဖြင့်သာ စကားပြောနေသည်။ အခု ကျွန်တော့်ကိုလည်း ကိုသောင်းအေးက မျက်လုံးဖြင့် စကားပြောသည်။ အရင်ကလို ပုံးထဲသို့ ငွေထည့်ရမည်ကို ကျွန်တော်သိပါသည်။ သို့သော်ငြား ပြဿနာက ကျွန်တော့်တွင် ပါလာသည်က တစ်ထောင်တန်ကြီး။ အရင်ကဆို နှစ်ရာတန် အကြွေဆောင်လာနေကျ ဖြစ်သော်လည်း ဒီနေ့တော့ မနက်ကတည်းက ပြဿနာတွေ ကြုံနေရသည့်အတွက် အကြွေဆောင်လာဖို့ မေ့သွားသည်ကိုး။

အခုတော့ ဘယ်လိုလုပ်ကြမည်နည်း။ အမ်းမည့်စပယ်ယာက မရှိ။ ပုံးကြီးကိုဖွင့်ပြီး အမ်းဖို့က ည်း မဖြစ်နိုင်။ ကိုသောင်းအေးကို ကျွန်တော် မျက်ရိပ်ပြပြီး တစ်ထောင်တန်ကြီး ထောင်ပြလိုက်သည်။ သူက ခေါင်းကုတ်ပြသည်။ ပြီးတော့ ကျွန်တော့်ကို ကားအတွင်းထဲသို့ မေးငေါ့ပြသည်။

အင်း... အကြွေမပါလို့ ငါ့ကို အလကားပေးစီးတယ်ဟဟု ကိုသောင်းအေး၏ အိုင်းလန်းဂွေ့ကို ကျွန်တော် ဘာသာပြန်မိလိုက်သည်။ ထို့ကြောင့် သူ့ကို ပြုံးပြပြီး သူ့နောက်က လွတ်နေသောခုံတွင် ဝင်ထိုင်လိုက်၏။ သို့သော် ကျွန်တော်၏ ကျေးဇူးတင် အပြုံးတို့ကိုလည်း ကိုသောင်းအေး မြင်မည်မထင်ပါ။ တော်တော်သဘောကောင်းသည့် ကိုသောင်းအေး။

ကျွန်တော် ကြည်နူးလို့မှ မဆုံးခင် ကားနောက်ကြည့်မှန်ထဲမှ ကျွန်တော့်ကို ပြူးပြီးကြည့်နေသော ကားဆရာ ကိုသောင်းအေး၏ မျက်လုံးကြီးနှင့် ရင်ဆိုင်လိုက်ရသည်။ ကိုသောင်းအေး ဘာကိုပြူးပြသနည်း။ ကျွန်တော်နှင့် မျက်လုံးချင်းဆုံသည်နှင့် သူ့ကားထောင့်ကို မျက်စပစ်ပြပြန်သည်။ 
အလို... ကားထောင့်မှာလည်း သံတုတ်ကြီးပါတကား။ ကျွန်တော်လည်း ဘာမှမသိသည့် ပုံစံဖြင့် မျက်လုံးလေး ကလယ်ကလယ်နှင့် ပခုံးတွန့်ပြမိသည်။

နောက်ဆုံးတော့ ကိုသောင်းအေးသည် သူ့နှာခေါင်းနှင့် ပါးစပ်တွင် စွပ်ထားသော မျက်နှာဖုံးကို ဆွဲဖြုတ်လိုက်ပြီး ကျွန်တော့်ကို ယခုလို ယဉ်ကျေးစွာ ပြောတော့သည်။

“ဟ... ငပိန်းကောင်ရ... မင်းလို တစ်ထောင်တန် ထောင်ပြတိုင်းသာ အလကားပေးစီးရရင်... ငါတို့ ဒေဝါလီ ခံသွားရလိမ့်မယ်... ငါဆိုလိုတာက... နောက် တက်လာတဲ့ သူတွေဆီက စောင့်ပြီး ငွေအမ်းလို့ ပြောတာ... လခွမ်းထဲမှ ဘယ်လိုကောင်နဲ့ လာတွေ့နေမှန်း မသိဘူး... ငါ့အရင်စိတ်နဲ့ဆို မင်းသံတုတ်စာပဲ”

ကျွန်တော် သဘောပေါက် နားလည်လိုက်ပါပြီ။ ဒါမှ သဘောမပေါက်လျှင်လည်း ကျွန်တော့်ကို ကိုသောင်းအေးက မျက်လုံးချင်း စကားပြောတော့မည် မဟုတ်။

မထသ စပယ်ယာဘ၀မှ ဒရိုင်ဘာဘဝသို့ ပြောင်းလာရသော ကိုသောင်းအေး၏ သံတုတ်ကြီးနှင့် ကျွန်တော့် နဖူးတို့ စကားပြောရမည်မှာ မြေကြီးလက်ခတ်မလွဲ။ မကြာမီအချိန်တွင် ကျွန်တော်လည်း ကိုသောင်းအေးဘေးက ပုံးလေးထဲ တစ်ထောင်တန်ထည့်ပြီး သည်နှင့် ကားအတက်ပေါက်လေးတွင် မတ်တတ်ရပ်ကာ နှစ်ရာတန် ပုံးထဲထည့်မည့် ခရီးသည် အစ်ကို အစ်မများထံမှ အကြွေရှစ်ရာ မပြည့်မချင်း ထိုင်သိမ်းသည့်အလုပ် လုပ်ရပါတော့သည်။

ဒီကနေ့သည် တော်တော်အဆင်မပြေသည့် နေ့။ အဆင်မပြေသည်မှ မနက်ကတည်းကပင်။ မနက်မိုးလင်းပြီ ဆိုကတည်းက ထူးထူးခြားခြား ကျွန်တော့် ပတ်ဝန်းကျင်တွင် အပြုံးများ ပျောက်ဆုံးကုန်သည်။ ကျွန်တော်က မနက်စောစော စာထရေးတတ်သူမို့ အိပ်ရာထစောသည်။ ကျွန်တော် စာရေးနေသည့် အချိန်တွင် ကျွန်တော့်လေဒီက နိုးလာပြီး ကျွန်တော် စာရေးသည့် အခန်းထဲသို့ လာကာ ဒီနေ့ ဘယ်သွားစရာ ရှိသေးလဲ။ ဘာချက်ရမလဲ ဆိုသည်တို့ကို လာမေးနေကျ။

အခုမနက်တော့ ကျွန်တော်၏ ချစ်လှစွာသော မဒမ်ဗြိသည် ကျွန်တော်စာရေးသည့် အခန်းဝတွင် မျက်နှာကို ခွဲစိတ်ခန်းသုံး မျက်နှာဖုံး အစိမ်းကြီးအုပ်ပြီး လာမတ်တတ်ရပ်နေသည်။ ကျွန်တော့်မိန်းမ၏ အလှကား မျက်နှာဖုံးအုပ်လိုက်မှ ပိုလှသွားချေတော့သည် တကား။

မျက်နှာဖုံးအုပ်ထားသော ဇနီး၏အလှကို ကြာရှည်မခံစားနိုင်အား။ ယောက်ျားတို့ ဝတ္တရားရှိသည့်အတိုင်း စိုက်ကြည့်လျှင် အလိုက်သိရပါမည်။ ထို့ကြောင့် မနက်စာအတွက် အီကြာကွေး၊ လက်ဖက်ရည်ဝယ်ရန် လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့ရပြန်သည်။

လမ်းတစ်လျှောက်တွင်လည်း ဒီ့နှယ်ဒီလိုတွေ ကြုံရပြန်၏။ လမ်းထိပ် ကားရေဆေးဆီထိုးဆိုင်မှ နှုတ်ဆက်ပြုံးပြနေကျ ကိုဖက်တီး၏ နှုတ်ဆက်အပြုံးကိုလည်း မမြင်ရ။ ကွမ်းယာသည် အန်တီအေး၏ လောကွတ်အပြုံးကိုလည်း မတွေ့ရ။ လက်ဖက်ရည်ဆိုင်မှ အဖျော်ဆရာ ကိုကျော်အေး၏ ခပ်ယဲ့ယဲ့အပြုံးပင် ဒီနေ့မှာ ပျောက်ဆုံးလျက်။

ကျွန်တော်သိသမျှ လူတွေကို လိုက်ကြည့်ကြည့်သည်။ အားလုံးက မျက်လုံးချင်းသာ စကားပြောနေကြသည်။ ပါးစပ်တွေ၊ နှာခေါင်းတွေ သူတို့မျက်နှာပေါ်က ပျောက်ကုန်ကြပြီ။ အကုန်လုံး မျက်နှာဖုံးကိုယ်စီနှင့်။

ဘယ့်နှယ်... တစ်မြို့လုံး ဟိုဖေ့ဘွတ်က ဆရာမလေးကို အားကျပြီး မျက်နှာဖုံးတွေရဲ့အောက် ရောက်ကုန်တာလား။ ဒါမှမဟုတ်... ဟိုဘုန်းဘုန်းစတိုင်လ် အားကျပြီး ပါးစပ်တွေပိတ် ဆန္ဒပြကြတာလား။

ကျွန်တော် မနေနိုင်တော့။ အဖျော်ဆရာ ကိုကျော်အေးကို မေးကြည့်မိသည်။

“ဟာ... ကိုဗြိရာ ညံ့ပ... H1N1 လေဗျာ...သေတဲ့သူတွေတောင် သေကုန်ပြီ...ကူးစက်ခံ လူနာတွေလည်း အများကြီးဗျ... အခုဆို မနေ့ကကတည်းက ဈေးထဲမှာ မျက်နှာဖုံးတွေရော၊ လက်အိတ်တွေပါ ကုန်ပြီ... ဝယ်မရတော့ဘူး... အခုကျွန်တော်တပ်ထားတဲ့ မျက်နှာဖုံးနဲ့ လက်အိတ်တောင် မနည်းရှာထားရတာ... ခင်ဗျားလည်း မြန်မြန်ဝယ်တပ်ဗျ...မဟုတ်ရင်..မလွယ်ဘူး...မြန်မြန်...မြန်မြန်”

“ဒါနဲ့...နေပါဦး...ကိုကျော်သန်းရ...ခင်ဗျား ပြောတော့ ဈေးထဲမှာ မနေ့ကတည်းက ကုန်ပြီဆို...အခု ခင်ဗျားတပ်ထားတဲ့ မျက်နှာဖုံးတွေ၊ လက်အိတ်တွေက ဘယ်က ဝယ်ရတာတုံး”

“ဒီလိုပဲပေါ့ဗျာ...ကြံဖန်ရတာပေါ့...ကျွန်တော့်ဆီက စားပွဲထိုး မောင်အေး မနက်က ဂျမခါနာ အမျိုးသမီးဆေးရုံကို လက်ဖက်ရည်သွားပို့ရင်း မွေးခန်းဘေးက ကောက်လာပေးတာလေ... အပိုတွေ ရှိသေးတယ်...ယူမလား...ဟေ့...မောင်အေး...မနက်က ကောက်လာတဲ့ဟာတွေ ရှိသေးတယ် မဟုတ်လား...ဒီမှာ ကိုဗြိကို...တစ်စုံ...”

“ဟာ... ဟေ့ဟေ့... နေနေ... နေပါစေ...ကျွန်တော့်ဟာ ကျွန်တော် ဝယ်လိုက်ပါ့မယ်... ရော့... ဒီမှာ လက်ဖက်ရည်နဲ့ အီကြာကွေးဖိုး... လစ်ပြီဗျိုး”

မွေးခန်းဘေးမှ မျက်နှာဖုံးနှင့် လက်အိတ်ရန်ကို အလွတ်ရှောင်နိုင်ခဲ့သည့် ကျွန်တော့်မှာ မနက်စာ စားပြီးသည်နှင့် မျက်နှာဖုံး ရှာပုံတော်ဖွင့်ရန် ယခုလို YBS ၂၂ ပေါ် ရောက်ခဲ့ရခြင်းပေတည်း။

မကြာမီ ကားပေါ်သို့ အန်တီကြီးသုံးယောက် တက်လာသည်။ သူတို့ကား ကျွန်တော်လို့ပင် မျက်နှာဖုံးမပါ။ မျက်နှာဖုံး မပါသဖြင့် မျက်လုံးချင်း စကားမပြောကြ။ ပါးစပ်ဖြင့်ပင် စကားပြောကြတော့၏။

“ရိုးရိုးမျက်နှာဖုံးတွေက စိတ်မချရဘူး... N95 ဆိုလား...အဲ့ဒါမှတဲ့”
“မျက်နှာဖုံးတွေက ဈေးတက်ကုန်ပြီဆိုပဲ”
“တုပ်ကွေးမဖြစ်ချင်ရင် အရည်များများ သောက်ပေးရမယ်တဲ့”

အလိုလေး... ဒီတစ်ခုတော့ ငါနဲ့ ကိုက်ပြီဟ...ညနေ ဘီယာဆိုင် လစ်ရမယ်ဟု တွေးကာ တံတွေးပင် မျိုချမိသည်။

အန်တီကြီးတို့၏ စကားကား မပြီးသေး။

“ဒီလောက်ဖြစ်နေတာ သက်ဆိုင်ရာက ထုတ်ပြန်တာလည်း နောက်ကျလှချည်လား”
“အေးလေ... ပွင့်ပွင့်လင်းလင်း တိတိကျကျတော့ ကြေညာရမှာပေါ့”
“အစိုးရကလည်း ဟယ်”

ဒီတစ်ခါတော့ ကျွန်တော် ဝင်မပါလို့ မရတော့။ သက်ဆိုင်ရာ လူကြီးတွေကို အပြစ်ဖို့ဖို့ ဟန်ပြင်နေကြပြီ။

“အဟမ်း...ဒီမယ်...အန်တီတို့...သက်ဆိုင်ရာကလည်း ကြေညာပေးချင်မှာပေါ့... ဒါပေမဲ့ အခုကားပေါ်ကို ကြည့်လေ ကားတစ်စီးလုံး မျက်နှာဖုံးတွေ စွပ်ထားတော့ မျက်လုံးချင်းပဲ စကားပြောနေကြတာ...အန်တီတို့နဲ့ ကျွန်တော်သာ မျက်နှာဖုံး မဝယ်ရသေးလို့ မစွပ်ရသေးတာ... သက်ဆိုင်ရာ လူကြီးတွေ ဆိုတာ နိုင်ငံအတွက် အလုပ်လုပ်နေတာ ဆိုတော့ သူတို့လည်း ရောဂါကူးမယ်စိုးလို့ မျက်နှာဖုံးတွေ တပ်ထားမှာပဲ... ဒီတော့ ဘယ်လိုလုပ် စကားပြောတာတွေ၊ ညွှန်ကြားတာတွေ၊ သတိပေးတာတွေ ချက်ချင်းလုပ်နိုင်မလဲ...အန်တီတို့... သူတို့လည်း မျက်လုံးချင်းပဲ စကားပြောနိုင်မှာပေါ့ဗျ...အန်တီတို့ရ”

အန်တီကြီး သုံးယောက် ခဏငြိမ်သက်သွားသည်။ ပြီးတော့မှ ကျွန်တော့်ကို ပြန်ပြောလိုက်သော စကားကြောင့် ကျွန်တော့်မှာ ဘတ်စ်ကားပေါ်မှ ဆင်းပြေးခဲ့ရလေတော့သတည်း။

အန်တီမမတို့၏ ပြောစကားမှာကား...

“နင်ပြောတာကို လက်ခံပါတယ်... ဒါပေမဲ့ ငါတို့ အသက်က အခုမှ လေးဆယ်ကျော်ပဲ ရှိသေးတယ်...နင့်မျက်ခွက်ကြီးနဲ့ အန်တီလို့ခေါ်တာ ငါတို့ကို ခပ်စိမ်းစိမ်း ခေါ်တာပဲ...မသကာ အစ်မလို့ ခေါ်ချင်ခေါ်ပါ့... ဒီခေတ်ကြီးမှာ အခေါ်အဝေါ်မတတ်ရင် တရားစွဲခံရနိုင်တယ် ဆိုတာ နင်မသိတာလား...ဟမ်” ဟူသတတ်။ 

H1N1 ဘေး ကင်းဝေးကြစေတမုံ့။ 

ဗြိတိသျှကိုကိုမောင်